သတင်း

တနိုင်း တိုက်ပွဲများကြား အရပ်သားတချို့သေဆုံးပြီး လူ ၃၀၀၀ ကျော် ပိတ်မိနေ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွားများကြောင့် ဒေသခံ အရပ်သားတချို့ သေဆုံးပြီး တရားမဝင် ရွှေ/ပယင်းမှော်များ အတွင်း အလုပ်လုပ်ကိုင်နေသူ ၃၀၀၀ ကျော်မှာလည်း တိုက်ပွဲများကြားတွင် ပိတ်မိလျက် ရှိကြောင်း အာဏာရ NLD ပါတီနှင့် ဒေသတွင်း သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

တနိုင်းမြို့နယ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ အထိတိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာရာ ပြီးခဲ့သည့် ၃ ရက်ခန့်မှ စ၍ တပ်မတော်မှ ဂျက်တိုက်လေယာဉ်များ အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထိုတိုက်ပွဲများသည် ပယင်းမှော် လုပ်ကိုင် နေသူများကို ထိခိုက်သဖြင့် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဒဏ်ရာရရှိသူ ၅ ဦးကိုတနိုင်းဆေးရုံသို့ တင်ပို့ခဲ့ရာ ၎င်းတို့ထဲမှ တဦးမှာဒဏ်ရာပြင်းထန်လွန်းသဖြင့် သေဆုံးသွားခဲ့ကြောင်း တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။

ဦးလင်းလင်းဦးက “၃ ဦးသေတာကို မှော်ထဲမှာပဲ မြုပ်လိုက်တယ် ပြောတယ်။ အလောင်းမမြင်ရဘူး။ ဗုံးကြဲလို့ ဖြစ်တာလားဆိုတာလည်းမမြင်ရဘူး။ အကြားသတင်းပေါ့။ ဒဏ်ရာရတဲ့သူက အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၃ ယောက်ကတော့ တနိုင်းဆေးရုံကို ရောက်လာတယ်။ ဒဏ်ရာပြင်းတဲ့ အမျိုးသား တယောက် သေသွားတယ်။ အဲဒါကတော့ အတည်ပြုလို့ရတယ်” ဟု ပြောသည်။

ယင်းဒေသသည် KIA တပ်မဟာ ၂ ထိန်းချုပ်ဒေသ၊ တပ်ရင်း ၁၄ ၏ လှုပ်ရှားမှုအောက်တွင် ရှိနေပြီး ၎င်းတို့အဖွဲ့သည် သတ်မှတ် နယ်မြေကို ကျော်လွန်၍ လက်နက်ကိုင်ဆောင် သွားလာခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အောင် မလုပ်ရန် အကြောင်းကြားထားသော် လည်း နယ်မြေလုံခြုံရေးနှင့် တရားဥပ ဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက် ရှိသောလုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တို့တွင် တနိုင်းမြို့နယ်၊ ရှဒူဇွပ် ကျေးရွာရှိ နယ်မြေခံနောက် တန်းဌာနချုပ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ လာရောက်တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ၂ ဖက် စစ်ကြောင်းများကြား ပိတ်မိနေသူ ၃၀၀၀ ကျော်ရှိရာ ၎င်းတို့ထဲမှ ကလေး၊ မိန်းမနှင့် သက်ကြီးရွယ်အို ၈၀၀ ခန့် ကိုတပ်မတော်၏ အကူအညီဖြင့် တိုက်ပွဲကြားမှ ထုတ်လာနိုင်သော်လည်း ကျန်ရှိသူများကို တပ်မတော်မှ ထွက်ခွာခွင့် မပေးသေးသဖြင့် နန့်ကွမ်းရွာတွင် ပိတ်မိနေကြောင်း၊ ၎င်းတို့အားလုံးမှာ စားနပ်ရိက္ခာ ပြတ်လပ်၍ အလွန် ဒုက္ခရောက်နေရကြောင်း ပယင်းလုပ်သား ဦးစိန်းရုံက ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီသို့ ပြောသည်။

ဦးစိန်းရုံက “တိုက်ပွဲတွေက ဖြစ်လာတော့မှာ။ ဖြစ်လာရင် ပြည်သူတွေ ထိခိုက်မှာသေချာပဲ။ အသက်အန္တရာယ် ရှိနေပြီ။ အဲဒါကြောင့် ကျနော်တို့ကို ထွက်ခွာခွင့်ပေးဖို့ မျက်ရည်ကျပြီးတောင်းပန်တယ်။ လွှတ်ပေးပါလို့။ ဒါပေမယ့် သွားခွင့်မပေးတော့ အသေခံရမလို ဖြစ်နေတယ်။ တခုခုကူညီနိုင်တာရှိရင် ကူညီပေးကြပါ” ဟု ပြောသည်။
၎င်းတို့ထဲတွင် ရွှေတူး၊ ပယင်းတူးသူများ ပါဝင်ပြီး နာဂ၊ လီဆူး၊ ရခိုင်နှင့် ဗမာတိုင်းရင်းသားများ ပါဝင်ကြောင်းသိရသည်။

ပယင်းမှော်လုပ်သားများက ထိုဒေသမှ ထွက်ခွာနိုင်ရန် ဇန်နဝါရီလ ၂၇ ရက်နေ့က အကူအညီတောင်း လာသဖြင့် ယင်းကိစ္စကိုကချင် ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တင်ပြရာတွင် ဝန်ကြီးချုပ် ကချင်ပြည်နယ် လုံ/နယ် ဝန်ကြီးမှ တဆင့် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေ ထံသို့ ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရသည်။

တနိုင်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦး က “ဝန်ကြီးချုပ်က နောက်တရက်မှာ ဖုန်းပြန်ဆက်လာတယ်။ ဖြတ်သန်းခွင့် မပြုနိုင်ဘူး။ စိစစ်ရမယ်လို့ တိုင်းမှူးကပြောတယ်တဲ့။ အဲဒါ ကြောင့် နယ်မြေရှင်းလင်းရေး လုပ်တာ မပြီးသေးတဲ့ အချိန်အထိ လုံခြုံတဲ့နေရာမှာ နေခိုင်းထားဖို့ပဲ ပြောတယ်” ဟု ပြောသည်။

တိုက်ပွဲများ ပြန်လည် မပြင်းထန်မီ ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးယင်းဒေသမှ ပြန်လည် ထွက်ခွာသွားကြရန် တပ်မတော်က ရဟတ်ယာဉ်ပေါ်မှတဆင့် စာများ ကြဲချခဲ့ကြောင်း၊ နောက်ပိုင်းတွင် ယင်းဒေသရှိ KIA စခန်းများသို့ လက်နက်ကြီးများ၊ လေကြောင်း ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

ယင်းဒေသသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က တည်ငြိမ်အေးချမ်းခဲ့ပြီး ပယင်းလုပ်သား ၅ သိန်းကျော် လုပ်ကိုင် စားသောက်ခဲ့ကြောင်း၊ သို့သော် အစိုးရသစ် လက်ထက်တွင် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းကို နားမလည်နိုင် ဖြစ်နေရကြောင်း ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေး သမားများက ပြောသည်။ ယခု ပယင်းလုပ်သားများကိစ္စကို လွှတ်တော် ကိုယ်စားလှယ်တချို့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ထံသို့ စာဖြင့်တင်ပြထားပြီး ဖြစ်ကြောင်းလည်းသိရသည်။

တိုက်ပွဲများကြောင့် တရားမဝင် ရွှေ/ပယင်းမှော်များ အတွင်း ပိတ်မိနေသည့် ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း) နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသလူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေလျှက်ရှိကြောင်း တနိုင်းဒေသ ဖြစ်စဉ်နှင့်ပတ်သက်၍ ယုံကြည်ရသော သတင်းရင်းများထံမှ စုံစမ်းသိရှိရသည်။

ဆက်စပ် ဖတ်ရှုရန် –
ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၁)
ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၂)

Did you find apk for android? You can find new Free Android Games and apps.
Loading