သတင်း

ဖောက်ထွင်း လုယက် ငွေများဖြင့် ဖိလစ်ပိုင်တွင် IS အဖွဲ့ဝင်သစ် စုဆောင်းနေ

Want create site? Find Free WordPress Themes and plugins.

ဖိလစ်ပိုင်တောင်ပိုင်းရှိ မြို့တမြို့ကို အစ္စလာမ်မစ် စစ်သွေးကြွများက ယမန်နှစ်က စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် ရွှေငွေရတနာ စုစုပေါင်း တန်ဖိုး ဒေါ်လာသန်းပေါင်း ဆယ်ဂဏန်းမျှ လုယက်ခဲ့ပြီး ၎င်းတို့ ခေါင်းဆောင်တဦးက ယင်းရတနာနှင့် ငွေသားများကို ဆက်လက် တိုက်ခိုက်မှုများ ပြုလုပ်ရန် တိုက်ခိုက်ရေးသမား ၂၅၀ လူသစ်စုဆောင်းရာတွင် အသုံးပြုခဲ့သည်။

ပြီးခဲ့သည့် ၅ လ၊ ယမန်နှစ် အောက်တိုဘာက ဖိလစ်ပိုင်စစ်ဘက်မှ ပြင်းထန်သည့် တိုက်ပွဲများနှင့် လေကြောင်းမှ ဗုံးကြဲချမှုများ မပြုမီ မာရဝီမြို့မှ ဟန်မန်အဗ္ဗဒူနာဂျစ် Humam Abdul Najib ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ယင်း စစ်သွေးကြွများ၏ မျှော်လင့်ချက်မှာ အရှေ့တောင်အာရှတွင် အစ္စလမ်မစ်နိုင်ငံတော် ဟူ၍ အခိုင်အမာ တပ်စွဲထားနိုင်ရေး ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောသည်။

ထိုစဉ်ကာလ နောက်ပိုင်းတွင် အဘူဒါ Abu Dar ဟု လူသိများသည့် နာဂျစ်သည် မာရဝီမြို့ရှိ နေအိမ်များ၊ ဆိုင်များ၊ ဘဏ်တိုက်များကို လုယက်ပြီး ရရှိလာသော ဥစ္စာပစ္စည်းများကို ဖိလစ်ပိုင်တောင်ပိုင်းရှိ ဆင်းရဲနွမ်းပါးသော လာနာအိုဒဲဆာ ပြည်နယ်မှ လူငယ်လူရွယ်များကို စည်းရုံးရန် အတွက် သုံးခဲ့ကြောင်း ယင်းနယ်မြေရှိ ဖိလစ်ပိုင်တပ်အရာရှိများက ပြောသည်။ ငွေကြေးရမည် ဟူသော ကတိစကားကြောင့် ဖြားယောင်းစည်းရုံးခံရသည့် အမာခံကြေးစားများမှာ ၎င်းတို့နောက်သို့ ပူးပေါင်းလိုက်ပါသွားခဲ့ကြသည်။

မာရဝီမြို့သိမ်းတိုက်ပွဲ အတွင်း စစ်သွေးကြွပေါင်းရာနှင့် ချီ၍ သေဆုံးခဲ့သော်လည်း ငွေကြေးဖြင့် မက်လုံးပေးမှု၏ ရလဒ်တခု အနေဖြင့် IS နောက်လိုက်များမှာ အရှေ့တောင်အာရှတွင် ဆက်လက် ခြိမ်းခြောက်ရန် ကျန်ရှိနေဆဲ ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်အရာရှိများက ဆိုသည်။

“သူတို့တတွေဟာ အရှေ့တောင်အာရှမှာ ခလီဖာ (အစ္စလာမ်ဘာသာရေးအခြေစိုက်) နယ်မြေတခု ဖန်တီးဖို့ လက်မလျှော့ကြသေးဘူး ဆိုတာ ကျိန်းသေပါတယ်” ဟု မာရဝီတပ်ပေါင်းစု ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ရိုမီယိုဘရန်နာ (Romeo Brawner) က ပြောသည်။

“ဒါကတော့ သူတို့ရဲ့ အလုံးစုံ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့ဟာ လက်နက်တွေရော တိုက်ခိုက်သမားတွေပါ ပြန်စုစည်း တည်ဆောက်နေပါတယ်။ ကျနော် ခန့်မှန်းထားသလောက်တော့ သူတို့ ဆက်ပြီး တိုက်ခိုက်လာနိုင်တဲ့ အနေအထား တွေ့ထားတယ်”

မာရာဝီ၏ အပျက်အဆီး ဆုံးရှုံးမှုများကို စစ်တမ်းကောက်နေစဉ်/Reuters

မာရဝီမြို့သိမ်းတိုက်ပွဲ အပြီး ပထမဆုံးအကြိမ် သွေးထွက်သံယိုမှု အဖြစ် ဇန်နဝါရီ ၂၁ ရက် နေ့က လာနာအိုဒဲဆာဒေသတွင် တိုက်ခိုက်မှု ၂ ခုဖြစ်ပွားခဲ့ရာ စစ်သွေးကြွများ ဘက်မှ တပ်သား ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘရန်နာက ပြောသည်။

ပြီးခဲ့သည့် မေလက မာရဝီမြို့သိမ်းတိုက်ပွဲ အစောပိုင်းရက်များ အတွင်း အနက်ရောင် မျက်နှာဖုံးစွပ်ထားသူများက ခရစ်ယာန် ဘုရားခိုးကျောင်းများ မီးရှို့ခြင်း၊ အကျဉ်းသားများ ပြန်လွှတ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပစ်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး အခြား စစ်သွေးကြွများက ဘဏ်တိုက်များနှင့် သူဌေးသူကြွယ်အိမ်များ ဖောက်ထွင်းခြင်း၊ လုယက်ထားသော ပစ္စည်းများ အတွက် ဓားစာခံများကို ဝိုင်းကူကြရန် ခိုင်းစေခြင်းများ ရှိခဲ့သည်။

“အဲဒါတွေက ပထမ ရက်သတ္တပတ်မှာ ဖြစ်ခဲ့တာပါ။ သူတို့က ကျနော်တို့ကို ၇ ယောက် ၁ ဖွဲ့ ဖွဲ့ပြီး လူခွဲထားပါတယ်” ဟု စစ်သွေးကြွများ၏ ဖမ်းဆီးခံရသူ ခရစ်ယာန်ဘာသာဝင် ဆောက်လုပ်ရေးလုပ်သား ဂျေအာရ်မွန်တီယာက ပြောသည်။

စစ်သွေးကြွများသည် မာရဝီမြို့ရှိ အထင်ကရ ဘဏ်သုံးခုဖြစ်သည့် လန်းဘဏ်၊ ဖိလစ်ပိုင်အမျိုးသားဘဏ်နှင့် အယ်လ်အာနက် အစ္စလာမ်မစ်ဘဏ်တို့၏ အလုံပိတ် ငွေတိုက်ခန်းများကို ဖောက်ခွဲပြီး ဖွင့်ခဲ့ကြကြောင်း မွန်တီယာက မာရဝီ အနီးရှိ မြို့တမြို့တွင် ရိုက်တာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထိုစဉ်ကာလက လုံခြုံရေး အတားအဆီးများ အပြည့်အ၀ မရှိသဖြင့် ၎င်းတို့သည် တိုက်ရာပါပစ္စည်းများကို မာရဝီမှ လွယ်လင့်တကူ ထုတ်သွားခဲ့သည်။

လက်ဝတ်ရတနာ ဆိုင်များ၊ အပေါင်ဆိုင်များနှင့် အခြားစီးပွားရေး လုပ်ငန်းများ ကိုလည်း ၎င်းတို့ လုယက်စီးနင်းခဲ့ကြသည်။

လုယက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လန်းဘဏ်နှင့် အယ်လ်အာနက် အစ္စလာမ်မစ်ဘဏ်တို့က သဘောထားမှတ်ချက် ပေးရန် တောင်းဆိုသော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။ ဖိလစ်ပိုင်အမျိုးသားဘဏ် ကတော့ မာရဝီတိုက်ခိုက်ရမှုနှင့် ဆက်စပ်နေပြီး ဆုံးရှုံးခဲ့မှုကို ပြန်လည် ဖြည့်ဆည်းထားသည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ခြင်း မရှိပေ။

ရာမ်မဒန် ဥပုသ်လနှင့် တိုက်ဆိုင်နေသည့်အချိန်ကို ရွေး၍ စစ်သွေးကြွများက ဘဏ်များ၊ စီးပွားရေး လုပ်ငန်းများနှင့် အိမ်များကို စီးနင်း လုယက်ခဲ့ခြင်းမှာ လူအများစုက ထိုကာလတွင် တခြားအချိန်ထက် ငွေကြေး ပိုမို စုဆောင်ခြင်းကြောင့် ဖြစ်သည် ဟု မာရဝီမြို့ ရဲချုပ် အယ်ဘရာမွိုက်ဆာက ပြောသည်။ မာရဝီမြို့ဝန်းကျင်ရှိ ဖိလစ်ပိုင် တိုင်းရင်းသားများ စုဝေးနေထိုင်ရာ မာရာနော့ ဒေသတွင် အများစုမှာ မွတ်ဆလင်များ ဖြစ်ကြသည်။

“တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာထဲမှာ ပိုက်ဆံတွေ အများကြီးပဲဗျ။ မာရာနာအိုသား တွေ ဆီမှာ ပီဆိုငွေကြေး သန်းနဲ့ချီပြီး သူတို့ အိမ်တွေထဲက ငွေတိုက်တွေထဲမှာ အလုံပိတ်ထားကြတာ။ ရွှေလည်း အလားတူပေါ့။ အဲဒါက ရာမ်မဒန်ဥပုသ်လမှာ လက်ဆောင်ပေးဖို့ ပိုက်ဆံစုထားလေ့ရှိတဲ့ မာရာနော့ ဒေသခံတွေရဲ့ ထုံးစံပါ”

တိုက်ရာပါ တန်ဖိုးကြီး ပစ္စည်းများ၊ ငွေသားများ၊ ရွှေထည်များကို ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်ဖြင့် အချိန်တိုအတွင်း ယာဉ်အစီးတိုင်း အပြည့်အလျှံ သယ်ဆောင်ခဲ့ကြောင်း မွန်တီယာက ပြောသည်။

“သူတို့ကတော့ အလ္လာဆီက လက်ဆောင်လို့ ပြောကြပါတယ်။ သူတို့ စီးနင်း လုယက်နေတုန်းမှာ “အလ္လာ အက္ကဘာ” (ဘုရားသခင်သည်သာ အမြင့်မြတ်ဆုံး) လို့ အော်နေကျ ဖြစ်ပါတယ်”

ပျက်ဆီးသွားသော မာရာဝီ၏ မဟာဗလီကြီး/Reuters

အန္တရာယ်ကြီးလှသော လူပြန်စုခြင်း

စစ်တပ်နှင့် ရဲမှာလည်း လူ့အခွင့်အရေးအဖွဲ့များနှင့် တိုက်ပွဲကာလ မာရဝီမှ လုယက်ခံရသူများ၏ စွဲချက်တင်ခြင်း ခံရပြီး ဖြစ်သည်။

မိမိတို့ တပ်သားအနည်းငယ်လောက်သာ လုယက်မှုများ၊ စည်းကမ်းချိုးဖောက်မှုများ ရှိခဲ့သော်လည်း တကယ့် လက်တွေ့မှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှု မရှိကြောင်း ဘရန်နာက ပြောသည်။

သို့သော်လည်း မာရဝီမြို့လယ်ကောင်ရှိ အထင်ကရ ဘဏ်များ၊ ဈေးကြီးများနှင့် အိမ်ကြီး အိမ်ကောင်းများမှာ စစ်သွေးကြွများ လက်ထဲတွင် လနှင့်ချီ၍ ရှိခဲ့သည်။

စစ်သွေးကြွများ လုယက်သွားသည့် ပမာဏ မည်မျှရှိသည်ကို အာဏာပိုင်များ အနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဘရန်နာက ပြောသည်။

“အဲဒါက ကျနော်တို့ ပြောရ ခက်ပါတယ်။ ပီဆိုငွေကြေး ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၄ သန်း) ဝန်းကျင်လောက် ရှိမယ်လို့ ကြားပါတယ်။ ဒါပေမယ့် ဒါကလည်း ခန့်မှန်းချက်ပါ”

“အဓိက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဧရိယာမှာ ကျနော်တို့ လုံခြုံရေးတပ်တွေ ပြန်ချထားနိုင်တဲ့ အချိန် ပထမပိုင်းရက်တွေ အထိ သူတို့တွေ တိုက်ရာပါလုရာပါ ပစ္စည်းတွေ သယ်နေတုန်းပါပဲ”

အစ္စလာမ်မစ်နှင့် ကွန်မြူနစ်များ ဆယ်စုနှစ်နှင့် ချီ၍ ထကြွနေကျဖြစ်သည့် ဖိလစ်ပိုင်တောင်ပိုင်းဒေသ မာဒါနိုတွင် စစ်သွေးကြွများ ပြန်လည် စုစည်းမိခြင်းသည် အန္တရာယ်ကြီးမားလှကြောင်းလည်း ဖိလစ်ပိုင်အစိုးရက ဆိုထားသည်။

“ဒီအုပ်စုတွေ ပြန်စုစည်းမိ နေတာဟာ နောက်ထပ် မာရဝီလို စစ်ဆင်ရေးလို စစ်ဆင်ရေးတွေ ထပ်လုပ်ဖို့ အမြဲတမ်း အန္တရာယ်ရှိနေပါတယ်” ဟု သမ္မတရုံးပြောခွင့်ရသူ ဟယ်ရီရိုကူးက ရိုက်တာသို့ပြောသည်။

စစ်သွေးကြွခေါင်းဆောင် နာဂျစ်သည် အစောပိုင်းတိုက်ပွဲများ အတွင်း မာရဝီမြို့မှ လွတ်မြောက်သွားသည် ဟု ယုံကြည်ရသည်။ ၎င်းသည် အခြားခေါင်းဆောင်တဦးဦးနှင့် အငြင်းပွားမှု ဖြစ်ခြင်း (သို့မဟုတ်) ကြိုတင်စီမံချက် အတိုင်း ထွက်သွားခြင်း ဖြစ်နိုင်သည်ဟု သတင်းများ အမျိုးမျိုးထွက်ပေါ်နေသည်။

ယမန်နှစ် သြဂုတ်လတွင် စစ်သွေးကြွအင်အား ၅၀ မှ ၁၀၀ ထက် မနည်း ထပ်မံ အင်အားဖြည့်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ၎င်းသည် စစ်မြေပြင်မှ ပျောက်ဆုံးသွားခဲ့သော်လည်း တိုးမြှင့်လိုက်သည့် လုံခြုံရေးစည်း အတွင်း အကာအကွယ် ရှိနေခဲ့ကြောင်း ဘရန်နာက ဆက်လက် ပြောကြားသည်။

“သတင်းတွေ အရတော့ သူတို့တတွေ နောက်ထပ် တပ်သားသစ် ၁၀၀ ကနေ ၅၀ ထပ်စုနိုင်တယ်လို့ သိရတယ်။ ဒါကြောင့် စုစုပေါင်း ၂၅၀ လောက် ဖြစ်သွားလိမ့်မယ်။ အဲဒီထဲမှာ ကလေးတွေလည်း ပါတယ်။ မိဘမဲ့ကလေးတွေ၊ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အကြမ်းဖက်သမားတွေရဲ့ ဆွေမျိုးတွေနဲ့ သူတို့ကို ကရုဏာသက်သူတွေကိုပါ တပ်သားသစ်စုဖို့ ကြိုးစားနေကြပါတယ်” ဟု ဘရန်နာက ဆိုသည်။

ကလေးမိဘများကို တလလျှင် လစာ ၇ သောင်းပီဆို (အမေရိကန် ဒေါ်လာ ၁၃၈၀) အပြင် ထပ်ဆောင်းငွေ ထောက်ပံ့ပေးကြောင်း၊ အကြမ်းဖက် အဖွဲ့သို့ သားဖြစ်သူများကို လွှဲပြောင်း အပ်နှံလျှင် ပီဆိုငွေ ၃၀၀၀၀ ပေးကြောင်း လုံခြုံရေး သတင်းရင်းမြစ်များနှင့် တပ်သားသစ် စုဆောင်းခံရသည့် အသိုင်းအဝိုင်း ခေါင်းဆောင်များ၏ အဆိုအရ သိရသည်။

၂၀၁၅ ခုနှစ် အစိုးရစစ်တမ်း အရ ဖိလစ်ပိုင်နိုင်ငံရှိ မိသားစုအလိုက် ပျမ်းမျှဝင်ငွေမှာ ၂၂၀၀၀ ပီဆိုသာ ဖြစ်သည်။ ယင်း ပမာဏသည် မာရဝီမြို့ဝန်းကျင်ရှိ မွတ်ဆလင် လွှမ်းမိုးဒေသဖြစ်သော မင်ဒါနိုဒေသ ဝင်ငွေ၏ တဝက်ခန့် ဖြစ်သည်။

စစ်သွေးကြွ အုပ်စုက တိုက်ပွဲကျ တပ်သားမိသားစု အတွက် ထောက်ပံ့ကြေး ပီဆို ၁၀၀၀၀ (ဒေါ်လာ ၂၀၀) ပေးသည်ဟု ဒေသခံများက ဖိလစ်ပိုင်စစ်တပ်သို့ ပြောကြောင်း ဘရန်နာက ဆိုသည်။

ပိုမို အတွေ့အကြုံရှိသည့် တိုက်ခိုက်ရေး သမားများဖြင့် စစ်သွေးကြွများ အင်အားဖြည့်တင်းပြီး ဖြစ်ကြောင်း မနီလာ အခြေစိုက် လုံခြုံရေးရာ ကျွမ်းကျင်သူ ရွမ်းမဲဘန်လွိုင်းက ပြောပြသည်။ ယင်းသို့ အားဖြည့်နိုင်ခြင်းမှာ ကြေးစားများကို ငွေ အမြောက်အမြား မက်လုံးပေး စည်းရုံးနိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ဖိလစ်ပိုင်စစ်တပ်က မာရဝီမြို့တဝိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သော်လည်း နာဂျစ်တယောက် ဖောက်ထွက်သွားနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

“ဒီလို ဇာတ်ကြောင်းပြန်တာမျိုး IS တွေက လူတွေကို စည်းရုံးတဲ့ နေရာမှာ တလျှောက်လုံး ဆက်တိုက် သုံးနေကျပါပဲ” ဟု ဘန်လွိုင်းက ရှင်းပြသည်။

နောက်ထပ် အစ္စလာမ်မစ်တိုင်းပြည်လား

တိုက်ရာပါ ဘဏ္ဍာငွေများ၊ သစ္စာခံ နောက်လိုက်များနှင့် အတူ နာဂျစ်သည် မာရဝီတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အစ္စနီလွန်ဟာပီလွန်၏ ဦးတည်ချက်အတိုင်း အရှေ့တောင်အာရှ အတွင်း အစ္စလာမ်မစ် တိုင်းပြည် အသစ် ထူထောင်လာနိုင်ကြောင်း လုံခြုံရေး သုံးသပ်သူများက ဆိုသည်။

နာဂျစ်သည် အရှေ့အလယ်ပိုင်းတွင် ဘာသာရေးနှင့် အမာခံတိုက်ခိုက်ရေး လေ့လာခဲ့သူဖြစ်ပြီး အာဖဂန်နစ္စတန်တွင် စစ်သွေးကြွများနှင့် အတူ သင်တန်းတက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

သူသည် ၂၀၁၂ ခုနှစ် ဝန်းကျင်က စတင် တည်ထောင်ခဲ့သည့် သောင်းကျန်းသူအုပ်စုတစုဖြစ်သော “ခလီဖာ အစ္စလမ္မီယာ မင်ဒါနို” ကို ပူးတွဲတည်ထောင်သူ တဦးဖြစ်သည်။ ယင်းအဖွဲ့က မင်ဒါနိုတွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။

“သူဟာ အလွန့်အလွန်ကို အရေးကြီးတဲ့သူ တယောက်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အစကတည်းက ဒီနေရာကို ရောက်ဖူးတဲ့သူ ဖြစ်နေလို့ပဲ” ဟု ဘန်လွိုင်းက ပြောသည်။

နာဂျစ်သည် အယ်လ်ကိုင်းဒါး အကြမ်းဖက်အုပ်စုနှင့် ချိတ်ဆက်ရှိသူ ဖြစ်ပြီး သူ့ကို “ဖိလစ်ပိုင်၏ အယ်လ်ဇာကာဝီ” ဟု နာမည်ဝှက် ပေးထားပြီး အီရတ်ရှိ အယ်လ်ကိုင်ဒါး (AQI) သေမင်းတမန် ခေါင်းဆောင် အဘူမာဆတ် အယ်လ်ဇာကာဝီကို ကိုးကားလျက် ပေးထားသည့် နာမည် ဖြစ်သည်။ AQI သည် အစ္စလာမစ် နိုင်ငံတော်ဟု အသွင်ကူးပြောင်းခဲ့ပြီး နာဂျစ်က ၂၀၁၄ ခုနှစ်တွင် သစ္စာခံလာခဲ့ခြင်း ဖြစ်သည်။

မာရဝီတိုက်ပွဲအတွင်း သေဆုံးခဲ့သည်ဟု ယုံကြည်ရသည့် မလေးရှားစစ်သွေးကြွ မာမက်အာမက်နှင့် နာဂျစ်သည် နီးကပ်စွာ လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း ဘန်လွိုင်း၏ အဆိုအရ သိရသည်။ မာမက်အာမက်သည် ဆီးရီးယားနှင့် အီရတ်ရှိ IS ဦးဆောင်မှုနှင့် ဖိလစ်ပိုင် တိုက်ခိုက်ရေးသမားများ ချိတ်ဆက်မှုတွင် အဓိက ကြားခံဖြစ်သည်။

နာဂျစ်ဦးဆောင်သည့် IS အကြွင်းအကျန်များဖြင့် တပ်သားသစ် စုဆောင်းနေမှုမှာ အင်အားကောင်းပြီး စနစ်တကျပင် ဖြစ်ကြောင်း ဘန်လွိုင်းက ပြောသည်။

“တကယ်လို့ ခင်ဗျားလည်း ငွေရေးကြေးရေး တောင့်တင်းမယ် ဆိုရင် ဘာမဆိုလုပ်နိုင်တယ် ဆိုတဲ့ သဘောပဲပေါ့ဗျာ”

( ရိုက်တာသတင်းထောက် Tom Allard ၏ Looted Cash, Gold Help Islamic State Recruit in Philippines ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading