ဆန္ဒပြကျောင်းသားများကို ၎င်းတို့သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ကျောင်းထုတ်လိုက်ခြင်းအတွက် ပညာရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်(MTF) က ပြစ်တင်ရှုတ်ချလိုက်ပြီး ယင်းကိစ္စပြန်လည်စဉ်းစားရန် တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၃၀ ရက် မနက်ပိုင်းတွင်လည်း စစ်ကိုင်းရှိ ပညာရေးတက္ကသိုလ်တွင် ကျောင်းထုတ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသားအချို့ ကျောင်းဝင်းအတွင်း စီတန်းလှည့်လည် ဆန္ဒပြကြသည်။
တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သော MTF ၏ကြေညာချက်တွင် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးအား သင်တန်းမှ ရပ်စဲခြင်းဟုဆိုတာ သက်ဆိုင်ရာကျောင်းများမှ ထုတ်ပယ်ခဲ့ကြောင်း၊ နောက်ဆက်တွဲစာရင်းများဖြင့် သင်တန်းရပ်စဲထုတ်ပယ်မည့် ကျောင်းသား၊ ကျောင်းသူများလည်း ဆက်လက်ကျန်ရှိနေကြောင်း ဖော်ပြထားသည်။
“ပညာရေးအသုံးစရိတ် တိုးဖို့ ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်ပစ်တာဟာ နောင်အနာဂတ်မှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ချင်တဲ့အပေါ် ခြောက်လှန့်လိုက်သလိုဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။
“တက္ကသိုလ်တိုင်းမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကျောင်းသားတွေကို သတိပေးချက်ထုတ်ပြန်နိုင်ပါတယ်။ အခုလို ကျောင်းထုတ်တာကို ကျနော်တို့ ရှုတ်ချပါတယ်။ ပညာရေးဝန်ကြီးဌာနကို ပြန်စဉ်းစားပေးဖို့လည်း တိုက်တွန်းပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
မန္တလေးတွင် ဖြစ်စ်ပွားခဲ့သောဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထောက်များက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို မေးခဲ့ရာ ၎င်းက ဆန္ဒပြကျောင်းသားများကို ဥပဒေနှင့်အညီ ကိုင်တွယ် အရေးယူခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် အာဏာပိုင်များ၏ အရေးယူမှုသည် ဒီမိုကရေစီလမ်းကြောင်းများနှင့် ဆန့်ကျင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က ပြောကြားသည်။
“ အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးမယူသင့်ပါဘူး။ ကျောင်းသားတွေကို ချက်ချင်းကျောင်းထုတ်ပစ်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေပါတယ်” ဟု ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။
ယင်းအခြေအနေကို ဖြေလျော့ပေးရန် ဝန်ကြီးဌာနနှင့် ညှိနှိုင်းဖြေရှင်းနိုင်ရေး မိမိတို့ စူးစိုက်လုပ်ဆောင်နေကြောင်း MTF က ဆိုသည်။
ကျောင်းထုတ်ခံရသသည့် ကျောင်းသားများ၏အဆိုအရ ၎င်းတို့တက္ကသိုလ်အသီးအသီးမှ အထုတ်ခံရသောကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ တနင်္လာနေ့တွင် ဦးရေ ၄၀ အထိ ရှိလာကြောင်း သိရသည်။
“ထိန်းသိမ်းခံ ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးစလုံးကို ကျောင်းထုတ်လိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်” ဟု ရတနာပုံတက္ကသိုလ်မှ ဥပဒေကျောင်းသား ကိုရဲမျိုးဆွေက ပြောသည်။
ပညာ ဆက်လက်သင်ကြားခွင့်ရရန် အသနားခံစာ တင်ရလိမ့်မည်ဖြစ်ကြောင်း တက္ကသိုလ် အာဏာပိုင်များဘက်က တောင်းဆိုထားပြီး ကျောင်းသားများဘက်က ပယ်ချထားသည်။
“ကျောင်းထုတ်တဲ့ကိစ္စ မပယ်ဖျက်မချင်း ကျနော်တို့ ကျောင်းပြန်တက်မှာမဟုတ်ပါဘူး။ ကျနော်တို့ကျောင်းထုတ်ခံရတဲ့ကိစ္စကို အသနားခံမှာ မဟုတ်ပါဘူး” ဟု ကျောင်းသားများက ပြောသည်။
ပညာရေးဘတ်ဂျက် တိုးမြှင့်ပေးနှင့် အခြားတောင်းဆိုချက်များဖြစ်သည့် ကျောင်းသားများ သက်သာချောင်ချိရေးတို့အတွက် ဆက်လက်တောင်းဆိုမှုများ ပြုသွားမည်ဟု ၎င်းတို့က ဖြည့်စွက်ပြောသည်။
“ကျနော်တို့ လျှောက်တဲ့ လမ်းကြောင်းပေါ်မှာ အပြစ်ပေးခံရတာ ကိစ္စမရှိပါဘူး။ ကျနော်တို့ လုပ်ရမယ့်ကိစ္စ ဆက်လုပ်သွားမှာပါ။ တကယ်လို့ ကျနော် အဖမ်းခံရလည်း နောက်တယောက်က ဆက်လုပ်သွားမှာပါ” ဟု ကိုရဲမျိုးဆွေက ပြောသည်။
လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ မုံရွာ၊ ကျောက်ဆည်၊ မိုးညှင်းနှင့် ပုသိမ်တို့မှ ကျောင်းသား၊ ကျောင်းသူများသည် မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်တွင် သပိတ်စခန်းဖွင့်ပြီး ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ဇန်နဝါရီလ ၂၂ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကျောင်းသူ ၁၃ ဦးအပါအဝင် ဆန္ဒထုတ်ဖော်သူ ၇၂ ဦးကို ဇန်နဝါရီလ ၂၅ ရက်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် နေအိမ်များသို့ ပြန်ပို့ခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားသမဂ္ဂက တနင်္လာနေ့တွင် သတင်းစာရှင်းလင်းပွဲကျင်းပပြီး အထုတ်ပယ်ခံရသောကျောင်းသားများ ကျောင်းပြန်တက်ခွင့်မရလျှင် ဆန္ဒပြချီတက်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။