သတင်း

၂၀၁၇ အတွင်း လူကုန်ကူးခံရမှု တရုတ်မယားအဖြစ် ရောင်းချခံရမှု အများဆုံးဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသော အချက်အလက်များ အရ ၂၀၁၇ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး တရုတ်အမျိုးသားများနှင့် အတင်းအဓမ္မလက်ထပ်ခိုင်းစေသည့် အမှုများက အများဆုံး ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (နေပြည် တော်) မှ ဒုတိယရဲမှူးကြီး သက်နောင် က “မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံသား တွေနဲ့ လက်ထပ်စေဖို့ လူကုန်ကူးခံရတာ အများဆုံးပဲ။ တရုတ်နိုင်ငံကို လူကုန်ကူးခံရတာက ၇၂ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု ပြောသည်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှု ၂၂၅ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၃၆၀ ဦးရှိကြောင်း၊ လူကုန်ကူး ခံရသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄၄ ဦးပါဝင်ခဲ့သည်။ ယင်းအနက် တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ် ပေါင်းသင်းရန်အတွက် ၁၅၃ မှုအထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (နေပြည်တော်)၏ စာရင်းများအရသိရသည်။

လူကုန်ကူးခံရသည့် အမျိုးသမီးများမှာအသက် ၁၈ နှစ် မှ ၃၀ အကြား အမျိုးသမီး အများဆုံး ဖြစ်ပြီး လုပ်ခလစာငွေ ကောင်းကောင်းဖြင့် အလုပ် အကိုင်ကောင်း ရရှိမည်ဟု မက်လုံးပေး ခေါ်ဆောင်ခံရခြင်း၊ ချစ်သူသမီးရည်းစားအဖြစ် စည်းရုံးခြင်းမျိုးဖြင့် တရုတ်နိုင်ငံအတွင်းသို့ ခေါ်ဆောင်သွားကာ တရုတ်အမျိုးသားများနှင့် အဓမ္မ လက်ထပ်စေခြင်းများ အပြင် ပြည့်တန်ဆာအိမ်များသို့ ပို့၍ ရောင်းစားခံရခြင်းမျိုး အထိ ရှိကြောင်း၊ အမျိုးသားများကိုလည်း ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ရောင်းစားခံရခြင်းများဟု သိရသည်။

၂၀၁၇ ခုနှစ် လူကုန်ကူးခံခဲ့ရသူများ အနက် အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၂၂၉ ဦးကိုကယ်တင်နိုင်ခဲ့ပြီး အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၅၄ ဦးကို ကယ်တင်နိုင်ခြင်း မရှိသေးပေ။ လူကုန်ကူးခံရမှုများ ဖြစ်ပွားရာတွင် တဖက်နိုင်ငံများသို့ ရောက်ရှိသွားလျှင် ပြန်လည် ကယ်တင်နိုင်ရန် အတွက် အခက်အခဲများစွာ ရှိနေသေးသည်ဟု ဒုတိယရဲမှူးကြီး သက်နောင်က ပြောသည်။

၂၀၁၆ ခုနှစ်တွင်တနိုင်ငံလုံး အတိုင်းအတာဖြင့် လူကုန်ကူးမှု ၃၀၅ မှုဖြစ်ပွားခဲ့ပြီး ၂၅၄ဦးအား ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းထဲမှ ၈၈ မှုမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းဖြစ်သည်။ လူကုန်ကူးခံရသည့် အမှု အမျိုးအစားများတွင် အဓမ္မလက်ထပ်ခြင်း အမှုသည် ၂၀၁၄၊ ၂၀၁၅ ခုနှစ်များတွင်လည်း အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မန္တလေး) မှ ဒုတိယရဲမှူး မျိုးဇင်က “အမျိုးသမီးတွေ လူကုန်ကူးခံရမှုက အများဆုံးပါပဲ။ အမျိုးသမီးလူကုန် ကူးခံရမှုတွေကို ကြည့်မယ်ဆိုရင် တော်တော်များများက ကျေးလက်ဒေသ နေသူတွေများတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ အတူ အသိပညာ နည်းပါးကြတော့ အယုံလွယ်ပြီး လူကုန်ကူးခံကြရတယ်။ တချို့ဆိုရင် သူတို့ကိုယ်သူတို့ လူကုန်ကူး ခံရမှန်းတောင် မသိကြဘူး” ဟု ပြောသည်။

၂၀၁၇ ခုနှစ် အတွင်း လူကုန်ကူးခံရမှုများတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု ၇၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရမှု ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်း လူကုန်ကူးခံရမှု ၂၂ ရာခိုင်နှုန်းရှိခဲ့သည်။

“လူကုန်ကူးတဲ့ နည်းလမ်းတွေက လည်းစုံတယ်။ ဥပမာတခု ပြောရမယ်ဆိုရင် မိန်းမပျိုလေးတွေကို ချဉ်းကပ်ပြီး ချစ်သူသမီးရည်းစား ဖြစ်လို့ လက်ထပ်ယူတယ်။ ပြီးမှ လိမ်လည်လှည့်ဖျားပြီး ရောင်းစားခံရတဲ့ အဖြစ်မျိုးတောင်ရှိတယ်။ လူကုန်ကူးမှုတွေမှာ တရုတ်မယား အဖြစ် ရောင်းစားခံရတာတွေ များတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ အဆက်အစပ်ရှိနေတဲ့ သွားလာ နေထိုင်နေသူတွေကို သတိထားသင့်တယ်” ဟု ဒုတိယရဲမှူး မျိုးဇင်က ဆက်လက်ပြောသည်။

ထို့အပြင် နိုင်ငံတွင်း လူကုန်ကူးမှုများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၆၀ မှုအဖြစ် အများဆုံးဖြစ်ပွားခဲ့ပြီး ဒုတိယ အများဆုံးအဖြစ် ရှမ်းပြည်နယ် အတွင်း ၅၁ မှု၊ ကချင်ပြည်နယ်တွင် တတိယ အများဆုံး ဖြစ်ပွားခဲ့ပြီး လူကုန်ကူးမှု ဖြစ်ပွားခဲ့ခြင်း မရှိသည့် နေရာမှာ ချင်းပြည်နယ်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း၌လည်း ၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၁၄ မှုရှိခဲ့ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၉ ဦး လူကုန်ကူး ခံခဲ့ရသည်။ လူကုန်ကူးမှုများကို ၂၀၁၆ ခုနှစ်၌ ၁၃ မှု၊ ၂၀၁၇ ခုနှစ်၌ ၁၄ မှု ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် လူကုန်ကူး ခံရသူများသည် ပြည်ကြီးတံခွန်၊ မြင်းခြံ၊ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မိတ္ထီလာ၊ မဟာအောင်မြေ၊ နွားထိုးကြီး၊ မလှိုင်၊ သပိတ်ကျင်းစသည့်မြို့နယ်များ၌ နေထိုင်ကြသူများဟု သိရသည်။

ယူနီဆက် မြန်မာ (Unicef Myanmar) မန္တလေးရုံးခွဲမှ တာဝန်ရှိသူ တဦးက “လူကုန်ကူးမှုတွေကို ကြည့်ရင် အဓိက အားနည်းချက်ကတော့ စီးပွားရေးမပြေလည်မှုပေါ့၊ နောက်ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာနဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကြောင့်လည်း ဖြစ်ရတယ်။ နောက်တစ်ခုက ပြည်တွင်းစစ်ကြောင့်လည်း လူကုန်ကူးမှုတွေ ဖြစ်တယ်။ စစ်ပွဲတွေဖြစ်တာကြောင့် နေရပ်စွန့်ခွာပြေးရသူတွေဟာ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ် ပါဝင်လာတယ်။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာလည်း လူကုန်ကူးမှုတွေ အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံရမှုများသည် မန္တလေး-မူဆယ် လမ်းကြောင်းကို အဓိကအသုံးပြုကာ မန္တလေး-ဗန်းမော်၊ မန္တလေး-လွယ်ဂျယ် လမ်းကြောင်းကိုလည်း အသုံးပြုသူများ ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးမှုများကို မန္တလေး-ပဲခူး-သထုံ-ဘားအံ-မြဝတီလမ်းကြောင်းနှင့် မန္တလေး၊-ရန်ကုန်-ကော့သောင်း လမ်းကြောင်း၊ မန္တလေး-တောင်ကြီး-တာချီလိတ် လမ်းကြောင်းများကို အသုံးပြုကြပြီး အိန္ဒိယ နိုင်ငံသို့ မန္တလေး-မုံရွာ-ကလေးဝ-တမူးလမ်းကြောင်းတို့မှ လူကုန်ကူးမှုများ ကျူးလွန်နေကြသည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ မှတ်တမ်းများ အရသိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ စတင်၍ လူကုန်ကူးခံရမှု အဆင့်သတ်မှတ်ချက်သည် အနီရောင်အဆင့် (အန္တရာယ်ရှိသည့် အဆင့်) မှ အဝါရောင် အဆင့်သို့ လျှော့ချနိုင်ခဲ့ပြီးဖြစ်သလို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် တတိယ ၅ နှစ် စီမံကိန်းကာလ အဖြစ်သတ်မှတ်၍ မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆိုသည့် ကဏ္ဍ ၄ ရပ် ဖြင့် ဆက်လက်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading