ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ဘားအံခရိုင် အုပ်ချုပ်ရေးမှူးကို ဆန္ဒသည့် အဖွဲ့အား ဦးဆောင်သည့် ၈၈ မျိုးဆက် (ကရင်) ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးစောမောင်ကြီး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
လူပုဂ္ဂိုလ် ၃၀ ကျော်က ဘားအံခရိုင် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဆန္ဒပြခဲ့ကြရာ ဘားအံမြို့နယ် ရဲတပ်ဖွဲ့က သတိပေးစည်းမျဉ်း သုံးခုတား၍ ၎င်းအား ဖမ်းဆီးပြီး လူစုခွဲခဲ့ကြောင်း အာမခံနှင့် ပြန်လည် လွတ်မြောက်လာသည့် ဦးစောမောင်ကြီး က ပြောသည်။
စောမောင်ကြီး က “ပထမစည်းမှာ မြို့မစခန်းမှူးက ဒေသန္တရ အမိန့်အရ ခွင့်ပြုချက်မပေးပါဘူး။ မကျော်ဖို့ တားပါတယ်။ ဒုတိယစည်းမှာ မြို့နယ်မှူးကိုယ်တိုင်တားပါတယ်။ ကျနော်တို့ ဆက်ပြီးသွားတယ်။ တတိယစည်းမှာက ရဲအင်အား အပြည့်နဲ့ဆိုတော့ ကျနော်တို့ပါသွားတဲ့သူက နည်းတယ်။ တစ်ခုခုဖြစ်ရင် ရွာသားတွေ ထိခိုက်နစ်နာမယ်ဆိုတော့ ကျနော်တယောက်ပဲ ခေါင်းဆောင်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမူနဲ့ အဖမ်းခံလိုက်တယ်”ဟု ပြောသည်။
ဦးစောမောင်ကို ဘားအံမြိုမရဲစခန်းက ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားပြီးနောက် အာမခံပေးသဖြင့် ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒပြပွဲ၌ ကော့ကဒါကျေးရွာ၊ လျာကမြင်ကျေးရွာ၊ ကျောက်ကလပ်ကျေးရွာနှင့် ကော့ထော်ကျေးရွာတို့မှ ဒေသခံ ၃၅ ဦးဝန်းကျင်က လိုက်ပါခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသူများသည် ပြည်သူ့အသံ နားမထောင်သော ခရိုင်အုပ်ချုပ်ရေးမှူး အလိုမရှိဆိုသည့် ကြွေးကြော်သံ အပြင် အကျင့်ပျက် ဝန်ထမ်းများအား ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး၊ လယ်ယာမြေပြဿနာများ ထိရောက်စွာ ဖြေရှင်းပေးရေး ဒို့အရေး၊ အစိုးရ၏ လယ်ယာမြေမူဝါဒ လမ်းညွှန်အတိုင်း ဖြေရှင်းပေးရေး ဒိုအရေး စသည့် ကြွေးကြော်သံများဖြင့်လည်း ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
လယ်ယာမြေပြဿနာနှင့် ပတ်သက်၍ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးကို လယ်သမားများနှင့် တွေ့ဆုံညှိနှိုင်း အဖြေရှာရန် အတွက် ၄ ကြိမ် တိတိ ချိန်းဆိုခဲ့ကြောင်း သို့သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးက လယ်သမားများနှင့် တိုက်ရိုက် အတွေ့မခံဘဲ အကြိမ်ကြိမ် ရှောင်လွှဲသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲမပြုလုပ်မီဇန်နဝါရီ ၂၆ ရက်နေ့တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးထံ အသိပေး အကြောင်းကြားခဲ့သည်ဟု ဆန္ဒပြသူများဘက်က ဆိုသည်။
သို့သော်လည်း အရကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုရန် စာကျက်၊ စာဖြေ ကြိုတင်ပြင်ဆင်ချိန် ဖြစ်နေသည့် အတွက်ကြောင့် လည်းကောင်း၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် အရေးကြီးပုဂ္ဂိုလ်ခရီးစဉ် လုံခြုံရေး အထူဂရုပြု ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ချိန် ဖြစ်နေသည့် အတွက်ကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကို ခွင့်မပြုနိုင်ကြောင်း ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ အသိပေးစာအရ သိရသည်။
၈၈ မျိုးဆက် (ကရင်) ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေး အသင်းမှ ဗဟိုအလုပ်အမှုဆောင် အထွေထွေ အတွင်းရေးမှူး နန်းမူခမ်း က “ဒီအကြောင်းပြချက်က ခိုင်လုံတယ်လို့ မမြင်ဘူး၊ ကျမတို့က ဆူပူအုံကြွမှုဖြစ်အောင် လုပ်တာလည်း မဟုတ်ဘူး၊ သိမ်းဆည်းခံ လယ်သမားတွေ ခံစားနေရတဲ့ ပြဿနာကို အထက်ကလူကြီးတွေ သိအောင်လို့ ပြည်သူ့အသံကို ကျမတို့ကထုတ်တာပေါ့နော်၊ ဒါနဲ့ပတ်သက်ပြီးတော့မှ မခိုင်လုံဘူးပေါ့” ဟု ဆိုသည်။