သတင်း

တရားစီရင်ရေးစနစ် လွတ်လပ်မှု အခြေအနေ တရားလွှတ်တော်ချုပ် လေ့လာဆန်းစစ်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်၏ လွတ်လပ်မှု အခြေအနေကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် တရားလွှတ်တော် ချုပ် က စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။

တရားသူကြီး တဦးချင်းစီ၏ လွတ်လပ်စွာ ဆုံးဖြတ်နိုင်မှု နှင့် အဖွဲ့အစည်း၏ လွတ်လပ်မှု တို့ကို တိုင်းတာနိုင်ရန် အတွက် သုတေသန ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂) မိတ်ဆက် ရှင်းလင်းပွဲ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ဒုညွှန်ချုပ် ဒေါ်တင်နွယ်စိုးက မီဒီယာများကို အထက်ပါအတိုင်း ပြောဆို ခြင်း ဖြစ်သည်။

တရားစီရင်ရေး၏ လွတ်လပ်မှုကို မြှင့်တင်နိုင်ရေးနှင့် ပတ်သက်ပြီး ယခု စီမံကိန်းတွင် အထူးအလေးထား လုပ်ဆောင်ရ မည့် လုပ်ငန်းတရပ် ဖြစ်ကြောင်းလည်း သိရသည်။

“လက်ရှိ တရား စီရင်ရေးရဲ့ လွတ်လပ်မှု အခြေအနေကို ကျမတို့ သုတေသနပိုင်းအရ လေ့လာဆန်းစစ်ပါမယ်။ စစ်ဆေး ပြီးတော့ ဒီလို လွတ်လပ်မှု ရှိဖို့ဆိုတာက အစိုးရရဲ့ တခြား Branches တွေပေါ့နော်။ အုပ်ချုပ်ရေးတွေ၊ ဥပဒေပြုရေးတွေ ဒီအဖွဲ့က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ အများကြီး လုပ်သွားဖို့ ရှိပါတယ်”ဟု ဒေါ်တင်နွယ်စိုးက ပြောသည်။

ယခင်က တရားရုံးများသည် လွတ်လပ်မှု မရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစုံတရာ လွတ်လပ်မှု ရှိလာကြောင်း၊ သို့သော် အုပ်ချုပ်ရေးပိုင်း၏ သြဇာကြီးမှု၊ ဖိအားတို့ကို စိုးရိမ်နေဆဲ အနေအထားတွင် ရှိနေသေးကြောင်း၊ တရားသူကြီး များ နှင့် အဂတိတရား ဆက်စပ်မှုသည်လည်း လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်နိုင်ရန် စိန်ခေါ်နေဆဲ ဖြစ်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းက ပြောဆိုကြသည်။

တရားလွှတ်တော် ရှေ့နေ ဦးခင်အောင်ဇော်က“တချို့ကိစ္စတွေမှာ တရားရုံးက သိပ်ပြီးတော့ လွတ်လပ်မှု မရှိသေးဘူး။ ဥပမာဆိုပါတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ဖြစ်တဲ့ အခါမျိုးတွေမှာ တရားသူကြီးတွေ အနေနဲ့က ငွေကြောင့် မဟုတ်ဘူး။ သို့သော် သူတို့အနေနဲ့ အုပ်ချုပ်ရေးကို ထိပါးမှာ စိုးတဲ့အတွက်ကြောင့် စိုးရိမ်မှုနဲ့ မလိုအပ်ဘဲ တရားခံ အပေါ်မှာ ဖိတာတို့၊ တရားခံရဲ့ အခွင့်အရေးကို ထိပါးမိတာတို့ ရှိတယ်”ဟု ယင်း အခမ်းအနားတွင် သတင်းထောက်များ ကို ပြောသည်။

ယခင်က တံခါးပိတ် တရားခွင်များ ရှိခဲ့သော်လည်း ယနေ့ မရှိတော့ကြောင်း၊ တရားရုံး၏ တရားခွင်တွင် တရားသူကြီး နှင့် ရှေ့နေတို့၏ ဆက်ဆံရေး တဖက်စောင်းနင်း ရှိခဲ့သော်လည်း ယခုအခါ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ဆွေးနွေးမှုများ ရှိလာပြီ ဖြစ်ကြောင်း ယင်းပွဲသို့ တက်ရောက်လာသူများက ပြောဆိုသည်။

ရန်ကုန် ရှေ့နေအသင်းမှ ဦးချစ်ကိုကိုက “ရှေ့နေတယောက် အနေနဲ့ တရားရုံးတွေထဲ ဝင်ပြီး သွားလာနေတာ သိရ တာကတော့ အပေါ် ဖိအား မရှိပါဘူး။ မြို့နယ်ကအစ ပြည်ထောင်စု အဆင့်အထိ မရှိဘူး။ အရင်တုန်းကတော့ မှန် တယ်။ ဘယ်သူက ဘာပြောထားလို့ ဆိုပြီး အမှုတွေမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့တယ်”ဟု ပြောသည်။

၂၀၁၆ ခုနှစ်၏ တရားရုံးနှစ်စဉ် အစီရင်ခံစာ တစောင်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်ပြန်နိုင်ခဲ့ရာ ထို အစီရင် ခံစာတွင် တရားရုံးများ၏ ဆောင်ရွက်ချက်များ၊ စီမံခန့်ခွဲရေးပိုင်းအရ တရားသူကြီးများကို ကြီးကြပ်၍ အရေးယူ အပြစ်ပေးနိုင်ခဲ့မှုများကို ကိန်းဂဏန်းဖြင့် ဖော်ပြနိုင်ခဲ့ကြောင်း သိရသည်။

“တရားသူကြီးတွေကို အရေးယူတယ်ဆိုတာက အဂတိရယ်လို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ တရားရုံး လုပ်ထုံး လုပ် နည်း နဲ့ မညီတာပေါ့။ မမှားသင့်တဲ့ အမှားမျိုး၊ ရုံးလုပ်ငန်းမျိုး မှားယွင်းတာကအစ ကျမတို့က ကြီးကြပ်ဆောင်ရွက်တဲ့ အပိုင်းမှာ ပါတဲ့အခါကျတော့ အဲဒီ အချက်အလက်တွေ ကျမတို့ ဌာနရဲ့ Web Page မှာ Assess လုပ်ယူလို့ ရပါတယ်” ဟု ဒုညွှန်ချုပ် ဒေါ်တင်နွယ်စိုးက ပြောသည်။

တရားရုံးချုပ်က အကောင်အထည်ဖော်မည့် စီမံကိန်းတွင် အမှုပြီးပြတ်မှုနှုန်း လျော့ကျရန်၊ တရားရုံးများတွင် အမှုများ မစစ်ဘဲ ရွှေ့ဆိုင်းရခြင်းများ လျော့နည်းစေရန်၊ ကြန့်ကြာနေသည့် အမှုများ အမြန်ဆုံး ပြီးပြတ်ရန်နှင့် တရားရုံး၏ ဝန်ဆောင်မှုကို ပြည်သူများ ကျေနပ်စေရန် တိုင်းတာချက်များ ပြုလုပ်မည်ဟုလည်း ဆိုသည်။

ထို့ပြင် တရားသူကြီးများ၏ ကျင့်ဝတ်ဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်က တရားသူကြီးများ လိုက်နာရမည့် တရားရေး ကျင့်ဝတ်များကို ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ အဂတိ လိုက်စား ခြင်း မဟုတ်ဘဲ ကျင့်ဝတ်ဖောက်ဖျက်သည့် တရားသူကြီး များစွာရှိနေ၍ ကျင့်ဝတ်ကို တရားသူကြီးများ ကိုယ်တိုင် လိုက်နာဆောင်ရွက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း တရားရုံးချုပ်မှ သိရသည်။

ယခု စီမံကိန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကြီးကြပ်ရေးဆွဲ ခဲ့သော်လည်း တရားရုံး အဆင့်ဆင့်၏ တာဝန် သိမှု၊ တာဝန်ခံမှု၊ အနီးကပ် ကြီးကြပ်မှု၊ စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်မှုများဖြင့်သာ အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မည်ဟု တရားသူကြီးချုပ်က ယနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောသည်။

ယင်း စီမံကိန်းနှင့် ပတ်သက်ပြီး အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၊ တရား ဥပဒေ စိုးမိုးမှု မြင့်တင်ရေး စီမံကိန်း (USAID-PRLP) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၊ ဒိန်းမတ်နိုင်ငံ သံရုံး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့ (IDEA International)၊ အစိုးရ ဌာနများနှင့် လူမှု အဖွဲ့ များ၊ တိုင်းနှင့် ပြည်နယ် တရားလွှတ်တော်များနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများက ပါဝင်ကူညီခဲ့ကြကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading