သတင်း

စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းတွင် ကျောင်းသားများ ဆန္ဒပြ

Want create site? Find Free WordPress Themes and plugins.

မန္တလေး ရတနာပုံ တက္ကသိုလ်တွင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့မှုကြောင့် ကျောင်းထုတ် ခံလိုက်ရသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်တက်ခွင့် ရရေးနှင့် ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး အတွက် စစ်ကိုင်း ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဆန္ဒဖော်ထုတ်ခဲ့သည်။

“ပညာရေး ဘက်ဂျက်တိုးမြှင့်ပေး”၊ “Justice For Students” အစရှိသည့် စာရွက်စာတမ်းများကို ကိုင်ဆောင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်ရှိ ပညာရေး တက္ကသိုလ် ကျောင်းဝန်းထဲတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ပညာရေးတာဝန်ခံ ကိုဖြိုးသူကျော်က “ကျနော်တို့ ကျောင်းသားတွေ က ပညာရေးရဲ့ လိုအပ်ချက်ကို တောင်းဆိုတာဖြစ်တယ်။ ကျနော်တို့ ကျောင်းဆိုရင် အတော်လေး လိုအပ်ချက်တွေ ရှိနေတယ်။ ကျောင်းသားတွေက ကိုယ်ကျိုးစွန့်ပြီး တောင်းဆိုတယ်။ ဒါကို ကျောင်းထုတ်တာ မဖြစ်သင့်ဘူး။ ကျောင်းမှာ တကယ်ဆိုးပေ နေရင်တော့ တစ်မျိုးပါ့” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ဆန္ဒပြပွဲတွင် စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များသာမ က အခြားကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ကျော် ပါဝင်ခဲ့သည်။

ကျောင်းထုတ်ခံထားရသော ကျောင်းသူ၊ ကျောင်းသားများသည် ရတနာပုံ တက္ကသိုလ်တွင် ပညာရေး ဘက်ဂျက်တိုးမြှင့်ပေးရေး ဆန္ဒပြမှုဖြင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အပိုင် (ဃ)၊ အပိုဒ် ၁၊ အကျင့် စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများ အမှတ်စဉ် ၆၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှု ဆိုင်ရာပြစ်မှုများ အမှတ်စဉ် (၁) တို့ကိုဖောက်ဖျက် ကျုးလွန်သည်ဟုဆိုကာ ထိုသို့ အရေးယူမှု ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင် ကိုအောင်ပြည့်ဖြိုး က “ပညာရေးဘက်ဂျက် တိုးမြှင့်တောင်းဆိုလို့ ကျောင်းသားတွေကို ကျောင်းထုတ်တာဟာ ဒီမိုကရေစီ ယဉ်ကျေးမူကျင့်ဝတ်ကို ဖောက်ဖျက်တာပါပဲ။ ကျောင်သားတွေကို ကျောင်းထုတ်တာဟာ ကျောင်းသားထုကို စိန်ခေါ်လိုက်တာပါပဲ။ ကျောင်းသားတွေကို ဦးချိုးချင်တဲ့ပုံစံပါ။ ကျောင်းထုတ်တယ် ပြီးရင် ခံဝန်ကတိထိုးခိုင်းမယ်။ ဒါဟာ ခေတ်အဆက်ဆက်က ကျင့်သုံးလာတဲ့ နည်းလမ်းပဲ” ဟု ပြောသည်။

၎င်းက ဆက်၍ “ကျောင်းသားဆိုတာ အမှန်တရားကိုမြတ်နိုးတယ်။ ကိုယ်ယုံကြည်ရာကို ရိုးသားမူနဲ့လုပ်တယ်။ ဒီအတွက် ကြောင့်မို့ ခံဝန်ကတိ ထိုးပြီး ဘယ်တော့မှ ကျောင်းပြန်တက်မှာ မဟုတ်ပါဘူး။ ကျောင်းထုတ်ခြင်း အပေါ်မှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေဟာ ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ ကျန်ရှိခဲ့တဲ့ ရဲဘော်တွေကိုပဲ ပညာရေးဘက်ဂျက် တိုးမြှင့်တောင်းဆိုဖို့ တိုက်တွန်းနှိုးဆော် ဝန်းရံပေးရုံ ပဲရှိတော့တယ်” ဟု ဆိုသည်။

စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် တောင်းဆိုမှုကို ကျောင်းသားသမဂ္ဂ အဖွဲ့ပေါင်း၂၀ က ရတနာပုံ တက္ကသိုလ်ကျောင်း အတွင်း ဇန်နဝါရီလ ၂၂ ရက်နေ့ က စတင်ကာ ပူးပေါင်းတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့အား ဇန်နဝါရီ ၂၆ ရက်နေ့မှ စတင်၍ ပညာသင်ခွင့်များ ရပ်စဲခဲ့ရာ ယနေ့အထိ တက္ကသိုလ် ကောလိပ် ၇ ခုမှ ၄၈ ဦး ကို ပညာသင်ကြားခွင့်ရပ်စဲခဲ့ပြီး ရတနာပုံ တက္ကသိုလ်မှ ၁၄ ဦး၊ ရမည်းသင်း နည်းပညာတက္ကသိုလ်မှ ၁၁ ဦး၊ မိတ္ထီလာ နည်းပညာ တက္ကသိုလ်မှ ၁ ဦး၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ၆ ဦး၊ မိုးညှင်း ဒီဂရီကောလိပ်မှ ၄ ဦး၊ စစ်ကိုင်း ပညာရေး တက္ကသိုလ် မှ ၃ ဦး နှင့် မိတ္ထီလာ တက္ကသိုလ် မှ ၉ ဦး တို့ဖြစ်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading