ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကျေးရွာတချို့၌ ဒီရေတောများ ပြန်လည် တည်ထောင်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ မြှင့်တင်ရန် အတွက် စီမံကိန်းတခုကို ယခုလမှ စတင်၍ အကောင် အထည်ဖော်နေပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံ သစ်တော ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က “ဒီစီမံကိန်း အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဟာ ဒီရေတောတွေကို ရေရှည်တည့်တံ့စွာ စီမံအုပ်ချုပ်ခြင်း အားဖြင့် ကမ်းရိုးတန်း ဂေဟစနစ်နဲ့ ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲမှု ဒဏ်များအပေါ် ခံနိုင်ရည်စွမ်း မြှင့်တင်ခြင်းတို့ အတွက် အထောက်အကူ ဖြစ်ပြီး ဒေသခံများရဲ့ အသက်ရှင်နေထိုင်မှု အခြေအနေများ တိုးတက် ကောင်းမွန်လာမယ်” ဟု ပြော သည်။
အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ သစ်တောဦးစီးဌာန၊ သြစတြေးလျ နိုင်ငံ Queensland တက္ကသိုလ်(UQ) နှင့် ထာဝစဉ် တည်တံ့သော သစ်တော စီမံအုပ်ချုပ်မှုနှင့် ပြန်လည် တည်ထောင်ခြင်း ဆိုင်ရာ အာရှ-ပစိဖိတ် ကွန်ရက် (APFNet) တို့ ပူးပေါင်းပြီး ယခုနှစ်မှ စတင်ကာ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ပျဉ်ဒရယ် ဒီရေတောကြိုးဝိုင်း အတွင်း၌ ၃ နှစ်တာ ကာလဖြင့် အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်း ရန်ပုံငွေကို APFNet နှင့် UQ တို့မှ အမေရိကန် ဒေါ်လာ ၅ သိန်းကျော် ထောက်ပံ့သွားမည်ဖြစ်ပြီး ကနဦး အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် ယခုလထဲ၌ပင် ပြုလုပ်ခဲ့သည်။
သြစတြေးလျနိုင်ငံ Queensland တက္ကသိုလ်(UQ)မှ ပေါမောက္ခများ ပါဝင်မည်ဖြစ်သည့် အတွက် သုတေသန လုပ်ငန်း များကို အခြေခံကာ လုပ်ဆောင်သွားမည် ဖြစ်ကာ ဒေသခံ တောင်သူ လယ်သမားများကိုလည်း စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောဦးစီးဌာန ရေဝေရေလဲဒေသ အုပ်ချုပ်ရေး ဌာနမှ တာဝန်ရှိသူတဦး က ဧရာဝတီသို့ ပြောသည်။
“အဓိကက သုတေသန လုပ်ငန်းတွေကို စမ်းသပ်တဲ့ လုပ်ကွက်တွေ လုပ်မှာပါ။ စွန့်ပစ် ပုစွန်ကန်တွေ ရှိတယ်။ ဒေသခံ အစုအဖွဲ့ပိုင် သစ်တောတွေ ရှိတယ်။ သူတို့အတွက် စားဝတ်နေရေးတွေ ဘယ်လို တဖက်တလမ်းကနေ အဆင်ပြေ အောင် လုပ်ပေးနိုင်မလဲ အဲဒါတွေ ပါပါတယ်။ နောက် စွန့်ပစ်ထားတဲ့ ပုစွန်ကန်တွေကိုု ဘယ်လိုပြန်ပြီးတော့ အောင်မြင် အောင် လုပ်နိုင်မလဲ ဆိုတဲ့ သုတေသနတွေ ပါပါတယ်။ ကဏန်း မွေးမြူရေး သင်တန်းတွေပေးမယ်၊ နောက် စွမ်းဆောင် ရည်မြှင့် တင်ရေး လုပ်ငန်းတွေပါပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ဒီရေတော ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ယခုစီမံကိန်းကိုု ပြုလုပ်ရခြင်းဖြစ် ကြောင်း ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာနမှ သိရသည်။
ယင်း စီမံကိန်းလုပ်ငန်းများကို ဒေသခံ တောင်သူ လယ်သမား အများစုက အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်ဟု ဆိုသည်။
ယခုကဲ့သို့ စီမံကိန်းများ ပြုလုပ်ခြင်းသည် ဒေသခံ တောင်သူလယ်သမားများ အတွက် အထောက်အကူ ဖြစ်နိုင် ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်မြင့်က “ဒီရေတောကတော့ အခု ပြန်စိုက်နေပါတယ်။ သစ်တော ဦးစီးဌာန စီမံခန့်ခွဲမှုနဲ့ပဲ။ ဒီရေတောတွေ ပြုန်းတီး နေတာကတော့ အမှန်ပါပဲ။ ကမ္ဘာပေါ်မှာ သစ်တော အပြုန်းတီးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပါတယ် ဆိုတာ စာရင်းဇယားတွေလည်း ပေါ်ထွက်နေတာပဲ။ သုတေသန လုပ်ငန်းမျိုး လုပ်မယ်ဆိုရင်တော့ ဒီရေတောကို လည်း ထိန်းသိမ်းရမယ်။ နောက် ဒီရေတောကို အမှီပြုပြီးတော့ ထွက်တဲ့ ထွက်ကုန်တွေကိုလည်း တိုးမြှင့်အောင် လုပ်ရ မယ်။ ဒီလိုမျိုး သုတေသန ဆိုတာကတော့ ဒီနိုင်ငံမှာကတော့ လုပ်ဖို့က အများကြီးခဲယဉ်းတယ်။ သုတေသနက စရိတ် စက ကလည်း ကြီးတာကိုး”ဟုလည်း ပြောဆိုသည်။
လက်ရှိ၌ မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒီရေတော ဧရိယာမှာ ၁ ဒသမ ၂သန်းကျော် ဧက ရှိကြောင်း မြန်မာနိုင်ငံ သစ်တော ဦးစီးဌာနမှ သိရသည်။