ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ ဂျိတ်လတ်ကျေးရွာအနီးရှိ ပန်းတပွင့်ကျွန်းအား နိုင်ငံတော်၏အတိုင်ပင်ခံအား ဂုဏ်ပြုသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကျွန်း – The Lady Island အဖြစ် အမည်မှည့်ခေါ်သတ်မှတ်ရန် ဒေသခံများက စီစဉ်နေကြောင်း သတင်းရရှိသည်။
“နော်ဝေလိုနိုင်ငံမျိုးမှာတောင် ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဆိုပြီး တရားဝင် ပန်းခြံရှိတယ်။ ကျနော်တို့နိုင်ငံမှာ ကျနော်တို့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်ပြီး အထိမ်းအမှတ် ကြီးကြီးမားမား မရှိသေးဘူး။ ဒါကြောင့် နိုင်ငံအတွက် စနစ်ကောင်းတခုကို အကောင်အထည် ဖော်နေတဲ့ ခေါင်းဆောင်ကောင်းတယောက်ကို ဂုဏ်ပြုချင်တဲ့ဆန္ဒနဲ့ ဒီကျွန်းကို ဒေါ်အောင်ဆန်းစုကြည်ကျွန်း အဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်”ဟု ရွှေသောင်ယံမြို့နယ် ဂျိတ်လတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နိုင်က ဧရာဝတီကို ပြောသည်။
ပန်းတပွင့်ကျွန်း (ခေါ်) ပန်းတမော့ကျွန်းမှာ ပုသိမ်မြို့အနောက်မြောက်ဘက် ရွှေသောင်ယံမြို့နယ် ဂျိတ်လတ် ကျေးရွာအနီးရှိ ပင်လယ်ပြင်အတွင်းတည်ရှိပြီး ဧရိယာ ၄၆ ဧကကျော် ကျယ်ဝန်းကာ ပင်လယ် ကမ်းစပ်ရေ ကြည်လင်ခြင်း၊ သဘာဝသန္တာကျောက်တန်းများ တည်ရှိခြင်း၊ ကျွန်းပေါ်ရှိတောအုပ်ထဲတွင်လည်း ငှက်များ၊ ဂျီ၊ ဆတ်၊ ဖွတ်၊ မျောက်စသည့် တောကောင်များရှိနေခြင်းကြောင့် သစ်ခုတ်ဝါးခုတ်ခြင်း မပြုရန်၊ သားငါးများ ဖမ်းယူခြင်း မပြုရန်နှင့် သဲကျောက်များထုတ်ယူခြင်း မပြုရန် ဒေသခံများက ထိမ်းသိမ်းစောင့်ရှောက်ထားသည့် ကျွန်းဖြစ်ကြောင်း သိရသည်။
မုန်တိုင်းများ တိုက်ခတ်ချိန်တွင် ဂျိတ်လတ်အပါအဝင် ပင်လယ်ကမ်းဘေးကျေးရွာများကို မုန်တိုင်းရန်၊ ဒီရေလှိုင်းများရန်မှ ကာကွယ်ပေးပြီး လှိုင်းလေထန်သည့် အချိန်တွင်လည်း မော်တော်များ၊ သင်္ဘောများ အရေးပေါ်ခိုနားနိုင်သည့် ကျွန်းတကျွန်းဖြစ်ကြောင်း သိရသည်။
“ဒီကျွန်းက ကျနော်တို့ဒေသခံတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျနော်တို့အသက်ကို ကယ်ဆယ်စောင့်ရှောက် ပေးနေတဲ့ ကျွန်းတကျွန်းပါ။ မုန်တိုင်းတွေကျတဲ့အခါ မုန်တိုင်းလေနဲ့ ဒီရေလှိုင်းတွေကို ရှေ့ကနေ တံတိုင်းသဖွယ် ကာပေးတယ်။ ဒါကြောင့် ကျွန်းက သစ်ပင်တွေ မခုတ်ဖို့၊ သန္တာကျောက်တန်းတွေ တူးဖော် မယူဖို့ တားမြစ်ပြီး ကျနော်တို့ အမြတ်တနိုး ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ကျွန်းကို ကျနော်တို့လေးစားရတဲ့ အမေစု နာမည်မှည့်ခေါ်ပြီး ဂုဏ်ပြုဖို့ အားလုံးက သဘောတူညီခဲ့ကြတာပါ”ဟု ဂျိတ်လတ်ကျေးရွာ ရပ်မိရပ်ဖ ဦးမြင့်လွင်က ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကျွန်း – The Lady Island အဖြစ်သတ်မှတ်ရန်အတွက် ဒေသခံများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများပါဝင်သော ကျွန်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း ဆောင်ရွက်ထားရှိပြီး ကျွန်းအမည်ပြောင်းလဲရန် သက်ဆိုင်ရာ တိုင်းဒေသကြီးတာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီကျွန်းကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နာမည်ပေး ဂုဏ်ပြုဖို့ ဒေသခံတွေက အရမ်းကို စိတ်ဆန္ဒ ပြင်းပြနေကြတယ်။ ကျွန်းနာမည်ပြောင်းလဲဖို့အတွက် ကော်မတီအနေနဲ့ တိုင်းဒေသကြီး အစိုးရကိုတင်ပြပြီး တဆင့်ခြင်း လုပ်ဆောင်သွားမယ်။ လတ်တလောမှာတော့ ကျွန်းကို သာယာလှပဖို့နဲ့ ကျွန်းပေါ်က သဘာ၀ ပေါက်ပင်တွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေ မပျက်သုန်းဖို့နဲ့ ခရီးသွားတွေ အဆင်ပြေစွာ လာရောက်လည်ပတ်နိုင်ဖို့ ကော်မတီအနေနဲ့ အဓိကဆောင်ရွက်နေပါတယ်”ဟု ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သည့် ပုသိမ်မြို့အခြေစိုက် တောင်သူဖွံ့ဖြိုးရေးသင်တန်းကျောင်း – GPI ဒါရိုက်တာ ဦးတင်လင်းအောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကျွန်း – The Lady Island အဖြစ် နိုင်ငံတော်အစိုးရမှ တရားဝင်သတ်မှတ်ခဲ့ပါက ကျွန်းပေါ်ရှိ အမြင့်ဆုံးတောင်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူရုပ်တုထားရှိမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဖြတ်သန်းမှု ကိုယ်ရေးအချက်အလက်များကိုလည်း ကျွန်းပေါ်တွင် ဆိုင်းဘုတ် စိုက်ထူကာ ထားရှိသွားရန် စီစဉ်ထားကြောင်း ကော်မတီတာဝန်ရှိသူများက ပြောသည်။
“မြန်မာနိုင်ငံအပေါ်အရမ်းတာဝန်ကျေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခု အနောက်နိုင်ငံတွေက ပေးသမျှ ဆုတွေ ရုပ်သိမ်းနေတဲ့အချိန် ဒီဒေသကသူတွေက သူတို့နိုင်ငံမှာ ပေးတဲ့ဆုမို့ သူတို့ ပြန်ရုပ်သိမ်းလို့ရတာလို့ မြင်မိကြတယ်။ ဒါ့ကြောင့် ကိုယ်ဒေသမှာ တန်ဖိုးထားတဲ့ကျွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလိုလုပ်ပေးရင် ဘယ်သူမှ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး တိုင်ပင်မိလို့ ဒီလိုလုပ်တာပါ”ဟု ဒေသခံ ဦးထွန်းထွန်းနိုင်က ပြောသည်။
ပန်းတပွင့်ကျွန်းသည် ရှေးအခါက မောင်နှမ ၂ ဦးနေထိုင်ခဲ့ကြရာ မောင်ဖြစ်သူ ပင်လယ်ထဲငါးဖမ်းထွက်လျှင် အစ်မဖြစ်သူက အမြဲတမ်းပန်းတပွင့် ပန်ဆင်ပြီး မောင်ငယ်ဖြစ်သူ ပြန်အလာကို ကျောက်တောင်ပေါ်မှ မျှော်ခဲ့သဖြင့် ပန်းတပွင့်ကျွန်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ်ပြီး ကျွန်း၏ပုံသဏ္ဍာန်မှာ အဝေးမှကြည့်လျှင် အမျိုးသမီးတဦး အိပ်စက်နေသည့် ပုံသဏ္ဍန်ရှိကြောင်း သိရသည်။