အရှေ့တောင်အာရှ ခြောက်နိုင်ငံတို့သည် အစ္စလမ်မစ် စစ်သွေးကြွများကို တိုက်စစ်ဆင်ရန်နှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ရည်ရွယ်ပြီး ထောက်လှမ်းရေး သဘောတူ စာချုပ် တခုကို ချုပ်ဆို နိုင်ခဲ့သဖြင့် ထိုလုပ်ရပ်သည် တနိုင်ငံနှင့် တနိုင်ငံအကြား မြင့်မားလှသော အယုံအကြည်ကင်းမဲ့မှုကို ကျော်လွှားနိုင်ခဲ့သည်ကို ဖော်ပြနေသည် ဟု သုတေသီများက ဆိုသည်။
“Our Eyes” (တို့ရဲ့ မျက်လုံးများ) အစီအစဉ် အရ အထက်တန်း ကာကွယ်ရေး အရာရှိများသည် ၂ ပါတ်တကြိမ် တွေ့ဆုံပြီး စစ်သွေးကြွ အုပ်စုများနှင့် ပတ်သက်သော သတင်းအချက်အလက်များ ဖလှယ်ကာ အစွန်းရောက်အကြမ်းဖက် အဖွဲ့များနှင့် ပတ်သက်သော အချက်အလက် သိုမှီးရာ နေရာတခု တည်ထောင်မည် ဖြစ်သည်။
အစ္စလမ်မစ်နိုင်ငံအဖွဲ့ (IS) ၏ မဟာမိတ် သူပုန်များသည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မြို့ကြီးတမြို့ဖြစ်သော မာရာဝီကို လွန်ခဲ့သောနှစ်က သိမ်းပိုက်ခဲ့ပြီးနောက် ယခု ထောက်လှမ်းရေး သတင်းဖလှယ်မှု အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အဓိကအားဖြင့် အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံသားများ ပါဝင်သော နိုင်ငံခြားသား ဒါဇင်ပေါင်းများစွာနှင့် ရာပေါင်း များစွာသော စစ်သွေးကြွများသည် မာရာဝီမြို့၏ တစိတ်တပိုင်းကို သိမ်းယူခဲ့ပြီး ဖိလစ်ပိုင်တပ်ဖွဲ့များနှင့် ပြင်းထန်သော စစ်ပွဲများ ဆင်နွှဲခဲ့သဖြင့် တမြို့လုံး ပျက်စီးသွားခဲ့ပြီး လူ ၁၁၀၀ ကျော်သေဆုံးသည် ဟု အစိုးရက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
အချို့သော ပြည်ပမှ တိုက်ခိုက်ရေး သမားများသည် မာရဝီသို့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့နှင့် ထိစပ်နေသော ဆူးလူးပင်လယ်ရှိ မလုံခြုံသော ရေကြောင်း နယ်နမိတ်များမှ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ဒါက သာမန်လောက်ပဲ လို့ ထင်ရပေမယ့် ထိရောက်မှုက အရမ်းကောင်းသွားတယ်” ဟု အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ရာမီဇတ်ရာကူဒူ (Ryamizard Ryacudu) က ဘာလီတွင် ကျင်းပသည့် ပဏာမ ဖွင့်ပွဲတွင် ပြောသည်။
ထောက်လှမ်းရေး သတင်းဖလှယ်ခြင်းသည် မာရဝီကဲ့သို့သော ဖြစ်ရပ်မျိုး နောက်တကြိမ် မကြုံစေရေးနှင့် ဒေသတခုလုံးကို အရှေ့အလယ်ပိုင်းကဲ့သို့ မဖြစ်စေရန် တားဆီးရေး အတွက် အထောက်အကူ ပြုသည်ဟု ရာမီဇတ်ရာကူဒူက ပြောသည်။
ထောက်လှမ်းရေး သတင်းဖလှယ်ခြင်းသည် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အတွက်သာ ဖြစ်ကြောင်း လည်း သူက ဆက်လက်ရှင်းပြသည်။
ထောက်လှမ်းရေး သတင်း ဖလှယ်ခြင်းကို စစ်ဘက်က ဦးဆောင်သော်လည်း ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်သူ အားလုံးကို လည်း ပါဝင်စေမည် ဟုလည်း သူက ပြောသည်။
အင်ဒိုနီးရှား နိုင်ငံနှင့် အတူ အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သော မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဘရူနိုင်း နိုင်ငံများသည် အထက်ပါ စာချုပ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သည်။
“ဒါဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှု ဖြစ်ပါတယ်” ဟု သြစတေးလျ အမျိုးသား တက္ကသိုလ်မှ ထောက်လှမ်းရေး သုတေသီ ဂျွန်ဘလက်စ်လန်း (John Blaxland) ကပြောသည်။
“အရှေ့တောင် အာရှ နိုင်ငံများအသင်း (ASEAN) ဟာ လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ရင် အပေါ်ယံ လောက်ပဲ ကြိုးစားနေတာ အတော်ကြာပြီ” ဟုလည်း သူက ပြောသည်။
ထောက်လှမ်းရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်လျှင် ASEAN နိုင်ငံများ အကြား ဆက်ဆံရေးသည် မြင့်မား လှသော အယုံအကြည် ကင်းမဲ့မှုကြောင့် ဆိုးရွားနေသည် ဟုလည်း သူက ဆိုသည်။
“အခုတော့ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေက ဒါကို ကျော်လွှားနိုင်စေခဲ့ပြီ။ ဒီစနစ် (စာချုပ်) ကြောင့် ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှု အောင်မြင်လာမှာကို မြင်ရတော့မှာပါ” ဟုလည်း သူက ဆက်ပြောသည်။
ထိုစာချုပ်သည် မည်သည့် စာချုပ်မျှ မရှိခြင်းထက် ပိုမိုကောင်းမွန် သော်လည်း ထိုနိုင်ငံများအကြားနှင့် ထိရောက်မှု ရှိစေရန် နိုင်ငံများ အတွင်းရှိ အမျိုးမျိုးသော အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့များ အကြား အမြစ်တွယ်နေသာ အယုံအကြည် ကင်းမဲ့မှုကို ကျော်လွှားနိုင်ရမည် ဟု အမည်မဖော်လိုသော အခြား လုံခြုံရေးဆိုင်ရာ သုတေသီတဦးက ပြောသည်။
“တို့ရဲ့ မျက်လုံးများ” အစီအစဉ်တွင် အခြားသော နိုင်ငံများလည်း ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ရာကူဒူက ပြောသည်။ ထိုစာချုပ်သည် အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့ အကြား သက်တမ်းရှည်ကြာသော မျက်လုံး ၅ လုံး (Five Eyes) ထောက်လှမ်းရေး သဘောသူစာချုပ် ကဲ့သို့ အမည်ပေးထားသော စာချုပ်ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများ အပြင် အမေရိကန်၊ သြစတေးလျနှင့် ဂျပန်တို့လည်း နောင်တွင် ထိုစာချုပ်၌ ပါဝင်လာနိုင် သည် ဟု ရာကူဒူက ပြောသည်။
“အဖွဲ့ဝင် ဖြစ်မလာခင်မှာ သူတို့ လေ့လာစောင့်ကြည့်ကြ မှာပါ” ဟု သူက ပြောသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် (Jim Mattis) နှင့် ဂျကာတွင် တွေ့ဆုံစဉ်အတွင်း အကူအညီများ တောင်းခံခဲ့သည် ဟု ရာကူဒူက ပြောသည်။
“သူ ကူညီမယ်လို့ ဗိုလ်ချုပ်ကြီး မက်တစ်က ပြောတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကန်မှာ ပိုမိုခေတ်မီတဲ့ ကိရိယာတွေ ရှိတာ ဆိုတော့ ကျနော်တော့ ဝမ်းသာမိတယ်” ဟုလည်း သူက ဆက်ပြောသည်။
ဘာလီသည် ၂၀၀၂ ခုနှစ်တွင် အစ္စလမ်မစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှု ခံခဲ့ရပြီး ထိုတိုက်ခိုက်မှုတွင် သြစတေးလျ နိုင်ငံသား ၈၈ ဦးအပါအဝင် လူ ၂၀၂ ဦး သေဆုံးခဲ့သည်။
(Reuters တွင် ဖော်ပြထားသည့် Tom Allard ၏ Southeast Asian states launch intelligence pact to counter Islamist threat ကို ဘာသာပြန်သည်။)