တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရန် ပြင်ဆင်နေသော မွန်ပြည်သစ်ပါတီ (NMSP) မှ တပ်ဖွဲ့ဝင် ၅ ဦးကို အစိုးရက မွန်ပြည်နယ် ကျိုက်မရော အကျဉ်းထောင်က နေလွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
NMSP တပ်ဖွဲ့ဝင် ၅ ဦးသည် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉ (စ)နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် ၂၀၁၇ ခုနှစ်က ဖမ်းဆီး အရေးယူခံခဲ့ရခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး က“ကျနော်တို့ တပ်ဖွဲ့ဝင် ၅ ဦးလွှတ်လာတယ်။ သမ္မတရဲ့ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်လာတာလား၊ ဘယ်လိုကြောင့် လွှတ်လာလဲတော့ မသိဘူး။ ဒါပေမယ့် အခုလို လွှတ်ပေးတဲ့ အတွက် ကျနော်တို့ NCA ထိုးဖို့ လုပ်နေတဲ့အချိန်မှာ ယုံကြည်မှု တည်ဆောက်နိုင်လာတယ်။ NCA ထိုးတော့မယ်ဆိုတော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ကလည်း ပယ်ဖျက်တော့မယ်လေ NCA အကျိုးသက်ရောက်တာပေါ့” ဟု ပြောသည်။
မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှ လွှတ်လာသော NMSP တပ်ဖွဲ့ဝင် ၅ ဦးတွင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(စ)ဖြင့် ဖမ်းဆီးခံရသူ ၃ ဦး၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ ၂ ဦးတို့ဖြစ် ကြောင်း NMSP ဘက်မှ ပြောသည်။
“ပုဒ်မ ၁၉ (စ) နဲ့ ဖမ်းခံတဲ့သူ ၃ ဦးက ထောင်ဒဏ် ၆ လ ကျတယ်။ ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းခံရတဲ့ ၂ ဦးက ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လ ကျတယ်။ အခု ပြန်လွတ်လာတော့ ယုံကြည်မှု တည် ဆောက်တယ်လို့ပဲ မြင်တယ်။ အစိုးရနဲ့ ကျနော်တို့အကြား ပထမဆုံး ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်” ဟု နိုင်အောင်မငေး က ပြောသည်။
NMSP မှ တပ်ဦးဝင် ၅ ဦး အကျဉ်းထောင်မှ လွတ်လာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာများတွင် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲပိုင်း အထိထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်(PC) သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း PC အဖွဲ့ဝင် ဦးအောင်စိုးက မိမိအနေ ဖြင့် မိမိ၏ မဲဆန္ဒနယ်မြေသို့ ရောက်ရှိနေခြင်းကြောင့် ထိုကိစ္စကို ဂဃနဏ မသိခြင်းကြောင့် တစုံတရာ မှတ်ချက်ပေးနိုင်ခြင်း မရှိဟု ဆိုသည်။
NMSP ဥက္ကဌ နိုင်ထောင်မွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား သီးခြား တွေ့ဆုံခဲ့ပြီး NCA ထိုးရေးဆွေးနွေးခဲ့သည်။
ထိုတွေ့ဆုံမှု အပြီးတွင် NMSP အနေဖြင့် NCA ကို လက်မှတ်ရေးထိုးသွားမည်ဟု ကတိပြုကြောင်း သတင်းထုတ်ပြန် ကြေညာချက် တစောင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် နိုင်စိန်လှနှင့် နိုင်ဆောင်းဦး တို့ ပါဝင်သော NMSP တပ်ဖွဲ့ဝင် ၅ ဦးကို ကျိုက်မရော အကျဉ်းထောင်မှ လွှတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်က NCA လက်မှတ် ထိုးခဲ့သောလက်နက်ကိုင် ၈ ဖွဲ့နည်းတူဆိုလျှင် NCA ကို NMSP လက်မှတ်ထိုးလျှင် အစိုးရအနေဖြင့် မတရားအသင်း ကြေညာထားခြင်း ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ မတရားအသင်းမှ ပယ်ဖျက်ကြောင်း အစိုးရဘက်မှ ကြေညာပေးရမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိ NCA ကိုလက်မှတ် ထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ကိုလည်း NCA မထိုးခင် ၃ ရက်အလိုတွင် သမ္မတ ဦးသိန်းစိန် က မတရားအသင်းမှ ပယ်ဖျက်ကြောင်း ကြေညာပေးခဲ့သည်။