သတင်း

ဖြိုးကိုကိုတင့်ဆန်း လက်နက်မှု နေပြည်တော် တရားရုံး စတင် စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ အရေးယူခံထားရသည့် (ဦး) ဖြိုးကိုကိုတင့်ဆန်း၏ အမှုများထဲမှ လက်နက်မှု ၂ ခု၏ တရားလို ရဲအရာရှိ ၂ ဦးကို နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားရုံးတွင် ယနေ့ စတင် စစ်ဆေး သည်။

ပုဒ်မပေါင်း ၁၀ ခုဖြင့် အရေးယူထားသည့် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် လူ ၈ ဦး၏ အမှုများထဲမှ လက်နက်မှု ၂ မှု၏ တရားလို ရဲမှူး မင်းအောင်မြင့်ဦး၊ ဒုရဲမှူး မြင့်စိုး တို့ကို စတင် စစ်ဆေးခြင်း ဖြစ်သည်။

နေပြည်တော် လေဆိပ်တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက ဖြိုးကိုကိုတင့်ဆန်းနှင့် လူ ၂ ဦးကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသော်လည်း ရဲက မူးယစ်မှုဖြင့်သာ အမှုဖွင့်ခဲ့ပြီးနောက် ယင်း အမှုကို လွှဲပြောင်း စစ်ဆေးခဲ့ရသည့် မှုခင်း ရဲတပ်ဖွဲ့ ရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံခဲ့ရာ လက်နက် ဥပဒေ ၁၉ (စ)ဖြင့် တရားစွဲရန် ညွှန်ကြားချက်အရ အောက်တိုဘာလ ၂၁ ရက်နေ့ရောက်မှ အမှုဖွင့်ခဲ့ရသည် ဟု တရားလို မှုခင်း ရဲတပ်ဖွဲ့မှ ရဲမှူး မင်းအောင်မြင့်ဦးက တရားခွင်တွင် ပြောသည်။

ယင်းသို့ လက်နက်မိသော်လည်း လက်နက်ပုဒ်မတပ် အရေးမယူဘဲ နောက်ပိုင်းမှ လက်နက်ပုဒ်မဖြင့် အရေးယူခြင်းကို တရားခံ ရှေ့နေ ဦးမြင့်အောင်က မေးခွန်းထုတ်ခဲ့ပြီး လေဆိပ်တွင် သိမ်းဆည်းရမိခဲ့သည့် ပစ္စတို ၂ လက်သည် ဖြိုးကိုကို တင့်ဆန်း၊ ရဲမင်းဆွေနှင့် ဇော်ဝင်း ထိုက်တို့၏ လက်ဝယ်တွင် တွေ့ရှိခဲ့ခြင်း မဟုတ်ကြောင်းလည်း ပြောဆို သည်။

ဖြိုးကိုကိုတင့်ဆန်းသည် အဖမ်းမခံရမီ တရက်အလို ၎င်းပိုင် ဟိုတယ် ACE မန်နေဂျာဖြစ်သူ ကျော်ချမ်းငြိမ်း ဆိုသူအား ၎င်းကို အသိပေးခြင်း မရှိဘဲ ကားများတွင် စတစ်ကာကပ်ခြင်း၊ မီးများ တပ်ဆင်ခြင်းတို့ ပြုလုပ်သဖြင့် ဝန်ထမ်းများ ရှေ့တွင်ပင် ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့ရာ နောက်တရက် ရန်ကုန်သို့ အပြန်တွင် ကျော်ချမ်းငြိမ်း၏ အစီအစဉ်ဖြင့် သေနတ်ပါသည့် အိတ်များကို လေဆိပ်သို့ ထည့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးမြင့်အောင်က တရားခွင်အတွင်း ပြောဆိုသည်။

ယင်းအချက်များကို ရဲတပ်ဖွဲ့က မသိရှိဘဲ အိတ်သည် ဖြိုးကိုကိုတင့်ဆန်း အမည် ပါသည့် အိတ်ဖြစ်ကြောင်း၊ ကျော်ချမ်းငြိမ်း ဆိုသူမှာ လေဆိပ်တွင် ပြဿနာဖြစ်သည့် နေ့မှစ၍ အစပျောက်သွားသည်မှာ ယခုအခါ တရားခံပြေး အဖြစ် ကြေညာခြင်း ခံထားရကြောင်း တရားလို ရဲအရာရှိက တရားခွင်တွင် ပြောသည်။

လက်နက်မှု ၂ ခုစလုံးတွင် ဖြိုးကိုကိုတင့်ဆန်းကို စွဲတင်ထားသော်လည်း တရားခံရှေ့နေကမူ လက်နက်များ စတင် ဖမ်းမိသည့် အချိန်တွင် ဖြိုးကိုကိုတင့်ဆန်း အနားတွင် မရှိခြင်း၊ ၎င်း၏ လက်ဝယ်တွင် တွေ့ရှိမှု မရှိခြင်း၊ လက်နက်များ ဖမ်းမိသည့် ဟိုတယ် ACE ဝန်းနှင့် လက်နက်များ တွေ့ရှိရသည့် ဟိုတယ် အခန်းများသည်လည်း မန်နေဂျာဖြစ်သူ ကျော်ချမ်းငြိမ်း၏ စီမံခန့်ခွဲမှု အောက်တွင် ရှိနေသည့် အခန်းများ ဖြစ်နေကြောင်း သိပါသလား ဆိုသည့် မေးခွန်းများဖြင့် တရားခံ ရှေ့နေက အမှုများတွင် ဖြိုးကိုကိုတင့်ဆန်းတွင် တာဝန်မရှိသည့် ပုံစံမျိုး လမ်းကြောင်းခဲ့သည်ကို တရားခွင် တွင် ကြားသိရသည်။

ရဲတပ်ဖွဲ့ကမူ လေဆိပ်သို့ ဖြိုးကိုကိုတင့်ဆန်းအား လိုက်ပို့သူများထဲတွင် ကျော်ချမ်းငြိမ်း မပါဝင်ဘဲ ACE ဝန်ထမ်း သီဟ နှင့် အောင်ရဲဖြိုး တို့ဖြစ်ကြောင်း၊ နေပြည်တော် ဒက္ခိဏ ခရိုင် နယ်မြေအတွင်း ဖြိုးကိုကိုတင့်ဆန်းနှင့် ဆက်စပ်၍ ပစ္စတို ၁၂ လက်၊ M-16 ၄ လက်၊ M 21 တလက် စုစုပေါင်း ၁၇ လက် ဖမ်းဆီးရမိကြောင်း ထွက်ဆိုသည်။

“ဖမ်းမိထားတဲ့ သေနတ်တွေ အားလုံးကို ဒက္ခိဏသီရိ မြို့မ ရဲစခန်းရဲ့ လက်နက်တိုက်ထဲမှာ သိမ်းဆည်း ထားတာ ရှိပါတယ်”ဟု တရားလို ဒုရဲမှူး မြင့်စိုးက ပြောသည်။

ပထမ လက်နက်မှုတွင် ဖြိုးကိုကိုတင့်ဆန်းသည် ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့နှင့် စွဲတင်ခံရပြီး နောက်လက်နက်မှုတွင် ACE ဝန်ထမ်း ရန်အောင်စိုး၊ အောင်နိုင် တို့နှင့် စွဲတင်ခံရကာ တရားခံရှေ့နေဖြစ်သူက ရန်အောင်စိုးနှင့် အောင်နိုင်တို့ သည် လည်း ဟိုတယ် ACE မန်နေဂျာ ကျော်ချမ်းငြိမ်း ၏ အုပ်ချုပ်မှုအောက်တွင် ရှိကြောင်း ပြောဆိုသည်။

ထို့ပြင် ဟိုတယ်အတွင်း လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ရဲတပ်ဖွဲ့က ရှာဖွေပုံစံဖြင့် သိမ်းယူရာတွင်လည်း ထို ပစ္စည်းများသည် ကျော်ချမ်းငြိမ်း၏ ပစ္စည်းများ ဖြစ်ကြောင်း၊ ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့ ပစ္စည်း များ မဟုတ်ကြောင်း ဟိုတယ် ဝန်ထမ်းတဦးက ပြောဆိုခဲ့သည်ကို သိပါသလားဟု တရားခံရှေ့နေက မေးမြန်းရာ မပြော ပါဟု တရားလို ရဲအရာရှိက ဖြေကြားခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းသည် ဟိုတယ် လုပ်ငန်းများကို နေပြည်တော်၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီတို့တွင် လုပ်ကိုင်ပြီး နေပြည်တော် FC ဘောလုံးအသင်း ပိုင်ရှင်၊ ငါးမွေးကန် လုပ်ငန်းရှင် ဖြစ်၍ ၎င်း၏ လုပ်ငန်းများကို အခြား ကြီးကြပ်သူ များဖြင့် တာဝန်ယူ ဆောင်ရွက်စေကြောင်း၊ ဖြိုးကိုကိုတင့်ဆန်းသည် နေပြည်တော်သို့ ၃ လ တကြိမ်မှ လာရောက်သူ ဖြစ်ကြောင်းကို တရားခံရှေ့နေ၏ ပြောဆိုချက်အရ သိရသည်။

ကျော်ချမ်းငြိမ်းသည် ဟိုတယ် ACE ဝင်းအတွင်းရှိ H1/H2 အဆောင်များတွင် အမြဲရှိနေသည်ကို မသိကြောင်း၊ ဖြိုးကိုကို တင့်ဆန်းသည် H1 အဆောင်တွင် နေထိုင်သည်ကို သိရှိကြောင်း တရားလို ဒုရဲမှူး မြင့်စိုးက ထွက်ဆိုသည်။

H1 အဆောင်သည် လက်နက်များ ဖမ်းမိသည့် အဓိက အဆောင်ဖြစ်သည်။

ထို့ပြင် H1/H2 အဆောင်ရှိ JS 004 အခန်းကိုလည်း ကျော်ချမ်းငြိမ်းက စီမံခန့်ခွဲနေသည်ကို မသိကြောင်း၊ JS 004 သည် ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့ နေသည်ကို သိရှိကြောင်းလည်း ဒုရဲမှူး မြင့်စိုးက ထွက်ဆိုခဲ့သည်။

ထိုအခန်းတွင် ပစ္စတိုသေနတ်၂ လက်ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ယနေ့ တရားရုံးတွင် ဖြိုးကိုကိုတင့်ဆန်းပိုင် ဟိုတယ်တွင် သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများကို ရှာဖွေပုံစံဖြင့် သိမ်း ဆည်း ထားရာ ယင်းပစ္စည်း အားလုံး၏ အမျိုးအမည်များကိုလည်း တခုချင်း အသေးစိတ် တရားရုံးသို့ ရဲတပ်ဖွဲ့က တင်သွင်းခဲ့သည်။

နောက်ရုံးချိန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မများနှင့် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ပုဒ်မများကို တရားရုံးက ဆက်လက် စစ်ဆေးမည်ဟု သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading