သတင်း

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နာရေးကို သိန်း ၄၀ ကျော် ထောက်ပံ့မည်

Want create site? Find Free WordPress Themes and plugins.

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါ်ရှီလာနန်တောင်၏ နာရေး အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ တရက်တာ နေ့တွက် စရိတ် ဖြစ်သည့် သိန်းလေးဆယ်ကျော်ကို ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင် ဇန်နဝါရီ ၃၁ ရက်ညက နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံတွင် ကွယ်လွန်ခဲ့သည့် ဒေါ်ရှီလာနန်တောင် (ခ) အမ်နန်တောင် ကွယ်လွန် သွားခြင်း အတွက် အထူးဝမ်းနည်းကြောင်း အဆို တင်သွင်းခဲ့ပြီးနောက် ယင်းသို့ ကူညီထောက်ပံ့ရန် ဖြစ်လာခဲ့သည်။

ကိုယ်စားလှယ်တဦး၏ တရက်တာ နေ့တွက်စရိတ်မှာ နှစ်သောင်းကျပ်ဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၃ ဦး၏ စုစုပေါင်း နေ့တွက်စရိတ် ကျပ် ၄၄၆, ၀၀၀၀ သိန်း ဖြစ်ကြောင်း ထိုငွေများကို နာရေး အကူငွေအဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း အဆိုတင်သွင်းသူ ပဲခူးတိုင်းမဲဆန္ဒနယ် အမှတ် ၆ မှ ဦးမင်းဦးက ပြောသည်။

ဦးမင်းဦးက “သူ့မှာ ဆီးချို၊ သွေးချို၊ နှလုံး၊ သွေးတိုးရှိတယ်။ အဲ့တာတွေရဲ့ နောက်ဆက်တွဲက ကျောက်ကပ်ပေါ့၊ ကျောက်ကပ် က လုံး၀ ပျက်စီးသွားတဲ့ အနေအထားရှိတယ်။ ည ၈ နာရီလောက်က ဆုံးတာ၊ နာရေးကို သက်ဆိုင်ရာ ဖြစ်တဲ့ မြစ်ကြီးနာမှာပဲ သဂြိုလ်ချင်တယ်ဆိုလို့ ညတွင်းချင်းပဲ နာရေးကားစီစဉ်ပေးခဲ့ပါတယ်” ဟု ပြောသည်။

ဒေါ်ရှီလာနန်တောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားဒီမိုကရေစီအဖွဲ့မှ စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အနိုင်ရရှိပြီး၊ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ဖြစ်သည်။

ဒေါ်ရှီလာနန်တောင်သည် အမျိုးသားလွှွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လွှတ်တော်ကိစ္စရပ်များတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်ထုမေ က ပြောသည်။

ဒေါ်ထုမေ က “တိုင်းရင်းသားရေးရာ စိတ်ဓာတ်လည်း ရှိတယ်။ လုပ်နိုင်စွမ်းလည်း အများကြီးရှိတယ်။ Capacity မြင့်တဲ့ ဆရာမကြီးလည်း ဖြစ်တယ်။ ရခိုင်လူမျိုးတွေ အပေါ်လည်း အရမ်းနားလည်တယ်၊ ဒါကြောင့် ငြိမ်းချမ်းရေး လမ်းခုလတ်မှာ စောစောစီးစီး ခရီးနှင် သွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်ရှီလာနန်တောင်သည် မြစ်ကြီးနား တက္ကသိုလ်မှ အင်္ဂလိပ်စာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၈ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ  အင်္ဂလိပ်စာဌာန နည်းပြ၊ လက်ထောက် ကတိက၊ ကထိက၊ တွဲဖက်ပါမောက္ခများ အဖြစ် ကောလိပ်နှင့် တက္ကသိုလ်များတွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၆၀ ပြည့်ချိန်တွင် ပင်စင်ယူခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading