သတင်း

KNU လက်နက်ကိုင် လမ်းစဉ်ကို မစွန့်ဟု စောမူတူးစေးဖိုး ပြော

Want create site? Find Free WordPress Themes and plugins.

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်း ဖြင့် တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရေးပင်ဖြစ်ပြီး လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန် လုံးဝ မဟုတ်ဟု KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

၂၀၁၈ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်တွင် ကျရောက်ခဲ့သော ၆၉ ကြိမ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနား မိန့်ခွန်းတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ပြောဆိုခြင်းသည် ၂၀၁၇ ခုနှစ်၊ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသော KNU ၏ စစ်ရေးလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ တပ်မှူးများ အစည်းအဝေးက လက်နက်စွန့်လွှတ်ရေး လမ်းစဉ်ကို သဘောတူ လက်ခံမည် မဟုတ်ကြောင်း သဘောထား ချမှတ်ခဲ့ကြအပြီး နောက်ဆက်တွဲဖြစ်သည်။

“ NCA တွင် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရမည့် သဘောတူညီထားသည့် အချက် လုံးဝမပါဝင်ပေ။ ကရင် အမျိုးသားအစည်းအရုံး၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရေးပင် ဖြစ်ပါသည်။ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန် လုံးဝ မဟုတ် ပေ။ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ပင်ဖြစ်ပါသည်။ နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး၏ လိုအပ်မှုသည် ငြိမ်းချမ်းရေးပင် ဖြစ်ပါသည်”ဟု စောမူတူးစေးဖိုးက ပြောသည်။

ကရင်အမျိုးသား တော်လှန်ရေး နေ့ကို ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့သည်။ ထိုနေ့က KNU ၏တပ်မဟာများ အားလုံးသည် ၎င်းတို့၏တပ်ဖွဲ့ဝင်များ၊ ၎င်းတို့ထိန်းချုပ်ထားသော ဒေသများမှ ပြည်သူများပါဝင်သော အခမ်းအနားများကို ကျင်းပကြသည်။ ၎င်းတို့အနက် အကြီးမားဆုံးအခမ်းအနားကို ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ တပ်မဟာ (၅) ထိန်းချုပ်ထားသော ဒေသတွင် ကျင်းပသည်ဟု KNU အထွေထွေ အတွင်းရေးမှူး ဖဒို စောတာဒိုမူး၏ အဆိုအရ သိရသည်။

မြန်မာ့တပ်မတော်နှင့် ဆယ်စုနှစ် ၆ ခုကျော်ကြာ ပြည်တွင်းစစ်ကို တိုက်ခိုက်ခဲ့ပြီးနောက် KNU သည် ၂၀၁၂ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ပါဝင်လာခဲ့သည်။ ထိုနှစ်တွင်ပင် ထိုစဉ်က ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့နှင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲပြီးနောက် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် -NCA ကို လက်မှတ်ရေးထိုးသော အဖွဲ့ဝင်ဖြစ်လာသည်။

NCA သည် နိုင်ငံရေးပဋိပက္ခများကို စေ့စပ်ညှိနှိုင်းခြင်းနှင့် ပါဝင်ပတ်သက်သူတိုင်း တိုင်ပင်ဆွေးနွေးရေး ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းသော နိုင်ငံရေး ယဉ်ကျေးမှုသစ် ထူထောင်ခြင်းဖြစ်သည်ဟု လည်း စောမူတူးစေးဖိုးက ပြောသည်။

သို့သော် တွေ့ဆုံဆွေးနွေးခြင်းသည် ပိုမိုထိရောက် သကဲ့သို့ လက်နက်ကိုင်တိုက်ပွဲထက်လည်း ပိုမို အန္တရာယ်များသောကြောင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲများတွင် ပါဝင်ရာ၌ အထူး သတိထားရမည် ဖြစ်ကြောင်းလည်း KNU ဥက္ကဌ က သတိပေးသည်။

NCA အကောင်အထည်ဖေါ်ခြင်းနှင့် ပတ်သက်ပြီး လူထုက စိုးရိမ်ှုမှုများ ရှိနေသော်လည်း ထိုစာချုပ်သည် ခိုင်မာပြီး သင့်တော်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရန် လိုအပ်သော အဆင့်တခုဖြစ်ကြောင်းလည်း ဖဒို စောတာဒိုမူးက ပြောသည်။

ပါဝင်ပတ်သက်သူများအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်နှင့် ဘယ်လောက်အထိ စေ့စပ်ညှိနှိုင်းပီး မည်မျှ အလျော့အတင်း လုပ်ဆောင်နိုင်မည်လဲ ဆိုသည့်အချက်များ လိုအပ်ကြောင်းလည်း သူက ထပ်လောင်းပြောဆိုသည်။

“နှစ်ဖက်ကြားမှာ နက်နက်နဲနဲ ရှိနေတဲ့ အတွေးအခေါ် အယူအဆပိုင်းဆိုင်ရာ ဖြစ်ဖြစ်၊ ဖယ်ဒရယ်ကို ကြည့်တဲ့နေရာ ဒီမိုကရေစီကို ကြည့်တဲ့နေရာမှာပဲ မတူတဲ့ရှုထောင့်တွေကနေ အနီးစပ်ဆုံး အနေအထား တခုကို ရအောင် ကြိုးစားရယူရမှာ ဖြစ်တဲ့အတွက် လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာ နားလည်တယ်။ ဒါပေမယ့် ထဲထဲဝင်ဝင် နဲ့ ယုံယုံကြည်ကြည် စိတ်နှစ် ညှိနှိုင်းအဖြေရှာသွားရင် ဖြစ်လာမှာပါ။ ဘယ်အရာမှ လွယ်လွယ်ကူကူနဲ့ရလာတာ မဟုတ်ဘူး။ အထူးသဖြင့် နိုင်ငံရေးဆွေးနွေးပွဲဆို ပိုဆိုးတာပေါ့” ဟု ဖဒိုစောတာဒိုမူးက ဆိုသည်။

KNU သည် ပြည်သူလူထုအမြင်သဘောထားများကို နားထောင်ရန် လူထုဆွေးနွေးပွဲများကို အကန့်အသတ်ဖြင့် ပြုလုပ်ခဲ့ရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိကျင်းပသော အမြဲတမ်း ဗဟိုကော်မတီ အစည်းအဝေးတွင် NCA အကောင်အထည်ဖေါ်ခြင်းနှင့် ဆိုင်သော နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့သည်။ NCA အကောင်အထည်ဖေါ်သော လုပ်ငန်းစဉ်အောက်ရှိ လူထုဆွေးနွေးပွဲများ ကျင်းပခြင်း၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် ကြားကာလ အစီအစဉ်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးတွင် တတိယအကြိမ် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ မတိုင်ခင် ပြင်ဆင်ရမည့်အကြောင်းများကိုလည်း ဆွေးနွေးခဲ့သည်။

အစိုးရနှင့် တပ်မတော်ဘက်က နိုင်ငံရေး ဆွေးနွေးပွဲများမှ တဆင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး ဘုံသဘောတူညီချက် တနည်းအားဖြင့် ပြည်ထောင်စု သဘောတူညီချက်ကို ရရှိခဲ့ပါက လက်နက် ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး(DDR)နှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေး(SSR)ကို ဆွေးနွေး ဖော်ဆောင်ရန် ဆန္ဒရှိနေကြကြောင်း သိရသည်။

(ချင်းမိုင်မြို့မှ သတင်းထောက် ငြိမ်းငြိမ်း ပူးပေါင်းသတင်းရေးသား ပေးပို့သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading