သတင်း

နိုင်ငံအကျိုး မည်သူနှင့်မဆို ပူးပေါင်း ဆောင်ရွက်နိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံ၏ အကျိုးအတွက် မည်သူနှင့်မဆို ပူးပေါင်း ဆောင်ရွက်နိုင်ရမည် ဖြစ်၍ တဦးနှင့်တဦး ရဲဘော်ရဲဘက် စိတ်ဓာတ် လည်း ထားကြစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ဒုတိယအကြိမ် လွှတ်တော်များ ၂ နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။

“နိုင်ငံအတွက် ဆိုလို့ရှိရင် ဘယ်အစုအဖွဲ့က ဘယ်အစုအဖွဲ့နဲ့ မတည့်နိုင်ဘူးဆိုတာ လုံးဝ မရှိသင့်ဘူး။ နိုင်ငံ့အကျိုး အတွက် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း မရှိဘူး ဆိုတာ ဘယ်တော့မှ မဖြစ်ရဘူး။ နိုင်ငံအကျိုးအတွက် ဆိုရင် ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်နိုင်ရမယ်။ နောက်ပြီးတော့ ကျမတို့ အချင်းချင်းတွေပဲ”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သည်။

မဲဆန္ဒရှင် တယောက် အနေဖြင့်၊ ပြည်သူတယောက်၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တယောက်၊ အစိုးရ အဖွဲ့ဝင် တယောက် အနေဖြင့် ပြောဆိုခြင်း ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ တန်ဖိုးသည် အလွန်ကြီးကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ဟု ဆိုရာတွင် တပ်မတော်သား ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊ အားလုံးက စုပေါင်း၍ လုပ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အတိုက်အခံဆိုသည့် စကားလုံးကို ၎င်းအနေဖြင့် သိပ်မကြိုက်ကြောင်း၊ တိုက်မလား၊ ခံမလားဆိုသည့် သဘော ရှိရာ အတိုက်အခံမှာ ထိုသို့ မဖြစ်သင့်ဘဲ နိုင်ငံအကျိုးကို ကြည့်၍ ကူညီသင့်သည့်အခါ ကူညီခြင်း၊ လက်တွဲခြင်း၊ ထောက်ပြ ဝေဖန်သင့်သည့်အခါ ဝေဖန်ရမည်ဖြစ်၍ ရန်သူလို သဘော မထားသင့်ကြောင်းလည်း ဆိုသည်။

“ကိုယ်နဲ့မတူတဲ့ ပါတီတွေ အစုအဖွဲ့တွေနဲ့ ရန်သူဖြစ်ဖို့ မလိုပါဘူး။ အမြင်ချင်းမတူပေမယ့်လည်း မတူကွဲပြားမှုတွေ ရှိပေ မယ့် လည်း စုစည်းနိုင်တယ် မတူကွဲပြားမှု အပေါ် အခြေခံတဲ့ ညီညွတ်မှုကို ထူထောင်နိုင်တယ် ဆိုတာ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စိတ်ဓာတ်ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လွှတ်တော်သက်တမ်း၂နှစ်အတွင်း အရပ်ဘက်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကြားတွင် နိုင်ငံတော် နဲ့ နိုင်ငံသား အကျိုးအတွက် ပူးပေါင်းဆောင်ရွက်သည့် အပိုင်းတွင် မျှော်လင့်ထားသလောက် အားမကောင်းကြောင်း၊ အာဏာရ ပါတီက တပ်မတော်၊ လူနည်းစု တိုင်းရင်းသား အဖွဲ့များနှင့် ထိထိရောက်ရောက် ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လိုအပ် နေသေးကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

“လက်ရှိ အာဏာရပါတီ အနေနဲ့ လာမယ့် ၃နှစ် လွှတ်တော်ထဲမှာ အနည်းစုပါတီက အမြင်တွေရဲ့ အသံတွေကို အလေး အနက် ထားဖို့ လိုအပ်တယ်။ အဲဒီလိုပဲ တပ်မတော်သားတွေနဲ့လည်း ပွင့်ပွင့်လင်းလင်း အကြိတ်အနယ် ညှိနှိုင်း ဆွေးနွေးမှု တွေ ကနေတဆင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဒီထက်ပိုပြီး ကောင်းမွန်ပြီး အားမျှခြေတခု ရောက်အောင် လုပ်ဖို့ လိုအပ်မယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဖြစ်နိုင်မည် ဆိုပါက လွှတ်တော်ထဲတွင် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ပိုမို ကောင်းမွန်စေရန် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆိုင်ရာ လွှတ်တော် ကော်မတီတရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ဒီမိုကရေစီ အကူအပြောင်း တွင် အစိုးရ ဘာလုပ်လုပ် ကန့်လန့်တိုက်သည့် အစုအဖွဲ့ကို အတိုက်အခံဟု ခေါ်ဆိုမည် ဆိုပါကလည်း ဒီမိုကရေစီ အပြောင်း အလဲ အတွက် အနုတ်လက္ခဏာပြနိုင်ကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ကမူ လွှတ်တော်ထဲတွင် သက်ဆိုင်ရာ ကော်မတီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် NLD မဟုတ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ လူနည်းစု တိုင်းရင်းသား ပါတီများမှ အမတ်များက ပူးပေါင်း ဆောင်ရွက်ခွင့် ရသော်လည်း မေးခွန်းများ တင်သွင်းခြင်း၊ အဆို တင်သွင်းသည့်အခါတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု မရှိကြောင်း ပြောသည်။

“အဆို တင်လိုက်ရင် NLD မဟုတ်တဲ့ ပါတီတွေက ထောက်ခံသူ ရလေ့မရှိဘူး။ ဥပဒေကြမ်းတွေ တင်ရင်လည်း ဒီလိုပဲ။ ဒါက တော့ အနိုင်ရပါတီရဲ့ ချတဲ့မူဝါဒအရ ဖြစ်နိုင်တယ်။ ပြီးတော့ အစိုးရက ချလိုက်တဲ့မူဝါဒတခုကို ကောင်းတယ် ဆိုးတယ် ဝေဖန်ပြီးတော့မှ အဲဒီလို မချသင့်ဘူး၊ ဒီလိုပဲ လုပ်သင့်ပါတယ်လို့ ပြောနိုင် ဆိုနိုင်လောက်တဲ့ အတိုက်အခံမျိုး လွှတ်တော်ထဲမှာတော့ မတွေ့ရသေးဘူး”ဟု ဦးစိုင်းသီဟကျော်က ပြောဆိုသည်။

၎င်းက ဆက်၍ “လက်ရှိ အနေအထားမှာ တခုရှိတာက တပ်မတော်ကလည်း အမှန်အတိုင်း ပြောရရင် အင်အားစု တခု အနေနဲ့ လွှတ်တော်ထဲမှာ ရှိနေတာပဲ။ တကယ်တန်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ကိစ္စတွေကို ပြင်ဖို့လုပ်မယ် ဆိုရင် တပ်မတော်ကတော့ သူ့ရဲ့ ရပ်တည်ချက်အပေါ်မှာပဲ လုံးဝကို အထိမခံဘူးလေ။ ဒီလိုမျိုးကို အတိုက်အခံလို့ ပြောလို့ မရဘူး”ဟုလည်း ဆိုသည်။

ဒီမိုကရေစီစနစ်သည် ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်သော်လည်း တခြားစနစ်များထက် သာလွန်၍ ယင်း စနစ် တည်တံ့ ခိုင်မြဲ၍ မှန်ကန်သည့် လမ်းကြောင်းပေါ်မှာ ဆက်သွားနိုင်ရေး ကြိုးစားရာတွင် လွှတ်တော် ကိုယ်စားလှယ်များက ပါဝင်ရန် လိုကြောင်း၊ ဒီမိုကရေစီ စနစ် ခိုင်မာရန် ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့၃ ခုစလုံး လက်ညီတက်ညီနှင့် ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသောကြောင့် ရုပ်ပိုင်းဆိုင်ရာ အင်အား သိပ်မကြီး သည့် နိုင်ငံတခု အနေဖြင့် စိတ်ပိုင်းဆိုင်ရာ အင်အား၊ စုစည်းပြီး ညီညီညွတ်ညွတ်ဖြင့် အားလုံးက ဝိုင်းဝန်း ရပ်တည်ပေးကြ ရန် နှင့် အင်အားရှိပါက အနိုင်ကျင့်ခံရမှု နည်းသွားနိုင်ကြောင်းလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကိုယ်စားလှယ် တဦးချင်း တယောက်ချင်းဟာ ဘာအမှားမှ မရှိဘူး ဆိုရင် ကျမတို့ လွှတ်တော် ကြီးဟာ မှားတဲ့လမ်းကို ရောက်သွားစရာ ဘယ်တော့မှ မရှိပါဘူး။ ကျမတို့ရဲ့ လွှတ်တော်ကြီးဟာ မှားတဲ့လမ်းကို မရောက် သွား ဘူး ဆိုလို့ရှိရင် ကျမတို့နိုင်ငံဟာလည်း မှားတဲ့လမ်းကို ရောက်သွားမှာ မဟုတ်ပါဘူး”ဟု ဆက်လက် ပြောဆိုသွား သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading