သတင်း

တိုင်းပြည်တွင် စိတ်ရောဂါဖြစ်သူ များလာကြောင်း ကျန်းမာရေးဝန်ကြီးပြော

Want create site? Find Free WordPress Themes and plugins.

သုတေသနစစ်ဆေးမှုများအရ မြန်မာနိုင်ငံတွင် စိတ်ရောဂါ ဖြစ်ပွားသူ အလွန်များလာသော်လည်း ကုသနိုင်မည့် စိတ်ကျန်းမာရေးဆရာဝန် အလွန်နည်းနေသဖြင့် လိုအပ်ချက် ပြည့်မီစေရန် စိတ်ရောဂါကု ဆရာဝန်များ မွေးထုတ်နိုင်ရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ကျန်းမာရေး ဝန်ကြီးဒေါက်တာ မြင့်ထွေးက “စိတ်ရောဂါဟာ ကျနော်တို့ နိုင်ငံမှာ တော်တော် များလာတယ်။ ရှာဖွေလို့ တွေ့တာလည်း ဖြစ်နိုင်တယ်။ နဂိုကတည်းက များတာလည်း ဖြစ်နိုင်တယ်” ဟု ဖေဖော်ဝါရီလ ၁ ရက်နေ့က ကကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း က မြန်မာနိုင်ငံတွင် ခရိုင်အဆင့် ဆေးရုံကြီးများတွင် စိတ်ကျန်းမာရေး ဆရာဝန်ကြီးများ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်းစဉ် အထက်ပါ အတိုင်း ဝန်ကြီးကပြောဆိုခြင်း ဖြစ်သည်။

၂၀၁၆ခုနှစ် အောက်တိုဘာလက ရန်ကုန်မြို့အနီးရှိ မြို့နယ် ၁ ခုကို လေ့လာရာတွင် စိတ်ကျရောဂါသည် လူ ၁၀၀၀ တွင် ၉ ဦး၊ အတက်ရောဂါ ၈ ဦး၊ စိတ်ဖောက်ပြန်မှု ၉ ဦး၊ ၂၀၁၇ နှစ်က ရန်ကုန်နှင့် အနီးတဝိုက်ရှိမြို့နယ်၂ ခုကို လေ့လာကြည့်ရာ စိတ်ရောဂါမျိုးစုံသည် လူ ၁၀၀၀ တွင် ၈၆ ဦး၊ ရှုးသွပ်ခြင်းမှာ လူ ၁၀၀၀ တွင် ၆ ဦး၊ စိုးရိမ်စိတ်ရှိသူ ၄၁ ဦး၊ စိတ်ဓါတ်ကျရောဂါမှာ ၆ ဦး၊ အတက်ရောဂါမှာ ၄ ဦး၊ မှတ်ညဏ်နည်းရောဂါမှာ ၁၀၀၀ တွင် ၄၃ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

“ဒီလူတွေဟာ လိုအပ်တဲ့ကုသမှုကို အကုန်မရနိုင်ပါဘူး။ စိတ်ရောဂါကု ဆရာဝန် နည်းလို့ပါ။ မြို့နယ်၂ခုကို နာမည်မဖော်ပြတာက သုတေသန ကျင့်ဝတ်အရ ဖြစ်ပါတယ်။ စိတ်ရောဂါကို ဗမာပြည်က သိပ်ပြီးတော့ အလေးမထားပါဘူး။ အမေရိကားဆို အရမ်းအရေးထားတယ်။ ထိုင်းနိုင်ငံမှာဆိုရင် DG တယောက် ဦးစီးတဲ့ Department of Mental Health တောင်ရှိပါတယ်” ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဆောင်ပုဒ်မှာ “စိတ်ကျရောဂါ တိုင်ပင်ဆွေးနွေးပါ” ဟူ၍ ဖြစ်ပြီး စိတ်ရောဂါရှိသူ၊ စိတ်ကျရောဂါ ရှိသူများသည် မိမိကိုယ်မိမိ သေကြောင်း ကြံစည်တတ်ကြသလို လူသတ်မှု၊ ရာဇဝတ်မှုစသည့် အမှုကြီးများကိုလည်း ကျူးလွန်တတ်ကြကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း က လွှတ်တော်တွင် ပြောသည်။

ဦးမင်းသိန်း က “စိတ်ကျရောဂါကို စိတ်ကျန်းမာရေး ဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးခြင်းကသာလျှင် ထိရောက်သောကုသမှု ဖြစ်နိုင်မှာပါ။ ဒီနေ့ ကျနော်တို့ရဲ့ ပြည်သူတွေဟာ စိတ်ကျန်းမာရေး၊ ပညာ၊ ဗဟုသုတ နည်းပါးလွန်းလှသလို စိတ်ကျန်းမာရေး ဆရာဝန်ကြီးများ ရှားပါးလွန်းတာကြောင့် ဆရာဝန်ကြီးများနဲ့ အလှမ်း ကွာဝေးလွန်းလှပါတယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “စိတ်ဝေဒနာကို ကုသရတာက ရုပ်ဝေဒနာကို ကုသရတာထက် ပိုပြီးတော့ ခက်ပါတယ်။ စိတ်ကျရောဂါဟာ အလွှာစုံ၊ အသက် အရွယ်မျိုးစုံမှာ ဖြစ်နေပါတယ်။ ဟိုတလောက ပဲခူးတိုင်းက မြို့ငယ်လေးတမြို့မှာ ၅ တန်းကျောင်းသားလေး တယောက် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေသွားတာကအစ ကိုရီးယားမင်းသား K Pop အဆိုတော် မိမိကိုယ်မိမိ အဆုံးစီရင်သွားခြင်းဟာ နမူနာပါပဲ”ဟုပြောသည်။

မြန်မာနိုင်ငံတွင် စိတ်ရောဂါခံစားနေရသူများကို ကူညီဖေးမပေးမည့် လူမှုအဖွဲ့အစည်း နည်းပါးလှပြီး ပညာရေး၊ နာရေး၊ ကျန်းမာရေးကူညီသည့် အခြားလူမှုအဖွဲ့အစည်းက များနေကြောင်း၊ ထို့ပြင်အခြားသော အထူးကု ဆရာဝန်ကြီးများ ပေါများသော်လည်း စိတ်ကျန်းမာရေး ဆရာဝန်မှာ ရှားပါးလှကြောင်း လွှတ်တော်တွင် ဆွေးနွေးကြသည်။

ရန်ကုန်မြို့မှစာရေးဆရာ၊ ရှေ့နေဦးကြီးမြင့် က နှစ်စဉ် ဧရာဝတီတိုင်းတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၁၀၀၀ ခန့် ရှိကြောင်း ရန်ကုန်တိုင်းတွင် စာရင်းမသိရသော်လည်း များကြောင်း၊ ယင်းသို့ ဖြစ်ခြင်းသည် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများနှင့်လည်း ဆက်စပ်မှု ရှိကြောင်း ပြောသည်။

ဦးကြီးမြင့် က “ဒီအခြေ အနေတွေကို လွတ်မြောက်အောင် တိုင်းပြည်မှာ အစိုးရကောင်းတွေ တက်လာဖို့လိုတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ဂရုစိုက်တဲ့ အစိုးရကောင်းတွေ တက်လာဖို့လိုတယ်။ အဲလိုတက်လာဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အစားထိုးနိုင်ဖို့လိုတယ်။ အခုလိုပိတ်ဆို့ နေတာတွေ ဖြစ်နေတော့ မတိုးတက်နိုင်ဘူးလို့ ပြောရမယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စိတ်ရောဂါကု ဆရာဝန်များကိုတ ာဝန်ချသည့် ဆေးရုံပေါင်း ၅၁ ရုံရှိရာ စိတ်ရောဂါ အထူးကုဆေးရုံကြီး ၂ ရုံ၊ ဗဟိုအဆင့် သင်ကြားရေး ဆေးရုံကြီး ၉ ရုံ၊ ကုတင် ၅၀၀ ဆန့် ဆေးရုံကြီး ၉ ရုံ၊ ကုတင် ၂၀၀ ဆံဆေးရုံကြီး ၂၉ ရုံနဲ့ မူးယစ်ဆွဲဆေးရုံကြီး ၂ ရုံမှာစုစုပေါင်း ၅၁ ခု ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ကုသရေးဦးစီးဌာနအောက်တွင် စိတ်ရောဂါ အထူးကုပါမောက္ခ၊ အထူးကုဆရာဝန်ကြီး၊ အထူးကုဆရာဝန်၊ လက်ထောက် ဆရာဝန် ၁၃၃ ဦးခွင့်ပြုထားသော်လည်း ၅၉ ဦးကိုသာ ခန့်ထားနိုင်ကြောင်း၊ ယင်းမှာ သတ်မှတ်ချက်၏ ၇၀ ရာခိုင်နှုန်းသာရှိကြောင်း၊ ဆေးတက္ကသိုလ်များတွင် စိတ်ပညာ ဘာသာရပ် အတွက် သင်ကြားရေးဆရာဝန် ၁၁၁ ဦးခန့်ရမည် ဖြစ်သော်လည်း ၂၃ ဦးသာရှိကြောင်းသိရသည်။

ကျန်းမာရေးဝန်ကြီးက “နောက်နှစ်များမှာတော့ ဖွဲ့စည်းပုံတိုးချဲ့မယ်။ နောက်နှစ်ကိုပိုထုတ်ပါတယ်။ ၂၀၁၇ ဒီဇင်ဘာမှာ အောင်သွားတဲ့ စိတ်ရောဂါ အထူးကုဆရာဝန် ၂၄ ဦး ရှိပါတယ်။ ပြီးရင် ၁ နှစ် ဆေးရုံကြီးမှာ အတက်ချ် လုပ်ပါတယ်။ သူတို့ကို မကြာခင် နေရာချဖို့ လုပ်နေပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောတဲ့ ကုတင် ၁၀၀၊ ၂၀၀ မှာ အဲလိုထားမယ် ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading