သတင်း

ဝေဖန် တိုက်ခိုက်မှုများကြောင့် သည်းခံစွမ်းအား ပိုမြင့်မားလာကြောင်း ဇေကမ္ဘာ ဦးခင်ရွှေပြော

Want create site? Find Free WordPress Themes and plugins.

မိမိအား လူသတ်သမား၊ ဘိန်းရာဇာ စသဖြင့် လူမှုကွန်ရက်များ ပေါ်တွင် ဝေဖန် တိုက်ခိုက်မှုများကြောင့် ခန္တီပါရမီ (သည်းခံနိုင် စွမ်းအား) ပိုမိုမြင့်မား လာခဲ့ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီတိုင်း ဒေသကြီးရှိ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်အား ဘက်စုံမွမ်းမံ ပြင်ဆင်ခြင်း အတွက် လှူဒါန်းပွဲ အခမ်းအနားတွင် ပြောကြားသည်။

မြန်မာ နိုင်ငံတဝန်း ဘုရားများ ပြုပြင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ရာတွင် မော်တင်စွန်း စေတီတော် သည် အဆူ ၅၀၀ ပြည့်မြောက် ဘုရားဖြစ်ကြောင်း၊ ဆရာဖြစ်သူ ပထမ ကျိုက်ထီးဆောင်း ဆရာတော်၏ ဆန္ဒတော် အရ ယခုလို လာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက် က ငပုတောမြို့နယ် မော်တင်စွန်း ဘုရားတွင် ကျင်းပ သည့် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော် အသစ်များ ကပ်လှူ ပူဇော်ခြင်း အခမ်းအနားတွင် ၎င်းက ပြောခြင်း ဖြစ်သည်။

ဇေကမ္ဘာ ဦးခင်ရွှေက “ဆရာတော်က ကျနော့်ကိုတခု ပြောသွားတယ်။ ကိုယ့်ကိုနာအောင် လုပ်တဲ့လူရှိမှ ကိုယ်က အနာဂါမ် ဖြစ်တာတဲ့။ Facebook ကနေ နာအောင် လုပ်တဲ့လူတွေကိုလည်း ကျေးဇူးတင်တယ်။ ဘာလို့ဆိုတော့ အနာဂါမ် ဖြစ်ဖို့ အလားအလာ ရှိလို့။ ခန္တီပါရမီ ဆိုတာလည်း ဒီအတိုင်းပဲ။ အဲဒီတော့ ဝိုင်းပြီး ချကြတဲ့အတွက် နေရင်း ထိုင်ရင်းနဲ့ ခန္တီပါရမီ တော်တော် ပြည့်စုံသွားတယ်။ အရေလည်း တော်တော် ထူသွားတယ်။ ဘယ်လို ချကြသလဲ ကြည့်လိုက်။ ခင်ရွှေနဲ့ ပတ်သက်ရင် တခုမှ မကောင်းဘူး။ ဘိန်းဘုရင်၊ လူသတ်သမား အကုန် ရေးတယ်။ တကယ့် လက်တွေ့မှာ ဒီလို မဟုတ်ပါဘူး။ ကျနော်တို့ မိသားစုအားလုံးဟာ ဘာသာတရားနဲ့ နေကြတာပါ” ဟု အခမ်းအနား လာရောက်သည့် ဒေသခံများကို ရှင်းလင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထင်ကရ စေတီတော်တဆူဖြစ်သည့် ပုသိမ်ခရိုင် ငပုတော မြို့နယ်ရှိ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်အား ဘက်စုံမွမ်းမံ ပြင်ဆင်ခြင်း အတွက် မြန်မာနိုင်ငံ၏ ထိပ်တန်းသူဌေး တဦးဖြစ်သည့် ဇေကမ္ဘာ ဦးခင်ရွှေ က ကျပ်ငွေ ၁ ဒသမ ၅ ဘီလီယံကျော် (ကျပ် သိန်း ၁ သောင်း ၅ ထောင်ကျော်) လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ လှူဒါန်းငွေ ပမာဏကို သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

“အခုလို မော်တင်စွန်း စေတီတော်မြတ်ကြီးကို ဘက်စုံပြုပြင်မွမ်းမံခြင်း အတွက် ဇေကမ္ဘာကုမ္ပဏီ မိသားစု အနေနဲ့ ကျပ် သိန်းပေါင်း ၁ သောင်း ၅ ထောင်ကျော် သုံးစွဲ ကုန်ကျခဲ့ပါတယ်။ ကျပ် သန်းအားဖြင့် သန်း ၁၅၀၀ ရှိပြီး လှူဒါန်း ငွေ ဟာ ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် ပါတယ်”ဟု သူရဦးအောင်ကိုက ဆရာတော်များအား လျှောက်ထားရာတွင် ထည့်သွင်း ပြောကြားသည်။

မြတ်မော်တင်စွန်း စေတီတော်သည် ငလျင်ဒဏ်၊ လှိုင်းဒဏ်၊ လေဒဏ်ကြောင့် စေတီတော် လုံးတော်နှင့် ရင်ပြင်တော် အက်ကွဲခြင်း၊ ထီးတော်များ ဟောင်းနွမ်း ဆွေးမြေ့နေသည့် အတွက် စေတီတော်အား ပြန်လည် ပြုပြင်ပေးရန် ဝန်ကြီး ချုပ် ဟောင်း မန်းဂျော်နီမှ သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုထံ တင်ပြကြောင်း၊ သူရ ဦးအောင်ကိုမှ မွန်ပြည် နယ်ရှိ ကျိုက်ထီးဆောင်း ဆရာတော်၊ ဇေကမ္ဘာ ဦးခင်ရွှေတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဇေကမ္ဘာဦးခင်ရွှေက လှူဒါန်းရန် လက်ခံပြီး ယခုလို ပြင်ဆင်ခြင်း ဖြစ်ကြောင်း သူရဦးအောင်ကို က အခမ်းအနားတွင် ပြောဆိုသည်။

မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး အတွက် ဇေကမ္ဘာဦးခင်ရွှေ မိသားစုအနေဖြင့် လှူဒါန်းခဲ့မှုများမှာ စေတီတော် အား လုံးတော်ပြည့် စတီး ရွှေသင်္ကန်း ကပ်လှူခြင်း၊ စေတီတော်အားဉာဏ်တော် ပေ ၃၀ မြှင့်တင်ခြင်း၊ စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်များ အသစ်လှူဒါန်းခြင်း၊ ပုသိမ် – မော်တင် ကားလမ်း ကွန်ကရစ်ပေ ၁၅၀၀ ခင်းခြင်း၊ စေတီတော် အတွက် ရေလွဲှပေါက် တည်ဆောက်ခြင်း၊ အောက်ရင်ပြင်တော် ကွန်ကရစ်ခင်းခြင်း၊ အထက် ရင်ပြင်တော် ကြွေပြားခင်းခြင်း နှင့် ကွန်ကရစ် တန်ဆောင်း တည်ဆောက်ခြင်းများ ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

ထီးတော်တင်သည့် အခမ်းအနားသို့ ဒုတိယ ကျိုက်ထီးဆောင်း ဆရာတော် ဘဒ္ဒန္တ နာဂဒီပ၊ တိပိဋ္ဋက ဆရာတော်များ နှင့် မော်တင်စွန်းဆရာတော်တို့အပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် မိသားစုများ တက်ရောက်ကာ ထီးတော်တင် ပူဇော်ခဲ့ကြသည်။

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သည့် မွန်ပြည်နယ် မော်လမြိုင်မြို့သား ဦးခင်ရွှေသည် မြန်မာနိုင်ငံ တောင်တန်း နယ်စပ် သာသနာ့နုဂ္ဂဟ အဖွဲ့ ဥက္ကဋ္ဌနှင့် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦး ဖြစ်ပြီး အစိုးရက အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ ချီးမြင့်ခြင်း ခံထားရသူ ဖြစ်သည်။

ဦးခင်ရွှေသည် မြန်မာနိုင်ငံတွင် ၉ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ကာ ပိုင်ဆိုင်မှုအနေဖြင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရှိကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း က ပြည်ပအခြေစိုက် Indapaper အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading