သတင်း

ကိုးကန့် နှင့် မိုင်းလား ခေါင်းဆောင်များကို UWSA သွားရောက်တွေ့ဆုံ

Want create site? Find Free WordPress Themes and plugins.

“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဒုဥက္ကဋ္ဌ များဖြစ်သည့် ဦးကျောက်ကော်အန်နှင့် ဦးတာ့ဂျက် (ဦးပေါက်ယူလျန်) တို့သည် မိုင်းလားအဖွဲ့၊ ကိုးကန့်အဖွဲ့ တို့က ခေါင်းဆောင်များနှင့် မြန်မာ – တရုတ်နယ်စပ်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

UWSA ဒုဥက္ကဋ္ဌ များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဥက္ကဋ္ဌ ဦးစိုင်းလင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ကြောင်း UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်း က ပြောသည်။

အလားတူ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ဥက္ကဋ္ဌ ဦးဖုန်ကြားရှင်နှင့်လည်းတွေ့ဆုံမှု ရှိခဲ့ကြောင်း သိရသည်။

ဦးညီရန်း က “ဖုန်ကြားရှင်နဲ့ ကတော့ မိတ်ဆွေဟောင်း အနေနဲ့ ဂါရဝသွားပြုသလိုပါပဲ။ ဘာမှတော့ မဆွေးနွေးပါဘူး။ မိုင်းလားမှာပဲ တွေ့တာထင်တယ်။ အတိအကျတော့ မသိဘူး” ဟု ပြောသည်။

NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် သွားရောက်တွေ့ဆုံမှုမှာလည်း မကြာခင်ရက်ပိုင်းတွင် ကျရောက်တော့မည့် တရုတ်နှစ်သစ်ကူး မတိုင်မီ ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပြီး ထိုတွေ့ဆုံမှုတွင် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဦးညီရန်း က ဆိုသည်။

UWSA၊ NDAA၊ MNDAA တို့သည် မြန်မာ- တရုတ် နယ်စပ် တလျှောက် လှုပ်ရှားနေသော တိုင်းရင်းသားလက် နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ပြီး ယခုလို တွေ့ဆုံမှုအပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က“ ပြီးခဲ့တဲ့ လလယ်က (ဇန်နဝါရီ ၁၄ ရက်) “ဝ” အဖွဲ့ရဲ့ ညီလာခံခေါ်ရမှာပေါ့။ သူတို့ ခေါင်းဆောင်တွေ အပြောင်းအလဲ တစုံတရာရှိတဲ့ မူဝါဒပေါ်လစီတွေ ပြန်လည် သုံးသပ်တဲ့ အစည်းအဝေးတရပ် ကျင်းပတာပေါ့။ အဲဒီကရတဲ့ဟာတွေ သဘောထားတွေကို သူတို့အနေနဲ့ သူတို့ရဲ့ အရင်းအနှီးဆုံး မဟာမိတ်ဖြစ်တဲ့ ကိုးကန့်နဲ့ မိုင်းလားကိုတော့ သွားရောက် ရှင်းလင်း ဆွေးနွေးပြတယ်လို့ ကျနော် ယူဆပါတယ်” ဟု ပြောသည်။

လက်ရှိတွင် UWSA ခေါင်းဆောင်များနှင့် အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ညှိနှိုင်းမှုများရှိနေကြောင်း သိရပြီး တွေ့ ဆုံမည် နေရာနှင့် အချိန်ကို မသတ်မှတ်နိုင်သေးကြောင်း UWSA ထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading