သတင်း

မြောက်ဦး ဖြစ်စဉ်ကြောင့် ဆေးကုသမှု ခံယူနေသည့် ရခိုင်လူငယ် ၈ ဦးကို အကျဉ်းထောင် ပို့ဆောင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော အဓိအရုဏ်းကြောင့် သေနတ်ဒဏ်ရာဖြင့် စစ်တွေမြို့ ပြည်သူ့ ဆေးရုံးကြီးတွင် ဆေးကုသမှု ခံယူနေသော ရခိုင်လူငယ် ၈ ဦးကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက စစ်တွေ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆေးကုသခံယူနေသော လူငယ် ၈ ဦးအား အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ရာတွင် မိဘများကို အသိပေးခြင်း မရှိဘဲ အချုပ်ကားဖြင့် တခါတည်း ယူဆောင်သွားခြင်း ဖြစ်ကြောင်းလည်း မိဘများက ပြောသည်။

လူနာ ကိုသန်းဇော်၏ ဖခင် တစ်ဦးဖြစ်သူ ဦးအေးမောင်သိန်း က “ပြည်နယ်မှူး လာစစ်မယ်ဆိုတာ သိတော့ ကျနော်တို့ တမနက်လုံး ဆေးရုံ အချုပ်ခန်းရှေ့မှာ ထိုင်စောင့် နေခဲ့တယ်။ အဲဒီလို စောင့်နေခဲ့တဲ့ အချိန်မလာခဲ့ဘူး။ လူနာတွေကို ညနေပိုင်း ထမင်းပို့ဖို့ စီစဉ်နေတဲ့ အချိန် မိဘတွေ မရှိတဲ့အချိန် အချုပ်ကားနဲ့ ခိုးထုတ်သွားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “ဒီလူတွေဟာ ကိုယ့် ဆယ့်ခြောက်ပါး ရောက်ကာ ဖြစ်လို့ ဆေးကုနေတာမဟုတ်ဘူး။ သေနတ်ဒဏ်ရာနဲ့ ဆေးကုနေ တာဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ မိဘတွေအနေနဲ့ ပြည်စုခွင့်လေး ရချင်တာပေါ့” ဟု ဆိုသည်။

အကျဉ်းထောင်သို့ ပို့ဆောင်ခံရသော ရခိုင်လူငယ် ၈ ဦးသည် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်အတွင်းက သေနတ်ဒဏ်ရာများ ရရှိကာ စစ်တွေမြို့ ပြည်သူ့ဆေးရုံးသို့ ပြောင်းရွေ့ ကုသနေခဲ့ရသူများဖြစ်သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အဆိုပါ ရခိုင်တိုင်းရင်းသား ၈ ဦးကို ပြည်သူပိုင် အဆောက်အဦး အကျိုးပျက်စီးမှု ပုဒ်မ ၆ (၁) ဖြင့် မြောက်ဦးမြို့မ ရဲစခန်းက အမှုဖွင့်ခဲ့ပြီး စစ်တွေမြို့ ပြည်သူဆေးရုံး အတွင်း အချုပ်သား လူနာဆောင်သို့ ပြောင်းရွေ့ ကုသခဲ့ခြင်း ဖြစ်သည်။

ဆေးကုသမှု ခံယူနေသော ရခိုင်လူငယ် ၈ ဦး၏ ဒဏ်ရာများကို ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ချုပ်ကြိုးများကို ဖြေပြေးခဲ့ပြီး တချို့ ခြေထောက်တွင် ဒဏ်ရာ ရရှိသော လူနာများမှာ မတ်တပ်ရပ်နိုင်ခြင်း မရှိသေးသဖြင့် လူနာကုတင်အောက်တွင်ပင် အလေး၊ အပေါ့ သွားရသည့် အဆင့် ရှိနေသေးသည်ဟု မိဘများက ဆိုသည်။

မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် ပွဲကျင်းခြင်း ပိတ်ပင်ခံရမှုနှင့် အပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading