သတင်း

ခွင့်ပြုချက်မဲ့ အိမ်ရာစီမံကိန်းများကြောင့် စိုက်ပျိုးမြေ မကျန်နိုင်ဟု လွှတ်တော် ဥက္ကဋ္ဌပြော

Want create site? Find Free WordPress Themes and plugins.

အိမ်ရာစီမံကိန်းများကို အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံတဝန်းတွင် ပြုလုပ်လာခြင်းသည် စိုက်ပျိုးမြေပင် မကျန်နိုင်တော့သဖြင့် ယခုကိစ္စကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တားဆီးပေးရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ပွင့်လင်း မြင်သာမှုမရှိ၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်လည်း မညီသော မြို့ကွက်သစ် အိမ်ရာစီမံကိန်းများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိလိုကြောင်း မေးခွန်းမေး မြန်းမှုအပေါ်တွင် ဦးဝင်းမြင့်က အထက်ပါ အတိုင်းပြောဆိုခြင်း ဖြစ်သည်။

ယခုကိစ္စသည် တနိုင်ငံလုံး အတိုင်းအတာနှင့် အလွန်အရေးကြီးကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းများတွင်လည်း ဖြစ်ပွားနေပြီး မြို့ကွက်သစ်များ၊ အိမ်ရာစီမံကိန်းများကို ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်မရှိ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း မသိ၊ မြန်မာနိုင်ငံရင်းနှီး မြုပ်နှံမှု ကော်မရှင်ကလည်း မသိဘဲ ဆောင်ရွက်နေ၍ ဒီလိုပုံစံမျိုးသာ ဆက်လက် လုပ်ဆောင်နေပါက ပိုမိုဆိုးရွားနိုင်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

ဦးဝင်းမြင့် က “တချို့က လယ်ယာမြေတွေကို အဲဒီလိုပဲလိုက် လုပ်နေတယ်။ အဲဒါဆိုရင် စိုက်ပျိုးမြေတောင် ကျန်မှာ မဟုတ်တော့ဘူး။ အဲဒါလေးကိုတော့ အလေးအနက်ထားပြီး စဉ်းစားစေချင်ပါတယ်။ ကျနော်ပြောတဲ့ ပြန်လည်စဉ်းစား ပေးစေချင်တယ်ဆိုတာ ပြည်နယ်/တိုင်း အစိုးရက တားပါလိမ့်မယ်ဆိုတဲ့ အဖြေမျိုးလာက်နဲ့ မလုံလောက်ဘူး။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှာ လုံးဝတာဝန်ရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဧရိယာ ၄၈၀ ဧကရှိသည့် မြို့သစ် စီမံကိန်းတခုကို အကောင်အထည်ဖော်နေရာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် ညီ/မညီ စိစစ်သင့်ကြောင်း၊ ထိုထဲမှ မြေများသည် စီမံကိန်းအတွက် အခြားနည်းဖြင့် သုံးစွဲခွင့် ရှိသောမြေမဟုတ်သော်လည်း ဆက်လက် ဖော်ဆောင်နေမှုကို ဓါတ်ပုံများ၊ ပါဝါပွိုင့်များဖြင့် လွှတ်တော်တွင် အမတ်ဖြစ်သူ ဒေါ်နီနီမေမြင့်က မေးခွန်းထုတ်ခဲ့သည်။

ဒေါ်နီနီမေမြင့် က “အခုထိလယ်မြေ၊ မြေလွတ် မြေရိုင်းအဖြစ်သာ ရှိနေသေးတဲ့ မြေတွေကို ဥပဒေနဲ့ မညီဘဲ မြို့ကွက်သစ် ဖော်ဆောင်ခြင်းဟာ တချိန်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်နိုင်ပါတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်ရှိ ယင်းမြို့ကွက်ကိုယခင် အစိုးရလက်ထက် ၂၀၁၄၊ ၁၅ ခုနှစ်က ပြည်နယ် အစိုးရအဖွဲ့၏ အစီအမံဖြင့် ထာဝရအောင်မြေ အများပိုင် ကုမ္ပဏီက မြေဧရိယာပေါင်း ၃၁၉ ဧကတွင် လယ်မြေ ၁၉၀.၇၉ ဧက၊ ဓနိမြေ ၅.၁၉ ဧက၊ မြေလွတ် မြေရိုင်း ၁၂၃.၂၀ ဧကရှိကြောင်း၊ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယင်းမြေများကို အခြားနည်းဖြင့် အသုံးပြုနိုင်ရန် ကန့်ကွက်သူများ ရှိပါက ကန့်ကွက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သော်လည်း ကန့်ကွက်မည့်သူ မရှိခဲ့ကြောင်း အစိုးရ ဒုဝန်ကြီး ဦးလှကျော် က ရှင်းသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုဝန်ကြီး ဦးလှကျော် က “မြိ့ကွက်သစ် ဖော်တာကို ပြည်နယ် အစိုးရက ဗဟိုရဲ့ ခွင့်ပြုချက် ရယူပြီးတော့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ခွင့်ပြုချက် မရရှိသေးဘဲနဲ့ ဆောင်ရွက်တဲ့ ကိစ္စဟာ ပြည်နယ် အစိုးရအဖွဲ့က တားထားရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့မညီရင် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့က တားရမှာပါ”ဟု ပြန်လည် ဖြေရှင်းခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရက တားဆီးရမည်မှာ မှန်သော်လည်း ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနကလည်း ပြည်နယ် အစိုးရကို တားရန် ညွှန်ကြားရမည် ဖြစ်ကြောင်း၊ မကြာခင်ကလည်း တိုင်းဒေသကြီး တခုတွင် ယခုလို ပုံစံမျိုးဖြစ်၍ ပြည်ထောင်စု အဆင့်က တားလိုက်ရကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က “အခုသိနေပြီ ကြားနေပြီ ဆိုရင် ပြည်ထောင်စု အစိုးရအနေနဲ့ဝန်ကြီးဌာန အနေနဲ့သက်ဆိုင်ရာ ပြည်နယ် အစိုးရကို တားဖို့ မလိုအပ်ဘူးလား၊ ညွှန်ကြားဖို့ မလိုအပ်ဘူးလား။ ပြည်နယ်/တိုင်း အစိုးရက တားရမယ်ဆိုပြီးတော့ ဒီလိုဆင်ဝှေ့ ရန်ရှောင် အလုပ်လုပ်လို့တော့ မရနိုင်ဘူး”ဟု ဆိုသည်။

ထို့ပြင် မေးခွန်းရှင် ဒေါ်နီနီမေးမြင့် အနေဖြင့် လည်းလွှတ်တော်တွင် မေးခွန်းမေးရုံဖြင့် ကျေနပ်မနေဘဲ ယခုလွှတ်တော်တွင် တင်ပြသည့် အထောက် အထားများ အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၊ ပြည်ထောင်စု အစိုးရတာဝန်ရှိသူ ထံသို့ လိပ်မူ၍ ၎င်းကို မိတ္တူပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌက ညွှန်ကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading