ကမ္ဘာ့ဘဏ်မှ ချေးငွေရရှိပါက ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များကိုလစဉ် ထောက်ပံ့သည့် အစီအစဉ် တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ လူမှုစောင့်ရှောက်ရေး လုပ်ငန်းများကို ပံ့ပိုးပေးရန် အစီအစဉ်ရှိပြီး ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှ မွေးဖွားသော ကလေးအသက် ၂ နှစ် အထိ ငွေကြေးထောက်ပံ့ရေး အစီအစဉ်အား တိုုးချဲ့နိုင်ရေး ကူညီပေးလိုကြောင်း ကမ်းလှမ်းခဲ့ပြီး လာမည့် ၂ လအတွင်း ဆွေးနွေးမှု အပြီးသတ်မည် ဖြစ်ကြောင်း သိရသည်။
ဦးကျော်လင်းထင် က“နောက်ဆုံးလက်မှတ်ထိုးတဲ့ အဆင့်မရောက်သေးတော့ လုပ်ဖြစ်သွားပြီလို့ ကံသေကံမ ပြောလို့မရသေးဘူး။ ဆက်ပြီးတော့ မူပိုင်းဆွေးနွေးဖို့ လိုပါသေးတယ်။ အဓိကအချက်က မြန်မာနိုင်ငံကို (soft loan) ပျော့ပြောင်းတဲ့ ချေးငွေနဲ့ ပိုက်ဆံချေးဖို့ကမ်းလှမ်းတယ်။ တော်တော်လေး ထိထိရောက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ဖြစ်ဖို့ကလည်း ရာခိုင်နှုန်းတော့များပါတယ်”ဟုဆိုသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို The World Bank မှ မြန်မာနိုင်ငံဆိုင်ရာ Global Director for Social Protection and Jobs ဖြစ်သူ Mr. Steen Lau Jorgensenက ဇန်နဝါရီလ ၃၀ ရက်၌ လာရောက်တွေ့ဆုံခဲ့သည်။
အဆိုပါဆွေးနွေးမှုတွင် ကမ္ဘာ့ဘဏ်ကချေးငွေထုတ်ပေးပါကအာဟာရနှင့် ပတ်သက်သည့် လုပ်ငန်းများကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က အကောင်အထည်ဖော်ရန် ဆွေးနွေးဖြစ်ခဲ့ကြကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များကိုလစဉ် တလလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းငွေကြေးထောက်ပံ့သည့် အစီအစဉ်ကို ချင်းပြည်နယ်တွင် LIFT ရန်ပုံငွေဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် နာဂဒေသတွင် အစိုးရဘတ်ဂျက်ဖြင့် လည်းကောင်း အကောင်အထည်ဖော်လျက် ရှိသည်။
ထပ်မံ၍ တိုးချဲ့ထောက်ပံ့ပေးမည့် တိုင်းနှင့် ပြည်နယ်၂ ခုမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ ဖြစ်ကြောင်းသိရသည်။
မောင်တောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က“ တရက်ကို ၅၀၀ သတ်မှတ်တယ်ဆိုတာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေအတွက် တရက်ကို ၅၀၀ ဆိုလုံလောက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကရော လူကယ်ပြန် ဝန်ကြီးဌာနကပါ ဖြေကြားထားတာလည်းရှိတယ်။ ဘာပဲပြောပြော ကိုယ်ဝန်ဆောင်တွေ ထောက်ပံ့တယ်ဆိုတာ ပြည့်စုံတဲ့ သူလည်း ရှိသလို၊ မပြည့်စုံတဲ့သူလည်းရှိတော့ အများကြီးအကျိုးရှိတယ်”ဟု ဆိုသည်။
လက်ရှိကောက်ယူ ရရှိထားသော စာရင်းများအရ ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင် ၄၆၀၀၀ ကို အဆိုပါထောက်ပံ့ငွေ ပေးအပ်မည်ဖြစ်ပြီး ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင် ၁၃၃၈၃ ဦးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ၁၁၈၉ ဦးကို ထောက်ပံ့လျက်ရှိသည်။
ထိုအစီအစဉ်မှာ၂၀၁၇ ဇူလိုင်လ ၁ ရက်တွင် စတင်ကိုယ်ဝန်ဆောင်သူနှင့် စတင် မွေးဖွားသူများ အကျုံးဝင်ပြီးကလေးငယ် ၂ နှစ်ပြည့်သည် အထိထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ကလေးသူငယ်များ အနေဖြင့် ဘဝတသက်တာဖွံ့ဖြိုးမှု၏ အရေးကြီးဆုံးကာလ ဖြစ်သောရက် (၁၀၀၀) အတွင်း အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေး ဆိုင်ရာ အသိပညာများ၊ အလေ့အထကောင်းများ ရရှိစေရန်၊ ပြည်နယ်လူထုအနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သောမိသားစု စီမံကိန်းများ ကောင်းမွန်စွာရေးဆွဲ နိုင်စေရန်၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာသန်စွမ်း၊ ဉာဏ်ရည် ပြည့်ဝသော လူသားအရင်းအမြစ်များ၊ အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန် တို့ကို ရည်ရွယ်၍ အဆိုပါစီမံချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။