သတင်း

ဘင်္ဂါလီ ၂၁ ဦး တင်လာသည့် ကုန်တင်ယာဉ် တစီး ညောင်တုန်းမြို့တွင် ဖမ်းမိ

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီ ၂၁ ဦးကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ် တစီးကို ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်မြို့ ရဲစခန်းက ယမန်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိ သည်။

ကနဦး စစ်ဆေးချက်များအရ ယာဉ်မောင်း တင်ထွန်းအောင်နှင့် ထွန်းထွန်းနိုင်တို့က ဘင်္ဂါလီ ၂၁ ဦးကို မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့ကို ပို့ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ၆ ဘီး ကုန်တင်ကားပေါ်တွင် မိုးကာအုပ်၍ သယ် ဆောင် လာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့အဝင် ဆားမလောက်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘဂါၤလီ ၂၁ ဦးကို ကုန်တင်ကားပေါ်မှာ မိုးကာအုပ်ပြီး သယ်လာတာပါ။ အခု ကျနော်တို့ စခန်းမှာ ကားသမားတွေရော၊ ဘင်္ဂါလီတွေကိုပါ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ကားသမားတွေကတော့ ဂွမြို့ကနေ သယ်လာတယ်လို့ ပြောပေမယ့် ဗမာစကား နည်းနည်းပါးပါးတတ်တဲ့ ဘင်္ဂါလီက ကျောက်ဖြူ ဒုက္ခသည် စခန်းကနေ လာတာလို့ ပြောတယ်။ အခုလက်ရှိ တော့ သူတို့ကို စစ်ဆေးမှုတွေ လုပ်နေဆဲပဲ”ဟု ဆားမလောက် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တဦးက ဧရာဝတီကို ပြော သည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ဘင်္ဂါလီ ၂၁ ဦးတွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၃ ဦး (ကျား – ၁၊ မ – ၂) တို့ ဖြစ်ကြောင်း သိရပြီး ကားသမား ၂ ဦးနှင့် ဘင်္ဂါလီများ တင်ဆောင်လာသည့် ကုန်တင်ကားကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

လက်ရှိတွင် ကားသမား ၂ ဦးနှင့် ဘင်္ဂါလီ ၂၁ ဦးကို တာဝန်ရှိသူများက စစ်ဆေးနေပြီး ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆားမလောက် ရဲစခန်းက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့မှ မောင်းနှင်လာသည့် ကုန်ကား တစီး အား ကြံခင်းမြို့နယ် အုတ်ပုံ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးခဲ့ရာ စပါးအိတ်များ ကြားတွင် ဝှက်၍ ခေါ်ဆောင်လာသည့် ဘင်္ဂါလီ ၇ ဦးကို စစ်ဆေး တွေ့ရှိရသည့် အတွက် ရဲတပ်ဖွဲ့က ဘင်္ဂါလီများနှင့် ကားသမားများကို ဖမ်းဆီး အရေးယူမှု ဖြစ်ပွား ခဲ့သေးသည်။

Loading