သတင်း

ထိုင်းရွေးကောက်ပွဲ ၂၀၁၉ ခုနှစ်အထိ ကြန့်ကြာနိုင်

Want create site? Find Free WordPress Themes and plugins.

ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာ (Prayuth Chan-ocha)က ၎င်းအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ပြင်ဆင်ရန် အတွက် ယခုရာထူးနှင့် တာဝန်ကို ဆက်လက် ရယူထားမည် ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက ၎င်း၏ လက်ထောက်အရာရှိက ယခုနှစ် အတွက် ရွေးကောက်ပွဲ အစီအစဉ်မှာ ကြန့်ကြာနိုင်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လက အရပ်သားအစိုးရ လက်မှ အာဏာသိမ်းပြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ပရာယုသည် အထွေအထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့သည်။ မကြာသေးမီကလည်း လာမည့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲတခု ကျင်းပရန် ရှိသည် ဟု ၎င်းက ဆိုခဲ့သည်။

သို့သော် ထိုင်းလွှတ်တော်တွင် ရက် ၉၀ ဖြင့် ရွေးကောက်ပွဲ ဥပဒေသစ် ပြဋ္ဌာန်းရန် မူကြမ်း ရေးဆွဲမည့်ကာလ ရွှေ့ဆိုင်းခြင်း ကို မဲခွဲခဲ့သည်။ ထိုအချိန်မှာပင် လွှတ်တော် ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်အထိ ကြန့်ကြာနိုင်ကြောင်း ဒုတိယ ဝန်ကြီးချုပ်က ပြောသည်။

“တိုင်းပြည်ရဲ့အခြေခံအုတ်မြစ်ချတဲ့ ကိစ္စဖြစ်လို့ ကျေးဇူးပြုပြီး ကျနော့်ကို နည်းနည်း အချိန်ပေးကြပါ” ဟု ပရာယုက အင်္ဂါနေ့ အပတ်စဉ် အစိုးရအစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။ “ဒီ အချိန်ကာလ အတိုင်းအတာ ဟာ ဥပဒေအပေါ်မူတည်ပါတယ်” ဟု ၎င်းက ယခင် သီတင်းပတ် လွှတ်တော်ဆုံးဖြတ်ချက်ကို ရည်ညွှန်းပြောဆိုသည်။ ထို့ထက်ပို၍ ပရာယုက အသေးစိတ်ပြောဆိုခြင်း မရှိချေ။

အရပ်သားအစိုးရ ပြန်တက်နိုင်ရေး အတွက် ၎င်းကို ပြည်တွင်းရော ပြည်ပကပါ ဖိအားပေးလျက် ရှိသည်။

လွန်ခဲ့သည့်အပတ်က တက်ကြွလှုပ်ရှားသူတစု ဘန်ကောက်မြို့လယ်ရှိ လူကူးတံတားတခုတွင် စုဝေး၍ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။ ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီ ဟု ခေါ်သည့် လက်ရှိစစ်အစိုးရဘက်မှ ဆန္ဒပြ ခေါင်းဆောင် ၇ ဦးကို တိုင်ချက် ဖွင့်ထားသည်။

အဆိုပါ စုဝေးဆန္ဒပြသူများကို စစ်အစိုးရ ထုတ်ပြန်ထားသော လူ ၅ ယောက်ထက် ပိုမစုရ အမိန့်ကို ချိုးဖောက်သဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးရန် ကြန့်ကြာနေခြင်းမှာ ၎င်း၏ မဟာမိတ်များ မဲနိုင်စေရေး သေချာစေခြင်း အားဖြင့် ၎င်းတို့ အာဏာဆက်လက် ဆုပ်ကိုင်ထားရန်သာ ဖြစ်ကြောင်း အစိုးရဝေဖန်ရေးသမားများက ပြောကြသည်။

ပြည်ပြေးဝန်ကြီးချုပ်ဟောင်း မောင်နှမဖြစ်သည့် သက်ဆင်နှင့် ယင်လပ်တို့ ၂ ဦးကို ထောက်ခံသော ရှပ်နီလှုပ်ရှားမှုနှင့် ဘုရင်စနစ်ကို ထောက်ခံသူ ရှပ်ဝါလှုပ်ရှားမှုတို့ ပဋိပက္ခကြောင့် နိုင်ငံရေးမတည်ငြိမ်မှုကာလလွန်အပြီး ထိုင်းနိုင်ငံရေးမြင်ကွင်းတွင် ငြင်းဆန်မရသော စစ်တပ်နှင့် ဘုရင်သစ်ကို လက်ခံလိုလားသော နိုင်ငံရေးပါတီများ ပေါ်ထွက်လာဖွယ် ရှိသည်။

ပြီးခဲ့သည့်နှစ်က စတင် အသက်ဝင်သည့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေသစ်က ရွေးကောက်ခံအမတ်များကို အောက်လွှတ်တော်တွင်သာ ကြီးစိုးခွင့်ပေးထားပြီး အထက်လွှတ်တော်တွင် အထူးအခွင့်အရေးရ ကိုယ်စားလှယ်များကို နေရာပေးထား၍ လွှတ်တော် ၂ ရပ် ပေါင်းလျှင် စစ်တပ်လိုလားသူများ မဲများနိုင်သဖြင့် အထွေထွေ ရွေးကောက်ပွဲပြီးလျှင် ပရာယုသည် အာဏာဆက်ယူထားနိုင်ကြောင်း ဝေဖန်သုံးသပ်သူအချို့က ထင်ကြေး ပေးနေကြသည်။

၎င်းအုပ်ချုပ်နေသည့် လတ်တလော ကာလအတွင်း ထိုင်းစီးပွားရေး တောင့်တင်းနေပြီး ထိုင်းဘတ်ငွေလည်း ပိုခိုင်လာနေသည်။ စစ်အာဏာ စသိမ်းချိန်တွင် ပျမ်းမျှ အမေရိကန် ၁ ဒေါ်လာလျှင် ၃၅ ဘတ်ရှိခဲ့ရာမှ ယခု ၃၁ ဘတ်ထိ ဈေးတက်ခဲ့သည်။

သို့သော် ထိုင်းစစ်အစိုးရ အနေဖြင့် ၎င်း ကတိပေးထားသည့် အချိန်ကာလအတွင်း အရပ်သားအစိုးရ ပြန်တင်ပေးလျှင်ပေး၊ မတင်ပေးလျှင် များစွာ အန္တရာယ်ကြီးမားကြောင်း အချို့က သတိပေးသည်။

ပရာယုက ပြည်သူလူထု ထောက်ခံမှု ကျဆင်းသည့် အကြောင်းကို ၎င်းမိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ “ဒါကတော့ ထုံးစံပါပဲ။ ဘယ်အစိုးရမဆို အာဏာရတာ ၃ နှစ်ရှိပြီ ဆိုရင် ဒီပြဿနာနဲ့ ရင်ဆိုင်ကြရတာပါ” ဟု သူက ပြောကြားခဲ့သည်။

ကိုးကား ။ ။ Reuters, Nikkei Asian Review

Did you find apk for android? You can find new Free Android Games and apps.
Loading