သတင်း

တိုက်ပွဲကြား ပိတ်မိသူများ ကယ်ခွင့်ပြုရေး၊ ထိုးစစ် ရပ်ရေး မြစ်ကြီးနား၌ ဆန္ဒပြ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အကြား ပိတ်မိနေသူများကို ကယ်ထုတ်ခွင့် ပြုရေး နှင့် ထိုးစစ်များ ရပ်တန့်ရေးအတွက် ဘာသာရေး အသင်းအဖွဲ့များ အပါအဝင် ကချင်လူထုက ယနေ့ နံနက် ၁၀နာရီခန့်က မြစ်ကြီးနားမြို့တွင် ဆန္ဒပြဖော်ထုတ် တောင်းဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ က စတင်ကာ ဆွမ်ပရာဘွမ်နှင့် တနိုင်း ဒေသများတွင် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုအတွက် မြို့မိမြို့ဖများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ CSO များ ပူးပေါင်း အင်အား ၅ထောင် ခန့် သည် မြစ်ကြီးနားမြို့ မနောကွင်းမှာ စုရုံးပြီး အစိုးရရုံးများ အခြေစိုက်ရာ စုပေါင်းရုံး၊ ပြည်ထောင်စု လမ်းမကြီး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးကို သွားရောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းသည်။

စစ်ဘေးသင့်ပြည်သူများ အရေးပေါ်ကယ်ဆယ်ကူညီရေးကော်မတီမှ ဦးဇော်ဂျတ်က “ ဆန္ဒထုတ်ဖော် ရခြင်း ရည်ရွယ်ချက်က ပိတ်မိနေတဲ့ ပြည်သူတွေကို အမြန်ဆုံး ကူညီနိုင်ဖို့၊ နေရပ်ကို ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေး၊ ပြီးတော့ သူတို့ နေဖို့ထိုင်ဖို့ကိစ္စ အတွက်ပါ၊ တနိုင်းမှာပဲရှိတဲ့ ဒေသခံတွေပဲ ကူညီတာက လုံလောက်မှု သိပ်မရှိဘူး၊ ဒါကြောင့် ဒီဘက်က လူတွေ ကူညီနိုင်ဖို့ လမ်းကြောင်းရှာတဲ့ သဘောပါပဲ”ဟု ပြောသည်။

ပိတ်မိနေသူများ ကယ်ထုတ်နိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူး တို့ကို တွေ့ခွင့်ပြု ရေး တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မရခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒပြ တောင်း ဆိုလာရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က တနိုင်းဒေသ တိုက်ပွဲများအကြား ပိတ်မိနေ သော ဒေသခံ ၂၀၀၀ ဦးအနက် ၇၀၀ ကျော်ကို တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့(လဝက) တို့ ပူးပေါင်းကာ ကယ်ထုတ်နေကြောင်း ဧရာဝတီသို့ ပြောသည်။

“ဟိုဘက် အတွင်းဘက်မှာ တပ်ရှိတယ်၊ အခု ပိတ်မိနေ့တဲ့နေရာကတော့ ပြောမယ်ဆိုရင် တိုက်ပွဲ ဖြစ် နေတဲ့ ဧရိယာ ကျနော်တို့ အစိုးရဝန်ထမ်းတွေ သွားလို့မရဘူး။ တပ်ပဲ ရှိတယ်။ သွားလို့ ရသလောက် တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးရယ်၊ ရဲရယ်၊ လဝကရယ် လွှတ်ထားပြီး ကယ်ထုတ်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ ပိတ်မိနေသူများ ကယ်ထုတ်ရေး အစီအစဉ်နှင့် ပတ်သက်၍ တပ်မတော် စစ်ကြောင်းများက စိစစ်ပြီး နောက် တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့(လဝက)တို့ ကယ်ထုတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် စုစုပေါင်း လူ ၇၀၀ ကျော် ရှိပြီဖြစ်ကြောင်း ဦးခက်အောင်က ဆိုသည်။

ယနေ့ မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် တိုက်ပွဲကြား ပိတ်မိနေသူများ ကယ် ထုတ်ခွင့် ရရေး ဆန္ဒဖော် ထုတ်တောင်းဆိုစဉ်(ဓာတ်ပုံ – Nang Pu၏ facebookမှ ကူးယူဖော်ပြသည်)

ယနေ့တွင်လည်း တနိုင်းမြို့နယ်၊ ပယင်းမှော်အတွင်း KIA တပ်ရင်း ၁၁ နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆွမ်ပရာဘွမ်မြို့နယ်နှင့် မံစီမြို့နယ်၌မူ တိုက်ပွဲများ လတ်တလော ဖြစ်ပွားမှု မရှိဟု စစ်ဘေးသင့် ပြည်သူများ အရေးပေါ် ကယ်ဆယ်ကူညီရေး ကော်မတီမှ ဦးဇော်ဂျတ်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပြည်သူ ၇၅၄ ဦး တောထဲသို့ ထွက်ပြေး တိမ်းရှောင်ခိုလှုံနေကြရပြီး၊ ဇန်နဝါရီ ၂၆ ရက်ကလည်း တနိုင်းဒေသရှိ နွယ်ဂျေဘွမ်၊ ဇီးဖြူကုန်းရွာများ၌ တပ်မတော်(လေ)မှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ ပါကြောင်း စစ်ဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ် ကူညီရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် တနိုင်းမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲကြားကြောင့် ထွက်ပြေးလာသော ဒေသခံ ၂၀၀၀ ခန့် သည် နမ့်ကွမ်းကျေးရွာဟောင်းနှင့် ပေါက်ဝ(ခေါ်)ချောင်းဆုံတွင် တပ်မတော်မှ သွားလာခွင့်မပြု၍ ပိတ်မိနေကြောင်း လည်း ကော်မတီ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မူ တိုက်ပွဲရှောင်များအနေဖြင့် တောတွင်းသို့ သွားရောက်ခြင်း မပြရန်၊ မြို့ပေါ်သို့သာ လာရောက် ခိုလှုံဖို့ ပြောထားကြောင်း ဆိုသည်။

ယခုနှစ်ဆန်း ဇန်နဝါရီ ၂၂ ရက်မှ စတင်၍ ဖေဖော်ဝါရီ ၅ ရက်ထိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွား နေ သော တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း) အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲရေးမှူး(ကစထမှူး) ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ဘက်ခြမ်းတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading