သတင်း

တပ်မတော် စခန်းများကို ဗျူဟာ အရ တိုက်ခိုက်ခဲ့ကြောင်း KIA ပြောဆို

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ မိုးကောင်းနှင့် မြစ်ကြီးနားမြို့နယ် အတွင်းရှိ တပ်မတော် စခန်းများကို တိုက်ခိုက်ခဲ့ခြင်းမှာ ၎င်းတို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အပေါ် ထိုးစစ်ဆင်နေမှုများ အရှိန်ကျသွားစေရန် ရည်ရွယ်၍ နှောင့်ယှက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ဒုဗိုလ်မှူးကြီး နော်ဘူ က “ကျနော်တို့ KIA ရဲ့ တပ်စခန်းတွေ၊ ဌာနချုပ်လို ဖြစ်နေတဲ့ ဥပမာတပ်ရင်း ၁၁ တို့မှာလည်း သူတို့ က တိုက်ပွဲတွေ ဝင်တိုက်တာ။ ထိုးစစ် ဆင်နေတာ။ အဲဒါကြောင့် ကျနော်တို့ကလည်း တဘက်ကအနှောင့် အယှက်ပေးတဲ့ ပုံစံနဲ့ လုပ်ရတာ။ သူတို့က ထိုးစစ် ဆင်လာတယ်ဆိုတော့ ကျနော်တို့လည်း ခုခံတဲ့ သဘောမျိုးနဲ့တော့ စစ်ရေးအရ ခုခံတာတော့ လုပ်ရမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

KIA သည် ငြိမ်းချမ်းရေးကို လစ်လျူရှု၍ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၃ ရက်နေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ် အတွင်းရှိ တပ်ဌာနချုပ် အပါအဝင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စခန်းများအား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက်နှောင့်ယှက် တိုက်ခိုက်ခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ဖေဖော်ဝါ ရီ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

KIA ကမူ မိမိတို့အနေဖြင့် တပ်မတော်ဘက်က ထုတ်ပြန်ထားသကဲ့သို့ တပ်ဌာနချုပ်များကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ၎င်းတို့အပေါ် ထိုးစစ်အရှိန် လျော့ကျရန် တပ်မတော်၏ တပ်ဆွယ် တပ်စခန်းများကိုသာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“မိုးကောင်းနဲ့ မြစ်ကြီးနား ဌာနချုပ်ကို တိုက်တာ မဟုတ်ဘူး။ မိုးကောင်းနေရာပေါ့။ မိုးကောင်းတို့၊ မြစ်ကြီးနားတို့ အဲဒီသူတို့ရဲ့ အုပ်ချုပ်နယ်မြေမှာရှိနေတဲ့ ရှေ့တန်းစခန်းတွေကိုတိုက်တာ” ဟု ဒုဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

တပ်မတော်နှင့် KIA တို့အကြား ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ တနိုင်းမြို့နယ် တို့တွင်လည်း ယခုနှစ် ဇန်နဝါရီလပိုင်းမှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိခဲ့သလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသူ များလည်း ရှိသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က“ ငြိမ်းချမ်းရေး မရမချင်းကတော့ စစ်ကတော့ ဖြစ်နေမှာပဲ” ဟု ဆိုသည်။

တနိုင်းဘက်တွင် ဖြစ်ပွားသောတိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ခန့် တိုက်ပွဲကြား ပိတ်မိနေပြီး ဆွမ်ပရာဘွမ်ဘက်မှ ဒေသခံ ၇၀၀ ကျော်လည်း တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း စစ်ဘေးသင့် ပြည်သူများ အတွက် အရေးပေါ် ကယ်ဆယ် ကူညီရေး ကော်မတီက သတင်း ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading