သတင်း

ကျုံမငေး စခန်းမှူး သေနတ် ဒဏ်ရာဖြင့် သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးနယ်မြေ ရဲစခန်းတွင် ယာယီ စခန်းမှူးအဖြစ် တာဝန် ထမ်းဆောင်နေသည့် ရဲအုပ် လှိုင်ဝင်းမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူရုံး ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ် က ပြောသည်။

ဒုရဲမှူးကြီး ခင်မောင်လတ် က “ရဲအုပ်လှိုင်ဝင်း က တရားခံသွားဖမ်းမယ် ဆိုပြီး သူ့တပည့်တွေကို မော်တော် သွားစီစဉ်ခိုင်းတယ်။ အဲဒီ အချိန်မှာ သူ့ဇနီးက အိမ်အောက်မှာ ဆွမ်းလောင်းနေတယ်။ အိမ်ပေါ်မှာ ဝုန်းလို့ အသံကြားလို့ တက်ကြည့်တော့ ရဲအုပ် လှိုင်ဝင်းက ဦးခေါင်း နောက်စိမှာ သွေးတွေ ထွက်ပြီး လဲကျနေလို့ ဆေးရုံပို့ချိန်မှာပဲ ဆုံးပါးသွားခဲ့တာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရဲအုပ် လှိုင်ဝင်း အလောင်းအား ကျုံမငေး တိုက်နယ် ဆေးရုံတွင် ရင်ခွဲစစ်ဆေးခဲ့ရာ ရဲအုပ်လှိုင်ဝင်း၏ ပါးစပ်နှင့် လျှာတွင် ယမ်းနံ့ တွေ့ရပြီး အာခေါင်အရင်းမှ နောက်စေ့သို့ ကျည်ဖောက်ထွက်ရာ တွေ့ရကြောင်း ဝါးခယ်မ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး၊ ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ က အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်၍ အသေးစိပ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုရဲမှူးကြီး ခင်မောင်လတ် က “လတ်တလောမှာတော့ ရဲအုပ်လှိုင်ဝင်း သေဆုံးမှုကို ခုံရုံးဖွဲ့ပြီး စစ်ဆေးနေပါတယ်။ ကျနော်တို့ အတွေ့အကြုံ အရတော့ အခုဖြစ်ရပ်ဟာ သူ့ကိုယ်သူသတ်သေတယ်လို့ ခန့်မှန်းရပေမယ့် ဆရာဝန်ရဲ့ဆေးစာ အတည်ပြုချက် ရမှသာသူဘာကြောင့် သေဆုံးသလဲ အတိအကျ ပြောနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရဲအုပ် လှိုင်ဝင်းမှာ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ကျုံမငေး ရဲစခန်းယာယီ စခန်းမှူး အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီလ
တတိပတ် အတွင်း က ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယာယီစခန်းမှူး အဖြစ် ၁၇ ရက် တာဝန်ယူပြီး ချိန်တွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရဲအုပ် လှိုင်ဝင်း သေဆုံးမှုအား သေမှု သေခင်း အမှတ်စဉ် ၁/၂၀၁၈ ဖြင့် ကျုံမငေး ရဲစခန်းတွင် အမှုဖွင့်လှစ် ထားပြီး နာရေးကိုလည်း ကျုံမငေး ရဲစခန်းဝန်း အတွင်း၌ ပြင်ဆင်ထား ရှိကြောင်းသိရသည်။

Loading