သတင်း

မင်းဘူးတွင် နေစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်လာမည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ပြည်ပကုမ္ပဏီ တခုနှင့် ပူးပေါင်း၍ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့တွင် စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

မကွေးတိုင်း ဒေသကြီး သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က “ကျနော်တု့ိ မကွေးတိုင်း အတွင်းမှာဆို ပျမ်းမျှတွက်ရင် လျှပ်စစ်ဓာတ်အားက ပျမ်းမျှနှုန်း ၁ ယူနစ်ကို ၈၀ ကျပ် လောက်ရောင်းရတယ်။ အခု ဝယ်ရမှာက ယနေ့ ဒေါ်လာပေါက်ဈေးနဲ့ ဆိုရင် ၁ ယူနစ်ကို ၁၇၀ ကျပ် နှုန်းလောက်နဲ့ ဝယ်ရမယ်ဆိုတော့ လက်ရှိ အစိုးရအနေနဲ့ အရှုံးခံရောင်းရမယ့် သဘောပေါ့”ဟု ပြောသည်။

ယင်းစက်ရုံကို မင်းဘူးမြို့တွင် ထိုင်းအခြေစိုက် ပုဂ္ဂလိက ကုမ္ပဏီ တခုနှင့် ပူးပေါင်း၍ BOT စနစ်ဖြင့် ယခုလဆန်း၌ စတင် တည်ဆောက်နေပြီ ဖြစ်သည်ဟု ဆိုသည်။

မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းကို GEP (Myanmar) Co., Ltd. မှ အကောင်အထည် ဖော် တည်ဆောက်မည် ဖြစ်ပြီး ၁၇၀ မဂ္ဂါဝပ် ဓာတ်အား ထုတ်လုပ်ရန် စီမံကိန်းကို ပထမ အဆင့်မှ တတိယအဆင့် အထိ ၄၀ မဂ္ဂါဝပ်စီ အသီးသီး တည်ဆောက် သွားမည်ဖြစ်ပြီး စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ် ဖြင့် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ပထမအဆင့်ကို၂၀၁၈ ခုနှစ် သြဂုတ်လတွင် ပြီးစီးရန် ခန့်မှန်းထားကာ စီမံကိန်းမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ် အားကို ပြည်ထောင်စုအစိုးရက ဝယ်ယူပြီး ပြည်သူလူထုထံသို့ အရှုံးခံ ရောင်းချပေးမည်ဖြစ်သည်ဟု ဆိုသည်။

စီမံကိန်းမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူရန်အတွက် ဝန်ကြီးဌာနနှင့် GEP (Myanmar) Co., Ltd. တို့ ဓာတ်အားဝယ်ယူရေး သဘောတူ စာချုပ်ကိုလည်း ချုပ်ဆိုထားပြီး ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရ သည်။

သဘာဝ ပတ်ဝန်ကျင်း ထိန်သိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသော စိမ်းလန်း အမိမြေအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက “နေရောင်ခြည် ဓာတ်အားပေး စက်ရုံဆောက်တာ ကောင်းပါတယ်။ သို့သော်လည်း ကျနော်တို့ သိတာ ၁၂ဆင့် (အမေရိကန် ငွေ) ဆိုတော့ နည်းနည်း ဈေးကြီးနေတော့ ဈေးဆစ်လို့ ရလားပေါ့။ ကမ္ဘာ့နိုင်ငံ အတော်များများမှာ နေရောင်ခြည် စွမ်းအင်က လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုက ၁ ယူနစ် ၄ ဆင့် ပတ်လည် လောက်ပဲ ရှိတာမို့ ဒီစက်ရုံနဲ့ ပြန်လည် ညှိုနှိုင်းလို့ ရမရ သိချင်တယ်။ မြန်မာပြည် အနေအထားနဲ့ ၁ ယူနစ် ၈ ဆင့်လောက်ဆို မဆိုးဘူး”ဟု ပြောသည်။

ယင်းဓာတ်အားပေး စက်ရုံစီမံကိန်း တည်ဆောက်ပြီးစီးသွားပါက တနှစ်လျှင် လျှပ်စစ်စွမ်းအင် ကီလိုဝပ် နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၂ သိန်း ၁ သောင်း ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ် သည်ဟု ဆိုသညိ။

မကွေးတိုင်း ဒေသကြီး အတွင်းရှိ အိမ်ထောင်စုများမှ သုံးစွဲပြီး ပိုလျှံသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော် ဓာတ်အား စနစ်မှ တဆင့် အခြားဓာတ်အား မရရှိသေးသော ဒေသများသို့ ပို့လွှတ်ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာများ၊ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် မုန်းချောင်း၊ ကြီးအုံ ကြီးဝ၊ မြစ်သာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများနှင့် ကျွန်းချောင်း၊ မန်း သဘာဝဓာတ်ငွေ့ သုံး ဓာတ်အားပေး စက် ရုံတို့ကို တည်ဆောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ လူဦးရေ ၅၁ သန်း ကျော်ရှိပြီး အိမ်ထောင်စု အနေဖြင့် ၁၀ ဒသမ ၈၇ သန်းခန့်ရှိကာ အိမ်ထောင် စုပေါင်း ၄ ဒသမ ၃ သန်းခန့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီ ဖြစ်သော်လည်း ကျန်အိမ်ထောင်စုပေါင်း ၆ ဒသမ ၅ သန်းခန့် သည် ယနေ့အချိန်ထိ မီးမရရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading