သတင်း

ဟိန္ဒား သတ္တုမိုင်းကြောင့် ဒေသခံများ နစ်နာမှု တရားစွဲသော်လည်း အရေးနိမ့်

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲရှိ ဟိန္ဒား သတ္တုတွင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရသော ဒေသခံ ၉ ဦးက ထိုင်းကုမ္ပဏီတခု ဖြစ်သည့် မြန်မာပွန်ပီပက်နှင့် အမှတ် ၂ သတ္တုတွင်း လုပ်ငန်းတို့ကို သိန်း ၃၀၀၀ ကျော် လျော်ကြေး ရလိုမှု အတွက် တရားစွဲဆိုခဲ့သော်လည်း အရေးနိမ့်သွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက် နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်တွင် ဗဟိုတရားသူကြီး ၉ ဦးထိုင်သည့် အထူး အယူခံ ခုံရုံးက ယခုအမှုသည် ကာလ စည်းကမ်း သတ်မှတ်ချက်ကို ကျော်လွန်နေ၍ ဒေသခံများ၏ အယူခံလွှာကို ပလပ်ကြောင်း အပြီးသတ် အမိန့်ဖြင့် ဆုံးဖြတ်လိုက်သည်ဟု ယင်းအမှုကို လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုးက “ဟိန္ဒား သတ္တုတွင်းကိစ္စ အယူခံကို တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်။ အခု အယူခံ ရှုံးသွားတော့ ဆက်တက်စရာလည်း မရှိတော့ဘူး။ စိတ်မကောင်းပါဘူး။ ဒေသခံ ယာသမား၊ လယ်သမားလေးတွေကတော့ သနားပါတယ်”ဟု ပြောသည်။

နှစ်စဉ်နှစ်တိုင်း မြန်မာ ပွန်ပီပက် ကုမ္ပဏီ၏ သတ္တုတူးဖော်ရေး စက်ရုံကြီးကြောင့် မြေဇာပုံများ မြောင်းပြိုချောင်းထဲသို့ ဆင်းလာသည့် အတွက် ချောင်းကောလာခြင်း၊ ရေလျှံခြင်း၊ သီးပင် စားပင်များ ပျက်စီးခြင်း၊ အိုးအိမ်များ ပျက်စီးခြင်းတို့ ကြုံတွေ့ရသဖြင့် ၂၀၁၂ ခုနှစ်တွင် ဒေသခံများက ထားဝယ်ခရိုင် တရားရုံးတွင် စတင်စွဲဆိုသည့် အမှုတခု ဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင်တရားရုံးက သတ္တုတွင်း လုပ်ငန်းနှင့် မြန်မာ ပွန်ပီပက် ကုမ္ပဏီကို အနိုင်ပေးခဲ့သော်လည်း တနင်္သာရီတိုင်း တရား လွှတ်တော်ရုံးကမူ ဒေသခံများကို အနိုင်ပေး၍ ခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ရာ တရားပြိုင်များက မကျေနပ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ အယူခံ ဆက်လက် တင်ပြခဲ့သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် တနင်္သာရီ တိုင်းတရားလွှတ်တော်၏ ချမှတ်ခဲ့ စီရင်ချက်နှင့် အမိန့်ကို ပယ်ဖျက်ပြီး အမှုကို စားရိတ်နှင့်တကွ အမှုကို ပလပ်ခဲ့ရာ တရားလို ဖြစ်သူများက တရားလွှတ်တော်ချုပ် အထူးခုံရုံးတော် ၂ ပါး ထိုင် သို့ ဆက်လက်တက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ခဲ့ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထူးခုံရုံးတော် ၂ ပါးထိုင်သည် ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၁ ပါးထိုင်က ချမှတ်သော အမိန့်နှင့် ဒီဂရီသည် မှန်ကန်ခြင်း ရှိ၊ မရှိ စုံညီ ခုံရုံးဖြင့် ပြန်လည် ကြားနာရန် ဆုံးဖြတ်ပြီးနောက် အပြီးသတ် အမိန့်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင် ဟိန္ဒားသတ္တုတွင်းတွင် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီက ခဲမဖြူသတ္တုများကို အလွန်အကျွံ ထုတ်လုပ် နေမှုကြောင့် သတ္တုတွင်းအနီးရှိ ဟိန္ဒားကျေးရွာနှင့် မြောင်းပြိုကျေးရွာတို့မှာ ဆိုးရွားလှသော ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှု၊ ရေကြီးရေလျှံမှု အပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံနေရကြောင်း ဒေသခံ ထားဝယ်တိုင်းရင်းသားများက ဧရာဝတီသတင်းဌာနသို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

ဟိန္ဒားသတ္တုတွင်းမှာ ထားဝယ်မြို့အရှေ့ဘက် မိုင် ၆၀ ခန့် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအနီး တည်ရှိပြီး ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတို့အတွက် ဆက်သွယ်ထားသော အထူးအမြန်လမ်းမကြီးတည်ရှိရာ ဧရိယာနှင့် ဆက်စပ်လျက်ရှိသည်။

ထားဝယ်ဒေသ ဟိန္ဒားသတ္တုတွင်း နယ်မြေအတွင်း ခဲမဖြူ သတ္တု တူးဖော်ခြင်းလုပ်ငန်းကို အစိုးရ သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar Pongpipat Company (MPC) တို့က ဧရိယ ဧက ၂၀၀၀ ကျော် ပေါ်တွင် ဖက်စပ်လုပ်ကိုင်လျက် ရှိပြီး အကျိုးအမြတ်၏ ၆၅ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီက ရရှိကြောင်း၊ ၃၅ ရာခိုင်နှုန်းကို အစိုးရက ရရှိကြောင်း၊ ကုန်ကြမ်း ပစ္စည်းများကို ထိုင်းနိုင်ငံမှတဆင့် စင်ကာပူ နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ဧရာဝတီသတင်းဌာနက ၂၀၁၂ ခုနှစ်တွင် ဟိန္ဒားသတ္တုတွင်း လုပ်ပိုင်ခွင့်ရရှိထားသော မြန်မာပွန်ပီပက် ထိုင်းကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းခဲ့ရာ ကုမ္ပဏီမန်နေဂျာဆိုသူက မြန်မာ အစိုးရခွင့်ပြုချက်မရှိဘဲ သတ္တုတွင်းလုပ်ငန်း နယ်မြေထဲသို့ ဝင်ခွင့်မပြုနိုင်ကြောင်း၊ မီဒီယာမေးခွန်းများကိုလည်း မဖြေဆိုနိုင်ကြောင်း စကားပြန်မှတဆင့် ပြောဆိုပြီး သတ္တုတွင်း ဧရိယာထဲမှ အမြန်ထွက်သွားရန် မောင်းထုတ်ခဲ့ဖူးသည်။

ထိုင်းကုမ္ပဏီ မြန်မာပွန်ပီပက်က ၁၉၉၉ ခုနှစ်မှ စတင်ကာ လုပ်ပိုင်ခွင့် ၁ဝ နှစ်ရရှိပြီး ယခုအခါ ၅ နှစ် သက်တမ်း ထပ်မံ လုပ်ပိုင်ခွင့်ရရှိထားသောကြောင်း၊ ယင်းကုမ္ပဏီလက်ထက်တွင် ပတ်ဝန်းကျင်ပျက်စီးမှု၊ ကျန်းမားရေး ထိခိုက်မှုများမှာ အဆိုးဝါးဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သော်လည်း ယနေ့အချိန်ထိ ဆက်လက် လုပ်ပိုင်ခွင့်ရရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဟိန္ဒားသတ္တုတွင်းနှင့် ထားဝယ်ခရိုင်အရှေ့ဘက်ခြမ်းဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ထိန်းချုပ်ဒေသဖြစ်ပြီး သတ္တုတွင်းကြောင့် ဒေသပတ်ဝန်းကျင် အကြီးအကျယ်ထိခိုက်ရပြီး ဒေသခံများ နှစ်နာဆုံးရှုံးမှုများ ရှိသောကြောင့် ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားဝယ်)ခရိုင်က ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်မြန်မာပွန်ပီပက်ကုမ္ပဏီကို လုပ်ငန်းများ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

ဟိန္ဒားသတ္တုတွင်း နယ်မြေ အောက်ဘက်တွင် ရှိသော မြောင်းပြိုကျေးရွာသည် ထားဝယ်ရွာတရွာ ဖြစ်ပြီး ၁၉၈၃ ခုနှစ်က စတင် တည်ထောင်ခဲ့ကာ ယင်းကျေးရွာတွင် အိမ်ခြေ ၁ဝဝ၊ လူဦးရေ ၅ဝဝ ခန့် နေထိုင်ပြီး အများစုမှာ လယ်ယာဥယျာဉ်ခြံ စိုက်ပျိုးရေးကို လုပ်ကိုင်လျက် ရှိပြီး အနည်းစုသည် ခဲသတ္တုတူးဖော်ခြင်းကို လုပ်ကိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဟိန္ဒားသတ္တုတွင်းမှ ခဲမဖြူ သတ္တုတူးဖော်ခြင်းလုပ်ငန်းမှ သတ္တုစွန့်ပစ်မြေများကြောင့် သဲနုန်းဖုံး လွှမ်းခံရခြင်း၊ မိုင်းဆေးရေနောက်များ စီးဆင်းလာပြီး ဟိန္ဒားချောင်း မှ တဆင့် ဘန်းချောင်းထဲသို့ စီးဝင်ကာ တနင်္သာရီမြစ်အတွင်းသို့ စီးဝင်ခြင်းအပြင် မြောင်းပြိုချောင်း၊ ခမောင်းသွယ်ချောင်းတို့ မှ တဆင့် တနင်္သာရီမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading