ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားတွင် ဟောခန်းဖွင့်၍ ဗေဒင်ဟောနေသော ဗေဒင်ဆရာ အောင်ချစ်ပို ကို သရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူ မမြတ်နိုးဦး (ဒိန်းပိုုပိုဒေါင်) စမ်းချောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဗေဒင်ဆရာ အောင်ချစ်ပိုကို ကာယိနြေ္ဒပျက်စီးရန် ကိုယ်ထိ လက်ရောက်ကျူးလွန်ခြင်း နှင့် နှုတ်ဖြင့်ကျူးလွန်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ နှင့် ပုဒ်မ ၅၀၉ တို့ဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် အမှုဖွင့်သွားမည်ဟု မမြတ်နိုးဦးမှ ဧရာဝတီသို့ ပြောသည်။
မမြတ်နိုးဦး က “တရားစွဲရတဲ့ အကြောင်းအရင်းက မိန်းကလေးတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုရယ် နှုတ်နဲ့ စော်ကားတာရယ် အဲဒီ၂ ချက်ကြောင့် သူ့ကိုထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးချင်တယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “နောက်တခုက သူလုပ်တယ်လို့ ဝန်မခံဘဲ ညီမတို့ ခံခဲ့ရတဲ့ မိန်းကလေးတွေထဲက မကေခိုင်မြင့်မြတ် ကိုု တရားစွဲတယ်။
အဲ့ဒါကြောင့်ပါ။ မကေခိုင်မြင့်မြတ် တယောက်ထဲ စွဲတဲ့အားထက် နှစ်ယောက် သုံးယောက် စွဲတဲ့အားက ထိရောက် လိမ့်မယ်လို့ ထင်လို့ ညီမကပါ တရားစွဲရတာ” ဟု ရှင်းပြသည်။

မမြတ်နိုးဦးသည် ၂၀၁၃ ဇန်နဝါရီလပိုင်းတွင် ဗေဒင်ဆရာ အောင်ချစ်ပိုထံသို့ သူငယ်ချင်း တဦးဖြင့် ဗေဒင်သွားမေးရာမှ ကာယိနြေ္ဒ ပျက်စီးရန် ကိုယ်ထိ လက်ရောက်ကျူးလွန်ခြင်း နှင့် နှုတ်ဖြင့်ကျူးလွန်ခြင်းတို့ကို တွေ့ကြုံခဲ့ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ထိုစဉ်က ၎င်းသည် ၁၀ တန်းကျောင်းသူ တယောက် ဖြစ်ပြီး စာမေးပွဲအတွက်နှင့် အချစ်ရေး အတွက် အောင်ချစ်ပိုထံ သွားရောက် မေးမြန်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အမျိုးသမီးတစ်ဦး၏ ကာယိနြေ္ဒကို ပျက်စီးစေခြင်း၊ ပြစ်မှုမကင်းသော အနိုင်အထက် ပြုမူခြင်းများနှင့် ပါတ်သတ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ အရ ပြစ်မှုကျူးလွန်သူကို ၂ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အလားတူ အမျိုးသမီးတစ်ဦး၏ ကာယိနြေ္ဒကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အသံပြုလုပ်ခြင်း၊ အမူအရာပြုလုပ်ခြင်း၊ တစ်စုံတရာကို လူမြင်ကွင်းတွင် ပြသခြင်းတို့နှင့် ပါတ်သက်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၉ အရ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် တစ်နှစ်ထိ သို့မဟုတ် အလုပ်မဲ့၊ ထောင်ဒဏ်နှင့် ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
မမြတ်နိုးဦးကဲ့သို့ ကြုံတွေ့ခဲ့ရသော တက္ကသိုလ် ကျောင်းသူ ၃ ဦးကလည်း ဗဒင်ဆရာ အောင်ချစ်ပို ကို ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု ကျူးလွန်းသည့် ပုဒ်မ ၃၅၄ ဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လာရောက် အမှုဖွင့် သွားကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
ထိုအမျိုးသမီး ၃ ဦးကတော့ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မျိုး အမျိုးသမီးများ နောက်ထပ် မကြုံတွေ့စေရန် အတွက် အမှုဖွင့် တိုင်ကြားရခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ အထင်ကရ ဗေဒင်ဆရာကြီး တဦးဖြစ်သည့် ဆရာ စံဇာဏီဘို ကလည်း ဗေဒင်ဆရာ အောင်ချစ်ပိုကို ပြစ်တင် ရှုတ်ချခဲ့ပြီး ဗေဒင်လောက ကို ရုပ်ဆိုးစေတဲ့ ဖြစ်ရပ် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ဆက်စပ် ဖတ်ရှုရန် – ဗေဒင်ဆရာ အောင်ချစ်ပို ကာယိနြေ္ဒ ပျက်စီးစေရန် ထိပါးမှုဖြင့် အမှုဖွင့်ခံရ