သတင်း

ရုရှားက မြန်မာလေတပ်အတွက် Yak-130 လေယာဉ် ၆ စင်း ထပ်မံပေးပို့မည်

တပ်မတော် (လေ)က ရုရှားထံမှ ဝယ်ယူထားသည့် Yak-130 အမျိုးအစား အဆင့်မြင့် လေ့ကျင့်ရေး လေယာဉ် ၆စီး ကို ယခုနှစ်အတွင်း ပေးပို့မည်ဖြစ်ကြောင်း ရုရှား ဖက်ဒရယ် စစ်ဖက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒု ညွှွှန်ကြား ရေးမှူး မီခေးလ် ပက်တူချော့ဗ်က စင်ကာပူ လေကြောင်း ပြပွဲ(၂၀၁၈)၌ ပြောသည်။

Yak-130 အမျိုးအစား အဆင့်မြင့် လေ့ကျင်ရေးလေယာဉ် ၆စီး ထပ်မံဝယ်ယူရေး သဘောတူ စာချုပ်ကို ရုရှားနှင့် မြန်မာ အကြား ၂၀၁၆ ခုနှစ် ဒီဇင်ဘာအတွင်း ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်ဟု ရုရှား စပွတ်နစ်သတင်းက ဆိုသည်။

ရုရှားသမ္မတ ပူတင်၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ လက်ထောက်ဖြစ်သူ ဗလာဒီမာ ကိုဟင်ကလည်း မြန်မာတပ်မတော် အနေဖြင့် ယင်း Yak -130 အမျိုးအစား ၆ စီးကို ယခုနှစ်တွင် လက်ခံရယူမည်ဟု ပြောသည်။

မြန်မာတပ်မတော်(လေ)အနေဖြင့် Yak-130 လေယာဉ်များ ပထမအသုတ်ကို ဝယ်ယူမှုကို ၂၀၁၅ ခုနှစ် ဇွန်လက ရုရှား – မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနများ အကြား လက်နက်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် ပြုလုပ်သည့် မလေးရှားနိုင်ငံ လန်ကာဝီ လေကြောင်းပြပွဲတွင် ရုရှားက မြန်မာကို အပြီးသတ်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဒု ညွှွှန်ကြားရေးမှူး မီခေးလ် ပက်တူချော့ဗ်က ပြောသည်။

ယာကိုလက်ဗ် အမျိုးအစား Yak-130 (နေတိုးအခေါ် Mitten) လေ့ကျင့်ရေး လေယာဉ်သည် ၂ယောက်စီး အနိမ့်ပျံ လေ့ကျင့်ရေးလေယာဉ်ဖြစ်သကဲ့သို့ တိုက်ခိုက်ရေးတွင်လည်း သုံးနိုင်ပြီး၊ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် လေတပ် တွင်လည်း လက်ရှိ အသုံးပြုလျှက်ရှိသည်။

တပ်မတော်(လေ)သည် လေတပ်စွမ်းရည် မြှင့်တင်မှုများ ပြုလုပ်နေရာ ပြီးခဲ့သည့်လက ရုရှားကာကွယ်ရေးဝန်ကြီး နေပြည်တော်သို့ လာရောက်စဉ်အတွင်း ဆူခွိုင်းအမျိုးအစား Su-30 တိုက်လေယာဉ် ၆စီး ထပ်မံဝယ်ယူခဲ့သေးသည်။

ယခုလ ၅ရက်နေ့မှ ၁၁ရက်နေ့အထိ ကျင်းပသည့် စင်ကာပူ လေကြောင်းပြပွဲ (၂၀၁၈) ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လျှက်ရှိသည်။

Loading