သတင်း

၁၃၀၀ ပြည့် အရေးတော်ပုံ ၇၉ နှစ်မြောက်နှင့် မန္တလေး အာဇာနည်(၁၇)ဦး အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်ပွားခြင်း ၇၉နှစ်မြောက် အခမ်းအနားကို မန္တလေးမြို့ အာဇာနည် ၁၇ ဦး ဗိမာန်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

၁၉၃၈ ခုနှစ် နယ်ချဲ့အစိုးရ လက်ထက် ရန်ကုန်မြို့ အတွင်းဝန်ရုံးကို ကျောင်းသားနှင့် ရဟန်းရှင်လူ ပြည်သူများက ပိတ်ဆို့ ဆန္ဒပြရာ စစ်ပုလိပ်က နံပါတ်တုတ်ဖြင့် ရိုက်နှက်၍ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးသည့်အတွက် ၁၃၀၀ ပြည့်နှစ် တပိုတွဲ လပြည်ကျော် ၇ ရက်နေ့တွင် မန္တလေးမြို့၌ သံဃာ၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားများ က အိမ်တော်ရာစေတီ၌ စုစည်းကာ ဆန္ဒပြသဖြင့် သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းရာ အသက်၁၂နှစ် အရွယ် ကျောင်းသား မောင်တင်အောင် အပါအဝင် ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ ၁၇ဦးကျဆုံးခဲ့ရသည်။

အဆိုပါ အာဇာနည် ၁၇ ဦးအတွက် ဗိမာန်ကို မန္တလေး မြို့လူထုက စုပေါင်း၍ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက် သူကြွယ်ကုန်းရပ် (စစ်ကိုင်း-မန္တလေးလမ်းမပေါ်)၌ မြေနေရာဝယ်ယူကာ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး၊ နှစ်စဉ် အောက်မေ့ဂုဏ်ပြုပွဲများ ပြုလုပ်ခဲ့ကြသော်လည်း ၁၉၈၈ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ အောက်မေ့ဖွယ် ဂါရဝပြု အခမ်းအနားကို ကျင်းပခွင့်မရရှိခဲ့ပေ။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မန္တလေးမြို့မိမြို့ဖများ၊ စာပေပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်း များက ဗိမာန်ပြန် လည်ဖွင့်လှစ်ခွင့်နှင့် အခမ်းအနားများ ကျင်းပခွင့် ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်း ခဲ့ကြသဖြင့် ပြန်လည်ကျင်းပခွင့်ရရှိ ခဲ့ခြင်းဖြစ်သည်။

ယနေ့ မန္တလေးမြို့တွင် ကျင်းပသည့် ၁၃၀၀ ပြည့် အရေးတော်ပုံ ၇၉နှစ်မြောက်နှင့် မန္တလေး အာဇာနည် ၁၇ဦး အောက်မေ့ဘွယ် အခမ်းအနား / ဇော်ဇော်/ ဧရာဝတီ

မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်က “မန္တလေးက အာဇာနည်တွေနဲ့ပတ်သက်ပြီး တနှစ်မှတကြိမ် ကျင်းပတာမျိုး မဟုတ် ဘဲ ဒီဗိမာန်ကြီးထဲမှာ အာဇာနည်တွေ နဲ့ပတ်သက်တဲ့၊ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ စာအုပ်၊စာတမ်းတွေ၊ ဓာတ်ပုံ၊ ပန်းချီ ပြခန်းတွေ စတဲ့ အမြဲတမ်းပြခန်းတွေကို ဖွင့်လှစ်ပေးထားနိုင်မယ်ဆိုရင် လူငယ်တွေအတွက် အပန်းဖြေ နေရာတခု အဖြစ် သာမက အာဇာနည်တွေကို ဂါရဝပြုတဲ့နေရာ၊ လွတ်လပ်ရေးသမိုင်းအတွက် အာဇာနည်ကြီးတွေ ဘယ်လို ကြိုးပမ်းခဲ့ကြ သလဲဆိုတာတွေကိုပါ မြင်တွေ့နိုင်တဲ့ နေရာ အဖြစ် ရှိလာမှာဖြစ်ပါတယ်၊ ဒီလိုဖြစ်လာအောင်လည်း ဆက်လက်ကြိုးစား ကြဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

ယခုနှစ်အခမ်းအနားတွင် ဆရာတော်၊သံဃံတော်များ၏ ဦးဆောင်မှုဖြင့် ဒေသခံနိုင်ငံရေးပါတီများ၊ တက်ကြွ လှုပ်ရှား သူများ၊ ကျောင်းသား၊ကျောင်းသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ တမ္ပဝတီရပ်ကွက်၊ သူကြွယ် ကုန်းရပ်ရှိ အာဇာနည်ဗိမာန်သို့ အင်အား ၂၀၀ ခန့်တက်ရောက်၍ ပန်းခွေချ အလေးပြုခဲ့ကြသည်။

“နှစ်စဉ်နှစ်တိုင်း တပိုတွဲလပြည့်ကျော် ၇ ရက်နေ့ ရောက်ရင် ၁၃၀၀ ပြည့် အရေးတော်ပုံအခမ်းအနားကို ကျင်းပတာဟာ နောက်မျိုးဆက်လူငယ်တွေကို တိုင်းပြည်ချစ်စိတ်၊ လွပ်လပ်ရေးချစ်စိတ်တွေကို လက်ဆင့်ကမ်းနိုင်အောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ကျင်းပတာပါ၊ ဒီအခမ်းအနားတွေမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေနဲ့ လွပ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသူတွေ ကို အမျှအတန်းပေးဝေတာတွေနဲ့အတူ အလေးပြုဂုဏ်ပြုတာတွေ ပြုလုပ်ကြတယ်”ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ မင်းထက်ငြိမ်းချမ်းက ပြောသည်။

လာမည့်နှစ် နှစ်၈၀ပြည့်အခမ်းအနားကို ယခုထက်ပိုပြီး ခမ်းနာစွာကျင်းပသွားမည်ဟု သိရသည်။

Loading