သတင်း

သတင်းထောက်များကို ဖမ်းသည့် ရဲအရာရှိက သူ၏ မှတ်တမ်းများကို မီးရှို့ခဲ့ဟု တရားရုံး၌ ထွက်ဆို

Want create site? Find Free WordPress Themes and plugins.

Reuters သတင်းထောက် ၂ ဦးကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် မြန်မာ ရဲအရာရှိ တဦးက ဖမ်းဆီးမှု ဖြစ်ပွားစဉ် ၎င်းရေးသားခဲ့သော မှတ်တမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယမန်နေ့က တရားရုံး၌ ထွက်ဆိုခဲ့သည်။

သို့သော်လည်း မည်သည့် အတွက် ထိုသို့ လုပ်သည်ကိုမုူ ၎င်းက ပြောဆိုခဲ့ခြင်း မရှိပေ။

အဆိုပါ ဒုရဲအုပ် တင်ထွေးဦးသည် အင်းစိန် ခရိုင်တရားရုံးတွင် လာရောက်ထွက်ဆိုသည့် တရားလိုပြ သက်သေများအနက် နောက်ဆုံးဖြစ်ပြီး၊ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့ကို နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက် ဥပဒေအရ စွဲချက် တင်သင့် မတင်သင့် မကြာမီ ဆုံးဖြတ်မည် ဖြစ်သည်။

၎င်းသည် ဖမ်းဆီးမှု အသေးစိတ်ကို မှတ်စုစာအုပ်မှ ကြည့်၍ တရားရုံး၌ ထွက်ဆိုခြင်းဖြစ်ပြီး ထို မှတ်စု မှာ ဖမ်းဆီးစဉ်က ရေးသားခဲ့သော မှတ်တမ်းများကို အခြေခံသည်ဟု သူက ပြောသော်လည်း ခုခံချေပ သည့်ဘက်မှ ရှေ့နေက ပြန်လှန် စစ်မေးသောအခါ မူရင်း မှတ်တမ်းများကို မည်သူကမျှ ညွှန်ကြားခြင်း မရှိဘဲ မီးရှို့ဖျက်ဆီးခဲ့သည် ဟု ပြောသည်။

“ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရဲတွေပဲ သိလိမ့်မယ်” ဟု ခုခံချေပသည့် ဘက်မှ ရှေ့နေ ဦးသန်းဇော်အောင်က တရားခွင်သို့ ရောက်ရှိနေသော သတင်းထောက်များကို ပြောသည်။

ယမန်နေ့က Reuters သတင်းထောက် ၂ ဦးကို လက်ထိပ်ခတ်ကာ ရုံးထုတ်စဉ် သတင်းထောက် နှင့် သံတမန် ဒါဇင်ပေါင်းများစွာလည်း ရှိနေသည်။

ထို သတင်းထောက် ၂ ဦးတို့မှာ ရခိုင်ပြည်နယ် အကျပ်အတည်းအတွက် သတင်းယူခဲ့သူများ ဖြစ်၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ရက်နေ့က ၎င်းတို့ ၂ဦးကို ယခင်တွေ့ဖူးခြင်းမရှိသည့် ရဲအရာရှိများက စားသောက်ဆိုင်တွင် ညစာဖိတ်ကျွေးကာ စာရွက်စာတမ်းများ လွှဲပြောင်းပေးပြီးနောက် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဆွေမျိုးများက ဆိုသည်။

သို့သော် ဒုရဲအုပ် တင်ထွေးဦးက ထို စားသောက်ဆိုင် အကြောင်း ထည့်သွင်းထွက်ဆိုခြင်း မရှိဘဲ သတင်းထောက် ၂ ဦး လမ်းတခု၏ ဘေးတွင် လမ်းလျှောက်နေစဉ် ရဲတပ်ဖွဲ့က တားဆီးခဲ့သည် ဟုသာ ထွက်ဆိုပြီး၊ သူတို့ကို စစ်ဆေးသော အခါ ရခိုင်ပြည်နယ်နှင့် ပတ်သက်သော လျှို့ဝှက် စာရွက်စာတမ်း များ တွေ့ရှိရသည် ဟု ဆိုသည်။

ဖမ်းဆီးခဲ့သော ရဲအရာရှိများက သတင်းထောက် ၂ ဦးထံမှ တွေ့ရသော လက်ကိုင်ဖုန်းများ၊ ဘဏ် ကတ်နှင့် စာကြည့်တိုက်ကတ် အပါအဝင် ပစ္စည်း ၂၀ ခန့်ကို ဖမ်းဆီးသည့် နေရာတွင်ပင် ၁၀ မိနစ် ၁၅ မိနစ်အတွင်း စာရင်းပြုစုခဲ့သည်။

ရှေ့နေ ဦးသန်းဇော်အောင်က ထိုကဲ့သို့ လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းမှာ မည်သည့် အတွက်ကြောင့် ဖြစ်ကြောင်း ဒုရဲအုပ် တင်ထွေးဦးကို အကြိမ်ကြိမ် ပြန်လှန် စစ်မေးခဲ့သော်လည်း ရှင်းလင်းသည့် အဖြေ မရရှိခဲ့ပေ။

“သူတို့က ၁၀ မိနစ်၊ ၁၅ မိနစ်ပဲ ကြာတယ် ပြောတယ်၊ ဒါပေမယ့် တွေ့ရတဲ့ ဖုန်းတွေ၊ ကတ်တွေ၊ ပစ္စည်းတွေကို စာရင်းပြုစုဖို့ ဆိုရင် မိနစ် ၃၀ လောက်ကြာရမှာ” ဟု ဦးသန်းဇော်အောင်က ပြောသည်။

ဖမ်းဆီးသည့် အချိန် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ လက်တွင် တွေ့ရှိရသည့် စာရွက်စာတမ်းများမှ သတင်းအချက်အလက်များသည် သတင်းစာများတွင် ဖော်ပြပြီးသော သတင်းအချက်အလက် ဖြစ်ကြောင်း အခြားသော တရားလိုပြ သက်သေတဦး ဖြစ်သည့် ဒုရဲမှူး မင်းသန့်က ကြာသပတေးနေ့ နောက်ဆုံး တရားရုံးချိန်းတွင် ဝန်ခံခဲ့သည်။

“ဝလုံးနှင့် ကျော်စိုးဦးတို့သည် ကမ္ဘာတဝန်းလုံးက စိတ်ဝင်စားနေသော ပြဿနာများကို ဖော်ထုတ် ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သူများ ဖြစ်သည်” ဟု ထိုနေ့က တရားခွင် အပြီး Reuters သတင်းဌာနက ထုတ်ပြန်သော ကြေညာချက် တွင် ဖော်ပြထားသည်။

“လက်ရှိ တရားစီရင်ရေး လုပ်ငန်းအဆင့်ဆင့်သည် ၎င်းတို့နှစ်ဦးတွင် အပြစ်မရှိကြောင်း ပေါ်ပေါက်ပြီး ၎င်းတို့ နှစ်ဦးသည် မြန်မာနိုင်ငံမှ ဖြစ်ရပ်များကို သတင်းဆက်လက် ရယူရန် လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နိုင်မည် ဟု ကျွနု်ပ်တို့ ယုံကြည်သည်။ ဝလုံးနှင့် ကျော်စိုးဦးတို့ကို ထောက်ခံမှုများနှင့် ၎င်းတို့ လွတ်မြောက်ရေးကို ဆက်လက်တောင်းဆိုမှုများ အတွက် ကျေးဇူးတင်ပါသည်” ဟုလည်း ဖော်ပြထား သည်။

ယခုအခါ ၎င်း သတင်းထောက် ၂ဦးသည် အာမခံ ပယ်ချခံရကာ အင်းစိန်ထောင်တွင် ဆက်လက်ဖမ်း ဆီးထားသည်။

ယမန်နေ့ ရုံးချိန်း၌ တရားခွင်အပြီး ၎င်းတို့ကို ရဲကားဆီသို့ ပြန်လည်ခေါ်ဆောင်သွားချိန် သတင်း ထောက် ကိုဝလုံးက “တရားမျှတမှု မရှိဘူး။ ရဲအရာရှိတွေရဲ့ ထွက်ဆိုချက်တွေဟာ မှန်ကန်မှု မရှိဘူး” ဟု အော်ဟစ်ခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရသူနှင့် ရန်ကုန်ရှိ ရဲတပ်ဖွဲ့အကြီးအကဲတို့ထံမှ လတ်တလော တုံ့ပြန် ပြောကြားမှု မရရှိသေးပေ။ သို့သော် တရားရုံးတွင် ရောက်ရှိနေသော အမှုတခုအတွက် မည်သည့် မှတ်ချက်မျှ မပေးလိုကြောင်း ၎င်းတို့က ယခင်က ပြောခဲ့ဖူးသည်။

နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက် ဥပဒေမှာ ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့ခြင်း ဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

အထက်ပါ သတင်းထောက် ၂ ဦးတို့ကို ထိုဥပဒေ၏ ပုဒ်မ ၃(၁)(ဂ) ဖြင့် စွဲဆိုခြင်း ဖြစ်ပြီး တားမြစ် ထားသော နေရာသို့ ဝင်ရောက်ခြင်း၊ ရန်သူ အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အသုံး ဝင်သည့်၊ အသုံးဝင်ရန် ရည်ရွယ်သည့် ပုံများ ရယူခြင်း သို့မဟုတ် လျှို့ဝှက် စာရွက် စာတမ်းများ ပိုင်ဆိုင်ခြင်းတို့ အကျုံးဝင်သည်။

လာမည့် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့တွင် ရုံးထုတ်ရန် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

Reuters သတင်းတွင် ဖော်ပြထားသည် Myanmar policeman who arrested Reuters reporters tells court he burnt his notes ကို ဘာသာပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading