ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ် မြစ်တွေးငှက် (River Tern) ဒေသအခေါ် စင်ရော်ငှက်များအား သားပေါက် ကာလတွင် အသိုက် များ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS မှ သတင်း ရရှိသည်။
အဆိုပါ ထိန်းသိမ်းခြင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)နှင့် ဒေသခံများ ပူးပေါင်းပြုလုပ်လျက် ရှိကြောင်း သိရသည်။
WCS မှ မြစ်တွေးငှက် ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် ကိုနိုင်လင်းက “အသိုက်ကနေ အကောင် ပျံနိုင်တဲ့ အထိ ဒေသခံ တွေနဲ့ ပေါင်းပြီးတော့ လေ့လာတယ်။ ထိန်းသိမ်းတာတွေ လုပ်တယ်။ အသိုက်ဆောက်တဲ့ နေရာတွေကို အမြဲတမ်း စောင့်ကြည့် စစ်ဆေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုငှက်များသည် တဖြည်းဖြည်းနှင့် ရှားပါးလာပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိလာသည့် အတွက် စိုးရိမ်ရသော ငှက်မျိုးစိတ် ဖြစ် ကာ မြန်မာနိုင်ငံတွင် ကောင်ရေ ၁၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း ယင်းအဖွဲ့မှ ကောက်ယူထားသော စာရင်းများအရ သိရ သည်။
ကိုနိုင်လင်းက “၁၀၀ ကျော်ဆိုတာ အနည်းဆုံးပေါ့။ စာရင်းကောက်တဲ့ အချိန်မှာ ဒီ့ပြင်နေရာတွေ ရောက်ခဲ့တာတို့ အစ်ကို တို့ မတွေ့နိုင်တာတို့ ရှိကောင်းရှိမယ်။ သို့ပေမယ့် အနည်းဆုံး စာရင်းကတော့ ၁၀၀ ကျော်ပဲ ရှိတယ်”ဟု ပြောပြသည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိမှာ မြစ်တွေးငှက်များ သားပေါက်ရာသီ ဖြစ်၍ လက်ရှိ အသိုက် ၁၁ သိုက်ကို တွေ့ရှိ ထိန်းသိမ်း ထားပြီး ထပ်မံစာရင်း ကောက်ယူနေဆဲ ဖြစ်ကြောင်း သိရသည်။
ယင်းငှက်သည် ချင်းတွင်းမြစ်တွင် အဓိကပျံ့နှံ့ ကျက်စားပြီး အထူးသဖြင့် ခန္တီးနှင့် ဟုမ္မလင်းကြားတွင် အကောင်ရေ အများဆုံး နေထိုင် ကျက်စားလျက် ရှိကာ၂၀၁၇ ခုနှစ် သုတေသန ပြုလုပ်ချက်အရ အသိုက်ပေါင်း ၂၉ သိုက်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ခဲ့ပြီး သားပေါက်ရာသီ အပြီးတွင် မျိုးပွားမှု ၄၀ ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့ကြောင်း WCS မှတ်တမ်းတွင် တွေ့ရှိရသည်။
ယခုကဲ့သို့ မြစ်တွေးငှက်များ ရှာပါးလာရခြင်းသည် သားပေါက်မည့်နေရာများ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက် ပျက်စီး ခြင်း၊ အခြားသော သတ္တဝါများက ဖမ်းယူ စားသောက်ခြင်း နှင့် ငှက်ဖမ်းပိုက်များ တားခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ သားပေါက်သည့် နေရာများသို့ နှောင့်ယှက်မှုများ မပြုလုပ်ရန်၊ ဖမ်းယူခြင်းများ မပြုလုပ်ရန်ကို ပညာပေးခြင်း၊ အရေးယူခြင်း များ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာငှက်နှင့် သဘာဝ ထိန်းသိမ်းရေးအသင်း ဥက္ကဌ ဒေါက်တာ သိန်းအောင်က ဧရာဝတီ သို့ ပြောသည်။
“သဲသောင်ခုံတွေ ပေါ်က သတ္တဝါလေးတွေကို လူတွေကသွားပြီးတော့ အနှောင့်အယှက် မပေးဖို့ အသိပညာပေး၊ တားမြစ် ပေးတာ။ နောက်တခုက ငှက်တွေကို ဖမ်းမစားဖို့ ဒီငှက်တွေ ဖမ်းစားခြင်းအားဖြင့် ဘယ်လို အကျိုးယုတ်တယ်၊ မကောင်း တာ တွေ ရနိုင်တယ် ဆိုတာကို ပညာပေးဖို့။ ပညာပေးတင် မကဘူး၊ တဖက်က ပညာပေး၊ တဖက်က ဖမ်းဆီး သတ်ဖြတ် တာနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်သင့်တဲ့ ပုဒ်မတွေနဲ့ အရေးယူ ဆောင်ရွက်ဖို့ လိုတာပေါ့” ဟုလည်း ဆိုသည်။
ယခုနှစ် မြစ်တွေးငှက် များ၏ သားပေါက်ချိန် ရာသီရောက်လာပြီ ဖြစ်၍ အရေးပါသော သဲသောင်ခုံများ၊ ကျွန်းများတွင် သတိပေး တားမြစ်ချက်များ၊ မေတ္တာရပ်ခံချက် ဆိုင်းဘုတ်များကို စိုက်ထူထားပြီး ဖြစ်ကြောင်း သိရသည်။
မြစ်တွေးငှက် အုပ်စုများသည် ပတ်ဝန်းကျင် သန့်ရှင်းသည့် နေရာများတွင်သာ နေထိုင်လေ့ရှိသဖြင့် ၎င်းတို့ နေထိုင် ကျက်စားခြင်း ရှိ၊ မရှိပေါ် မူတည်ပြီး သဘာဝပဝန်းကျင် ညစ်ညမ်းမှု ရှိမရှိကို အကဲဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ရေငှက် အုပ်စုဝင်များသည် ၎င်းတို့ ပတ်ဝန်းကျင်တွင် ရှိသည့် ရေနှင့်ပတ်သက်သော ပိုးမွှား အင်းဆက်များကို ဖယ်ရှား သုတ်သင်ခြင်း၊ ရေထဲရှိ ကျောရိုးမဲ့ သတ္တဝါ နှင့် အခြား ရေသတ္တဝါ အသေးအမွှွှားများအား စားသောက်ခြင်းဖြင့် ထိုသတ္တဝါများ၏ အရေအတွက် တိုးမလာစေရန် ထိန်းချုပ်ပေးထားကြောင်း သိရသည်။
“များသောအားဖြင့် မြစ်တွေးအုပ်စုတွေက ပတ်ဝန်းကျင် သန့်ရှင်းတဲ့ နေရာမှာ နေထိုင်ကြတယ်။ ဆိုလိုတာက ပတ်ဝန်း ကျင် ညစ်ညမ်းတဲ့ နေရာမှာ သူတို့ မရှိနိုင်ဘူး။ ဆိုတော့ ဘယ်တိရစ္ဆာန်မဆို သဘာဝတရားကြီးမှာ ဟန်ချက်ညီအောင် နေကြရတယ်။ ရေငှက်အများစုက ရေနဲ့ ပတ်သက်တဲ့ ပိုးမွှား အင်းဆက်တွေကို ဖယ်ရှားပေးတယ်” ဟု မြန်မာငှက်နှင့် သဘာဝ ထိန်းသိမ်းရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင် က ပြောသည်။