ပင့်ကူနှင့် တူ၍ အမြှီးတခုလည်း ပါဝင်သည့် သတ္တဝါတကောင်၏ ရုပ်ကြွင်းကို မြန်မာနိုင်ငံမှ ထွက်သည့် ပယင်းအတွင်း တွေ့ ရှိခဲ့ရသည်။ နှစ် သန်း ၁၀၀ သက်တမ်းရှိ ပယင်းအတွင်း၌ တွေ့ရသော ပင့်ကူကဲ့သို့ အကောင်တကောင်တွင် ရှည်လျားသော အမြှီးတခုရှိပြီး ၎င်း၏ ဝမ်းဗိုက်ရှိ အမွေးများမှ ပိုးမျှင်များ ထုတ်လုပ်ပေးကြောင်း သုတေသီများက ပြောသည်။
Nature Ecology and Evolution ဂျာနယ်အတွက် ရေးသားခဲ့သော ဆောင်းပါးတပုဒ်တွင် သုတေသီများက အဆိုပါ ပင့်ကူ သည် Attercopus ဟု သိကြသည့် သက်တမ်း နှစ် သန်း ၃၀၀ ရှိ ပင့်ကူမျိုးစိတ်တခုနှင့် ဆင်တူကြောင်း ပြောသည်။ Attercopus သည် ရှည်လျားသော အမြှီးရှိပြီး ၎င်း၏ ဝမ်းဗိုက်ရှိ အမွေးများမှ အမျှင်များ ထုတ်လုပ်သည်။
အဆိုပါ သတ္တဝါကို Chimerarachne yingi ဟု အမည်ပေး၍ တွေ့ရှိမှုကို Nature Ecology and Evolution ဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ Chimera ဆိုသည်မှာ ဂရိဒဏ္ဍာရီမှ တိရိစ္ဆာန်တို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပေါင်းစပ်ဖွဲ့စည်း ထားသော နတ်ဆိုး၏ အမည်ကို အစွဲပြုထားခြင်း ဖြစ်သည်။
Chimerarachne ၏ အမြှီးက ၃ မီလီမီတာ ရှိသည့် အတွက် ၂.၅ မီလီမီတာ ရှိသော ကိုယ်လုံးထက် ပိုမိုရှည်လျားသည်ကို တွေ့ရသည်။ ရှာဖွေတွေ့ရှိမှုတွင် ပါဝင်သည့် သုတေသီများက ယနေ့ခေတ် ပင့်ကူများနှင့် ဒိုင်နိုဆော ခေတ်မတိုင်မီက ရှိခဲ့သည့် သတ္တဝါများကြားမှ ကွင်းဆက် ဖြစ်သည်ဟု ပြောကြသည်။
Chimerarachne yingi သို့မဟုတ် chimaera ပင့်ကူသည် ခြေ ၄ စုံ(ခြေချောင်း ၈ ချောင်း) နှင့် အစွယ်များ အပါအဝင် ပင့်ကူနှင့် တူသော အခြားစရိုက်လက္ခဏာများ ရှိသည်။
တွေ့ရှိမှုတွင် ပါဝင်ခဲ့သော Kansas တက္ကသိုလ်မှ ပါမောက္ခ Paul Selden က “ကျောက်ဖြစ်ရုပ်ကြွင်းသစ်တွေက ခေတ်ဟောင်းနဲ့ ခေတ်သစ် ပင့်ကူတွေကြားမှာ ပျောက်ဆုံးနေတဲ့ ဆက်သွယ်ချက်နဲ့ တူပါတယ်” ဟု ပြောသည်။
Chimaera ပင့်ကူက Cretaceous ကာလ(လွန်ခဲ့သော နှစ်ပေါင်း ၁၄၅.၅ သန်းမှ ၆၅.၅ သန်းအတွင်း)က အစေးထုတ် သည့် သစ်ပင်များ၏ ပင်စည် အက်ကြောင်းများအတွင်းတွင် နေထိုင်ကြပြီး သူတို့၏ ရှည်လျားသော အမြှီးများကို အချို့ သော ကင်းမြီးကောက်များကဲ့သို့ပင် ပတ်ဝန်းကျင်ကို အာရုံခံသည့် နှာမောင်း သို့မဟုတ် လက်တံတခုသဖွယ် အသုံးပြု ခဲ့ကြသည်ဟု သူက ယုံကြည်သည်။
“ပယင်းက သစ်စေးရဲ့ ရုပ်ကြွင်း ဖြစ်ပါတယ်။ ဒါကြောင့် ပင့်ကူတကောင် ပိတ်မိခံရနိုင်တယ်။ သူတို့က သစ်ခေါက်တွေ အောက်မှာနဲ့ သစ်ပင် အောက်ခြေက ခြုံပင်တွေထဲမှာ နေခဲ့ကြနိုင်တယ်” ဟု ပါမောက္ခ Paul Selden က ပြောသည်။
အမည်ကဲ့သို့ပင် အဆိုပါ ပင့်ကူသဏ္ဍန် ရှိသည့် သတ္တဝါက ပုံမှန် မဟုတ်သည့် ကိုယ် အင်္ဂါ အစိတ်အပိုင်းများပေါင်းစပ် ထားခြင်း ဖြစ်သည့်အတွက် သုတေသီများ စိတ်လှုပ်ရှားခဲ့ရသည်။ ခေတ်သစ် ပင့်ကူများသည် အမျှင် ထုတ်ပေးသည့် အစိတ်အပိုင်း ပါဝင် သော်လည်း အမြီး မရှိကြပါ။
“ဒါကြောင့် ဒီအသစ်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပါ။ အဲဒါက စပ်ကူးမတ်ကူး ပုံစံ ဖြစ်ပုံရပါတယ်။ ကျနော် တို့ လေ့လာမှုအရဆိုရင် အမျှင်ထုတ်ပေးတဲ့ အစိတ်အပိုင်း မဖွံ့ဖြိုးတဲ့ ပုံစံဟောင်းနဲ့ အမြီးမပါတော့တဲ့ လက်ရှိ ပင့်ကူတွေ ကြားက အမျိုးအစားတခု အဖြစ် ပေါ်ထွက်လာပါတယ်” ပါမောက္ခ Paul Selden ကပြောသည်။
အမျှင်ထုတ်လုပ်ရာတွင် ယနေ့ခေတ်ပင့်ကူများ နှင့် နှိုင်းယှဉ်ပါက အင်အားနည်းဖွယ်ရာ ရှိသည်ဟု သိရသည်။
“သစ်ပင်တွေ ခြုံပင်တွေ တလျှောက်မှာ သွယ်တန်းအိမ်ဖွဲ့မယ်လို့ ကျနော် မထင်ဘူး။ ဒါပေမယ့် တခြား ပင့်ကူတွေလိုပဲ အသားစား သတ္တဝါ ဖြစ်လိမ့်မယ်။ အင်းဆက်တွေကို စားလိမ့်မယ်လို့ ကျနော်ယူဆပါတယ်” ဟု ပါမောက္ခ Paul Selden ကပြောသည်။
အမျှင်များဖြင့် အိမ်ဆောက်ခြင်း အစား Chimerarachne က မြေအောက်ကျင်းများ တည်ဆောက်ခြင်း နှင့် ဥများကို ရစ်ပတ်ထုပ်ပိုးခြင်းတို့ကဲ့သို့သော ကိစ္စများတွင် ၎င်း၏ အမျှင်များကို အသုံးပြုခဲ့နိုင်သည်ဟုလည်း ဆိုသည်။
Chimerarachne သည် မြန်မာနိုင်ငံမှ ထွက်သည့် ပယင်းများ အတွင်းမှ နောက်ဆုံး ရှာဖွေတွေ့ ရှိမှုဖြစ်ပါသည်။ ယခင်က လည်း အရာမယွင်းဘဲ ကျန်ရစ်နေသော မှိုများ၊ ငှက်တောင်ပံ နှင့် ဒိုင်နိုဆော သွေး ပါဝင်နေသော ပယင်းများ မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရပြီး ဖြစ်သည်။