ထိုင်းနိုင်ငံတွင် အမေရိကန်က ဦးဆောင်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများတွင် မြန်မာ့တပ်မတော်ကို ချန်လှပ်ထားရန် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ က တောင်းဆိုနေကြကြောင်း ဝါရှင်တန်မှ လာသော သတင်းက ဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လေ့ကျင့်ခန်းများကို လေ့လာရန် မြန်မာ့တပ်မတော်မှ အရာရှိများကို ဖိတ်ကြားထားကြောင်း AP သတင်း ဌာနက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။
စစ်ရေးလေ့ကျင့်မှုမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရေး နှင့် သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေး ကဏ္ဍ တွင်လေ့လာရန် မြန်မာနိုင်ငံမှ အရာရှိ ၃ ဦး အထိ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားထားခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကမ်းတက်တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး ခရစ်စတိုဖာ လိုဂင် Christopher Logan ကပြောသည်။ ပါဝင်မည့် အရာရှိများ အမည်နှင့် ရာထူးအဆင့်အတန်းများက ဆွေးနွေးနေဆဲ ဖြစ်သည်ဟုလည်း သူကပြောသည်။
“ရှင်းရှင်းလေးပါ။ လူမျိုးဖြုတ် သုတ်သင်မှုနဲ့ ပတ်သက်နေတဲ့ စစ်တပ်တွေက အမေရိကန်တပ်ဖွဲ့တွေနဲ့ အတူ သူတို့ရဲ့ စွမ်း ဆောင်ရည် တိုးတက်လာဖို့ လာလေ့ကျင့်တယ်ဆိုတာ မဖြစ်သင့်ပါဘူး” ဟု အမေရိကန် အထက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီဥက္ကဌ ရီပတ်ဘလစ်ကင် လွှတ်တော်ကိုယ်စားလှယ် ဂျွန်မက်ကိန်း John McCain က AP သတင်းဌာန သို့ ပြောသည်။
ယင်းသည် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ဦးတည်သည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအပေါ် အမေရိကန် ကွန်ဂရက်ရှိ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကင် ကိုယ်စားလှယ်များ၏ အမြင်သဘောထား အတက်အကျ အပြောင်းအလဲကို ရောင်ပြန်ဟပ်ပြနေခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်းမှ တပ်မတော်၏ ရခိုင်ပြည်နယ် စစ်ဆင်ရေးများ မတိုင်မီ အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက်ဆံရေးကို တိုးမြှင့် ပြုလုပ်ရန် ဂျွန်မက်ကိန်းက တောင်းဆိုခဲ့သည်။ သို့သော်လည်း ယခုအခါ သူက အရေးယူပိတ်ဆို့မှု ဥပဒေကြမ်း အသစ်တခုကို ထောက်ခံသူများထဲမှ တဦးဖြစ်လာသည်။
သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရက မြန်မာနိုင်ငံ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်းကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အခြားသူများကို နာမည်ပျက်စာရင်းသွင်းရန်လည်း စဉ်းစားနေသည်ဟု ပြောသည်။ မြန်မာ့တပ်မတော်အပေါ် ဗီဇာ နှင့် အကူအညီ ကန့်သတ်မှုများကိုလည်း အမေရိကန် အစိုးရက ဆက်လက် ထိန်းသိမ်းထားသည်။
သို့သော်လည်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နိုင်ငံခြားဆက်ဆံရေး ကော်မတီက အတည်ပြုပေးခဲ့သော အထက်လွှတ်တော်တွင် ပါတီ ၂ ရပ်လုံးက ထောက်ခံခဲ့သည့် ဥပဒေကြမ်းက ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပိုမိုပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများကို ကန့်သတ်ခြင်းအား ပိုမိုအားကောင်းစေခြင်းတို့ဖြင့် ပို၍ တွန်းအားပေးလာလိမ့်မည် ဖြစ်သည်။ အောက်လွှတ်တော်တွင်လည်း ၎င်းနှင့် မိတ်ဖက် ဥပဒေကြမ်းတခုကို တင်သွင်းခဲ့ပြီး ဖြစ်သည်။