မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရေး မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့က ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် တရားရုံးအနီးတွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့သည်။
ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် FDA မှ ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ အလောင်းစွန့်ပစ်၊ ပစ္စည်းများယူခဲ့သူ အငှားယာဉ်မောင်း မျိုးဇော်ဦးအား အဆိုပါ တရားရုံး၌ ရုံးထုတ် ရမန်ယူစဉ် မြန်မာအမျိုးသမီး များ စောင့်ရှောက်ရေးအဖွဲ့က ဆန္ဒပြတောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြပွဲတွင် အမျိုးသမီး ၁၅ ဦးခန့်က “လူသတ်မုဒိမ်းမှု ကျူးလွန်သူ သေဒဏ်ပေးပါ” ၊ “အမျိုးသမီးဘဝ လုံခြုံဖို့ မုဒိမ်းကောင်တွေ ဖယ်ရှားစို့” “မုဒိမ်းမှုမှန်သမျှ ထိထိရောက်ရောက် အရေးယူပေးပါ” ဟူသည့် ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ပြီး ပါဝင်ဆန္ဒပြခဲ့ကြသည်။
“မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ ဒီနေ့ တရားဝင်တောင်းဆိုလိုက်တာပါ။ ခုလို တောင်းဆို နေတဲ့ကြားထဲမှာတောင် ဒီလိုအမှုတွေ ဆက်ဖြစ်နေတယ်လို့ သိရတယ်၊ ဒါဟာ လက်ရှိပြစ်ဒဏ်တွေကို မကြောက်ဘူးဆိုတာ ပြနေ တယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒါကြောင့် သေဒဏ်ပေးဖို့ တောင်းဆိုမှု တွေကို အရှိန်ဟုန်မြှင့်ဆောင်ရွက်ရပါမယ်” ဟု မြန်မာအမျိုးသမီးများ စောင့် ရှောက်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်တင်ဆွေမြင့်က ပြောသည်။
မျိုးဇော်ဦးကို ရုံးထုတ်မည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် တရားရုံးအနီးတွင် သတင်းမီဒီယာများနှင့် ဆန္ဒပြမည့်သူများက မနက်စောစောပိုင်းကတည်းက လာရောက်စောင့်ဆိုင်းခဲ့သော်လည်း မည်သူမျှ မသိလိုက်ရဘဲ တိတ်တဆိတ် ရုံးထုတ် ရမန်ယူသွားပြီး လာမည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပထမ ဆုံးရုံးချိန်းအဖြစ် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွား မည်ဟု လုံခြုံရေး ယူပေး နေသည့် ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရသည်။
လူသတ်မုဒိမ်းမှုကို ကျူးလွန်ခဲ့သည့် အငှားယာဉ်မောင်း အသက် ၂၇ နှစ်အရွယ် မျိုးဇော်ဦးကို ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ် မ ၃၉၂ (လုယက်မှု)၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင် သောပြစ်မှု) တို့ဖြင့် မြောက်ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ရုံးထုတ်ရမန်ယူခြင်းဖြစ်သည်။
မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရေး ဆန္ဒပြခဲ့သည့် မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေး အဖွဲ့ကို ဇန်နဝါရီ ၂၄ ရက်တွင် စတင်ခဲ့ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး “မုဒိမ်းကောင်များ သေဒဏ်ပေးရေး လှုပ်ရှားမှု” ဟူသည့် လူမှုကွန်ရက်စာမျက်နှာကို ဖွင့်လှစ်ထားကာ ပြည်သူလူထုအကြား မုဒိမ်းမှုများ တားဆီးနိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။
အဆိုပါအဖွဲ့အနေဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆက်သွယ်ကာ မုဒိမ်းမှုများကိုကာကွယ်တားဆီးနိုင်ရေးအတွက် တိုက်တွန်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
FDA ဝန်ထမ်းအမျိုးသမီးအမှုဖြစ်ပြီးနောက် ဖေဖော်ဝါရီ ၃ ရက်ကလည်း စမ်းချောင်းမြို့နယ် ဟုမ်း လမ်း ဘူတာရပ်ကွက် ပန်းလှိုင်ဂုံးတံတားအောက်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ဦးခေါင်းဒဏ်ရာများနှင့် သားမယားပြုကျင့် ခံရမှု ထပ်မံဖြစ်ပွားခဲ့သေးသည်။
၂၀၁၇ အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှု ၂၇၀ မှု ဖြစ်ပွားခဲ့သကဲ့သို့ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုအများဆုံး တိုင်း ဒေသကြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။