ကရင် ၃ ပါတီ ပူးပေါင်း၍ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) အမည်ဖြင့် ပါတီသစ်တခု တည်ထောင်မည် ဖြစ်ကြောင်း ကရင်ဒီမိုကရက်တစ် ပါတီ (KDP) ဥက္ကဋ္ဌ ဦးစောရဲဝင်းနိုင် က ဧရာဝတီသို့ ပြောသည်။
ပူးပေါင်းလိုက်သည့် ကရင်နိုင်ငံရေးပါတီ ၃ ခုသည် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတတ်ရေးပါတီ (KSDDP)၊ ကရင်ဒီမိုကရက်တစ် ပါတီ (KDP) နှင့် ကရင်အမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ (KNUP) တို့ ဖြစ်သည်။
ဦးစောရဲဝင်းနိုင် က “ပူးပေါင်းခွင့်တော့ ရပြီ။ အခုပြန်တင်ရမယ့် အခြေအနေက မူဝါဒတို့ Logo (တံဆိပ်) တို့ အလံတို့ ပြန်တင်ရဖို့ ကျန်သေးတယ်။ တရားဝင် ကော်မရှင်က ချလာပြီးမှ ဖွဲ့စည်းပုံတို့ CEC (ဗဟို အလုပ်မှုဆောင် ကော်မတီ) တို့ ပြန်ရွေးရမယ်” ဟုပြောသည်။
ပါတီပူးပေါင်းရေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ အတွင်းက သဘောတူညီခဲ့ကြခြင်း ဖြစ်သည်ဟု ဦးစောရဲဝင်းနိုင် က ပြောသည်။
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးကောက်ခံခဲ့ကြသည့် ကရင်ပါတီ ၆ ပါတီ ရှိပြီး ပြည်နယ်မှ ၄ ပါတီ၊ ပြည်မမှ ၂ ပါတီ ဖြစ်သည်။
ပါတီပေါင်းစည်းရေး အတွက် ပြည်မမှ ကရင်ပါတီ ၂ ခု ဖြစ်သည့် ကရင်ပြည်သူ့ပါတီ (KPP) နှင့် ကရင် အမျိုးသားပါတီ (KNP) တို့ နှင့် ၇ ကြိမ်ခန့် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ပူးပေါင်းရန် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဟုသိရသည်။
ဦးစောရဲဝင်းနိုင် က “ပါတီပူးပေါင်းဖို့ ဆွေးနွေးတာတွေက တော်တော်ကြာခဲ့ပြီ။ ဧရာဝတီတိုင်းတို့ ရန်ကုန်တို့ ပါတီတွေအကုန် ၇ ကြိမ် လုပ်တယ်။ နည်းနည်း အဖုအထစ်တွေ ရှိခဲ့တယ်။ နောက်တော့ ပြေလည်တဲ့ ပြည်နယ်ထဲက ပါတီပဲ စပေါင်းလိုက် တာပါ”ဟု ပြောသည်။
ကရင်ပါတီ ၃ ပါတီ ပေါင်းပြီး ပါတီသစ် ထူထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ အတွင်းက တင်ထားခဲ့ခြင်းဖြစ်ပြီး ၃ လကျော်ကြာမှသာ ခွင့်ပြုမိန့် ပြန်လည်ကျလာခြင်း ဖြစ်သည်ဟု ဦးစောရဲဝင်းနိုင်က ဆိုသည်။
ပါတီသစ် ထူထောင်ရေး အတွက် ဆွေးနွေးစဉ်က ပါတီ ၃ ခုအပြင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) လည်းပါဝင်ခဲ့ပြီး ယခုပူးပေါင်း ရာတွင်လည်းဖလုံ-စဝေါ်ပါတီမှ ပါတီဝင်များလည်းဝင်ရောက်ပူးပေါင်းမည်ဟု သိရသည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုး က“ ပေါင်းစည်းရေးမှာ ကျနော်တို့ မပါဘူးလို့ ပြောလို့ ရသလို၊ ပါတယ်လို့လည်း ပြောလို့ ရတယ်။ ကျနော်တို့ နာယကချုပ်က ပါတီကို မဖျက်ချင်ဘူး။ မဖျက်ချင်တော့ သွားချင်တဲ့ လူတွေ လွတ်လွတ် လပ်လပ်သွား၊ ပါတီကိုတော့ ဆက်ထားထားမယ်။ ဖလုံ-စဝေါ်က ၂၀၂၀ မှာ ဆက်ရှိမယ်” ဟုပြောသည်။
ဦးမန်းအောင်ပြည်စိုး က ၎င်းကိုယ်တိုင်လည်း ပါတီပေါင်းစည်းရေးတွင် ပါတီမူဝါဒများဝင်ရောက် ဆွေးနွေး ရေးဆွဲနေသည်ဟု ပြောသည်။
ပါတီသစ်အတွက် မူဝါဒများရေးဆွဲရာတွင် ပူးပေါင်းမည့် ၃ ပါတီ နှင့် ဖလုံ-စဝေါ်ပါတီတို့မှ တပါတီလျှင် ၅ ဦးစီ ရွေးချယ်ပြီး ပူးပေါင်းရေးဆွဲခြင်း ဖြစ်သည်ဟုသိရသည်။
ပါတီသစ်၏ မူဝါဒများတွင် ပါတီသည် မည်သည့်အဖွဲ့အစည်းတခု၏ လွှမ်းမိုးမှု မခံရ၊ ဒီမိုကရေစီ စနစ်ကိုသာ ကျင့်သုံးမည်၊ နိုင်ငံတော် တည်ဆောက်ရာတွင် အမျိုးသားပြည်နယ်နှင့် အမျိုးသားများ ပြည်နယ်ကို လက်ခံမည်၊ အခြေခံမူဝါဒများ တူညီသည့် ပါတီအစု အဖွဲ့များနှင့် ပူးပေါင်းမည်ဟူသည့် အချက်များ ပါဝင်သည်ဟု ဦးမန်းအောင်ပြည်စိုး က ဆိုသည်။
ပါတီသစ်၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာလည်း မဲအနိုင်ရရှိရေး၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးရရှိရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ဆောင်ရွက်ရေးတို့ကို လုပ်ဆောင်ရန် လျာထားသည်ဟုလည်း သိရသည်။
နိုင်ငံရေးပါတီများ ထူထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အရ ပါတီထူထောင်ခွင့် ခွင့်ပြုချက် ရရှိပါကရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ရမည်ဖြစ်သည်။
မှတ်ပုံတင်ရာတွင် ပါတီကို ဦးဆောင်မည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ကကိုယ်တိုင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်သွင်းရမည်ဖြစ်သည်။
ပါတီမှတ်ပုံတင်စဉ်က ပူးပေါင်းသည့် ၃ ပါတီမှ တပါတီလျှင် ၁၅ ဦးစီ ရွေးချယ်ပြီး စာတင်ကာ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ပါတီသစ်တွင် ဦးဆောင်မည့် သူများ မည်သူဖြစ်လာမည်ကို မေးမြန်းရာ ပါတီသစ်ပူးပေါင်းကြသူများ မှ ထုတ်ဖော် ပြောဆိုခြင်းမရှိပါ။
ဦးမန်းအောင်ပြည်စိုးက“ ခွင့်ပြုမိန့်( မှတ်ပုံတင်ခွင့်ပြုကြောင်း) စာထွက်က်လာရင် တပါတီက ၈ယောက်စီ ရွေးထုတ် ။ ၄ ပါတီကဆိုရင် ၃၂ ယောက်ပေါ့။ CEC ၁၅ ယောက်ကို လျို့ဝှက်မဲနဲ့ ရွေးမယ်။ ၃၂ ယောက် ကတော့ EC ပေါ့။ ဒါကယာယီ အစီအစဉ် တကယ့်ဆွဲထားတဲ့ စည်းမျဉ်းကတော့ အဲ့လိုမဟုတ်ဘူး။ ယာယီ အစီအစဉ်ကို အကောင်အထည် ဖော်ပြီးမှ စည်းမျဉ်းအတိုင်း မြို့နယ် အဖွဲ့၊ ခရိုင်တို့ ပြည်နယ်တိုင်းအဖွဲ့တို့ လုပ်မယ်”ဟု ပြောသည်။
ပါတီများပေါင်းစည်းပြီးမှ ပြန်လည်မကွဲစေရန်လည်း ဆွေးနွေးထားကြပြီး ဖြစ်သည်ဟုသိရသည်။
ဦးမန်းအောင်ပြည်စိုး က “အကြီးအကျယ် ကြိုစဉ်းစားထားတယ်။ ရခိုင်၊ မွန် ဒါကိုယ့်မျက်စိရှေ့မှာပဲ ဖြစ် သွားတယ်။ ပေါင်းရင် အကျိုးရှိမလား။ မရှိမလား။ ကရင်လူထုကတော့ ပေါင်းပေါ့။ အခုအဲ့တာကို စဉ်းစားနေကြပါတယ်။ အန်ကယ်တို့ နာယကချုပ်လည်း ပါတီမဖျက်တာ ဒါကိုစဉ်းစားတာလည်း ပါ ပါမယ်။ ပေါင်းပြီးမှ ဖရိုုဖရဲဖြစ်မယ့် အနေအထားကိုလည်း စဉ်းစားထားပါတယ်”ဟုပြောသည်။
ပါတီသစ်ဖြစ်လာမည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၏ အလံသည် ကရင်အမျိုးသားအလံအရောင် ဖြစ်သည့် အနီ၊ အဖြူ၊ အပြာသုံးရောင် အောက်ခံထားပြီး ဘယ်ဘက်ထောင့်တွင် ဖားစည်ပုံပါရှိသည်။
ပါတီသစ်၏ တံဆိပ်မှာ နေရောင်ခြည်ထိုးနေသည့် ပုံစံဖြစ်သည်ဟုသိရသည်။
ဆက်စပ် ဖတ်ရှုရန် – ကရင် နိုင်ငံရေးပါတီများ ပေါင်းစည်းရေး ၅၀ ရာခိုင်နှုန်းကျော်ပြီးစီး