မန္တလေး ရတနာပုံတက္ကသိုလ်၌ ပညာရေး အသုံးစရိတ် တိုးမြှင့်ရေး တောင်းဆိုဆန္ဒပြပွဲတွင် ပါဝင်ခဲ့မှု ကြောင့် ပညာသင်ကြားခွင့် ရပ်စဲခံထားရသည့် ကျောင်းသားကျောင်းသူ ၅၆ ဦးကို မည်သည့် ခံဝန်ချက်မှ မလိုဘဲ ကျောင်းပြန်တက် ခွင့်ပြုမည် ဖြစ်ကြောင်း ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီကဆိုသည်။
အဆိုပါ ကျောင်းသား/သူ ၅၆ ဦးမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၄ရက်နေ့အထိ ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားသမဂ္ဂ အဖွဲ့ပေါင်း ၂၀ မှ ဖြစ်ပြီး၊ ကျောင်းပြန်တက်ခွင့်ရခြင်းမှာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ခဲ့သည့် အတွက် ဖြစ်ကြောင်း သိရသည်။
“ကျောင်းပြန်တက်ခွင့်ရတဲ့အပေါ်မှာ ထွေထွေထူးထူး ဝမ်းသာတာ၊ ဝမ်းနည်းတာမရှိဘူး၊ မန္တလေးတိုင်း အစိုးရက ဖြေရှင်းပေးလို့ရရဲ့နဲ့ မဖြေရှင်းပေးခဲ့ပါဘူး၊ ဒေါက်တာဇော်မြင့်မောင် ဦးဆောင်တဲ့ မန္တလေးတိုင်းအစိုးရကို စီမံခန့်ခွဲ မှုညံတဲ့ အစိုးရလို့ ဝေဖန်ချင်ပါတယ်၊ ဖြေရှင်းပေးတဲ့ ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းအစိုးရကို ကျနော်တို့ သမဂ္ဂအနေနဲ့ ကျေးဇူးတင်တယ်၊ အသိအမှတ်လည်း ပြုပါတယ်”ဟု ကိုရဲမျိုးဆွေက ပြောသည်။
ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေးတောင်းဆိုမှုကြောင့် ရတနာပုံတက္ကသိုလ်မှ ၁၄ဦး၊ ရမည်းသင်း နည်းပညာ တက္ကသိုလ်မှ ၁၁ဦး ၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်မှ ၁ ဦး ၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ၆ ဦး၊ မိုးညှင်းဒီဂရီ ကောလိပ်မှ ၄ ဦး၊ စစ်ကိုင်းပညာရေးကောလိပ်မှ ၃ ဦး နှင့် မိတ္ထီလာ တက္ကသိုလ်မှ ၉ ဦး၊ ကန့်ဘလူ စက်မှုလက်မှု သိပ္ပံမှ ၇ ဦး၊ ကျောက်ဆည်တက္ကသိုလ်မှ ၁ ဦး စုစုပေါင်း ၅၆ ဦး ပညာသင်ခွင့် ရပ်စဲခဲ့ရသည်။
ကော်မတီဝင် ကိုကျော်သီဟရဲကျော် က “ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်နေတဲ့ လက်ရှိအစိုးရ အနေနဲ့ ဆန္ဒပြ တောင်းဆိုတဲ့ ကျောင်းသားတွေကို အကျင့်စာရိတ္တ ပျက်ပြားစေမှုနဲ့ ကျောင်းထုတ်ရင် ကျောင်းသားလှုပ်ရှားမှုက ရပ်သွား မယ်လို့ ယူဆလို့ လုပ်တယ်၊ နောက်ခံဝန်ထိုးပြီး ကျောင်းပြန်တက် ဖို့ မိဘတွေကို ဖိအားပေးတာမျိုး လုပ်တယ်၊ အစိုးရက ကျနော်တို့ရဲ့ယုံကြည်ချက်တွေကို ဘယ်လို နည်းနဲ့မှ ရိုက်ချိုးလို့ မရတော့ဘူးဆိုပြီး မြင်လာတဲ့အတွက် အခုလို ခံဝန် ထိုးစရာမလိုပဲ ကျောင်းပြန် တက်ခွင့်ပေးခဲ့တယ် လို့မြင်ပါတယ်”ဟု ဆိုသည်။
ယနေ့ မကွေးတိုင်းဒေသကြီးအစိုးရရုံးတွင် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ ပညာရေးဝန်ကြီး ဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်း နှင့် ဗကသ ကျောင်းသားများ တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ် သည်။
“ဒီနေ့ ဆွေးနွေးမှုမှာ ပညာသင်ခွင့် ရပ်စဲခံရသူတွေကို ဘာခံဝန်ကတိမှ မလိုပဲနဲ့ ကျောင်းပြန်တက်ခွင့်ပေးမယ်ဆိုတဲ့ ကတိရတယ်။ ဒါကိုလည်း မနက်ဖြန်မှာ စာထုတ်ပေးမယ်လို့ ပြောတယ် ။ ဒါဟာ ရသင့်ရထိုက်တဲ့ အမှန်တရားတခုပါ၊ ဆွေးနွေးလို့ရအောင် စီစဉ်ပေးတဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်” ဟု ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး တိုက်ပွဲ ကော်မတီဝင် ကိုရာဇာထွန်း က ပြောသည်။
ဖေဖေါ်ဝါရီ ၇ ရက်နေ့က ကျောင်းသားသမဂ္ဂအဖွဲ့များမှ ကျောင်းအာဏာပိုင်များ အနေဖြင့် မိဘအုပ် ထိန်းသူများမှ တဆင့် ကျောင်းထုတ်ခံရသည့် ကျောင်းသား/သူကိုဖိအားပေးမှုများကြောင့် ဖြစ်ပေါ် လာမည့် နောက်ဆက်တွဲ ပြဿနာများသည် လက်ရှိ အစိုးရနှင့် ပညာရေးဝန်ကြီးဌာနတွင် သာ တာဝန် ရှိကြောင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။