သတင်း

“မင်းတို့ ထမင်းဝအောင် စားထား”ဆိုသူများကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ပြည်ထဲရေး ပြော

Want create site? Find Free WordPress Themes and plugins.

“မင်းတို့ ထမင်းဝအောင် စားထား”ဆိုသည့် ခြိမ်းခြောက်စာသား အကျီင်္ဝတ်ဆင်ပြီး လူသတ်သမား ကြည်လင်း နှင့် ဖမ်းဆီး ခံထားရသော အပေါင်းအပါများအား ထောက်ခံခဲ့သူများကို ဥပဒေနှင့် အညီ ဆက်လက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ပြောသည်။

ဦးတင်မြင့်က “ထမင်း ဝအောင် စားထား ဆိုတာကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့ သဘော ဖြစ်လို့ တိုင်ကြား တာကို အမှုဖွင့်ရတာပေါ့။ ကျနော်တို့က တရားဥပဒေနဲ့ အညီပဲ ဆောင်ရွက်မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

“မင်းတို့ ထမင်းဝအောင် စားထား” စာတမ်းပါ အကျီၤ ဝတ်ဆင်သူတဦးနှင့် အပေါင်းအပါသုံးဦးသည် လူသတ် သမား ကြည်လင်းတို့ ရုံးထုတ်စစ်ဆေးသည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ရုံးချိန်းတွင် တရားခွင် အရှေ့ထိ လာရောက်ကာ ထောက်ခံကြောင်း ပြသခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အမြင်မှာ သူ(ကြည်လင်း)က လုပ်သင့် လုပ်ထိုက်တာကို လုပ်လိုက်တာလို့ မြင်တယ်၊ အဲ့ဒီ အတွက် ပုဂ္ဂိုလ်ရေး အရ သူ့ကို အားပေးတာပါ၊ တခြားရည်ရွယ်ချက် မရှိပါဘူး” ဟု ကြည်လင်းအား တရားရုံးရှေ့ထိ လာရောက် ထောက်ခံခဲ့သူ ကိုမြတ်ဖုန်းမိုရ် က ပြောထားသည်။

ကြည်လင်းသည် တရားလွှတ်တော် ရှေ့နေ ဦးကိုနီးအား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ကြံမှုတွင် တရားခံအား ဝိုင်းဝန်းဖမ်းဆီးသည့် တက္ကစီယာဉ်မောင်း ဦးနေဝင်းသည်လည်း ကြည်လင်း ၏ ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ရသည်။

ကြည်လင်းအား ထောက်ခံသူ ၄ ဦးအနက် မြတ်ဖုန်းမိုရ်နှင့် တင်ဌေးအောင်(ခ)အကြီးကောင် ဆိုသူတို့မှာ ၂၀၁၇ ခုနှစ် မေလအတွင်းက ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီများ ရောက်နေသည် ဟု ဆိုကာ ဝင်ရောက် ရှာဖွေရာမှ လူစုလူဝေး ဖြစ်စေခဲ့သူများ ဖြစ်သည်။

ယင်း လုပ်ရပ်ကြောင့်ပင် မြတ်ဖုန်းမိုရ်နှင့် တင်ဌေးအာင်တို့သည် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှုဖြင့် အရေးယူ ခြင်း ခံခဲ့ရသည်။

“မင်းတို့ ထမင်းဝအောင် စားထား” စာသားဖြင့် တရားရုံးအတွင်း ခြိမ်းခြောက်သည့် လုပ်ရပ်နှင့် ပတ်သက်ပြီး အဆိုပါ ၄ ဦးအား အရေးယူပေးရန် အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အင်းစိန်မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ဦးအေးမင်း က ပြော သည်။

ဦးတိုက် လျှောက်ထားမှုအပေါ် တရားရုံးက ကြည်လင်းအား ထောက်ခံသူ ၄ ဦးကို အများပြည်သူကို ထိတ် လန့် စေမှုပုဒ်မ ၅၀၅(ခ)၊ ပြည်သူ့ဝန်ထမ်းကို နစ်နာစေရန် ခြိမ်းခြောက်မှု ပုဒ်မ ၁၈၉ တို့ဖြင့် အရေးယူ ဆောင်ရွက် ဖမ်းဝရမ်း ထုတ်ခဲ့သော်လည်း ၎င်းတို့အား ဖမ်းဆီးရမိခြင်း ရှိမရှိကို ရဲတပ်ဖွဲ့က အတည်ပြုခြင်း မရှိသေးပေ။

အဆိုပါ ၄ ဦးကဲ့သို့ပင် အမျိုးသားရေး ဆရာတော် ဦးဝီရသူ ကလည်း “မင်းတို့ ထမင်းဝအောင် စားထား” ဆို သည့် စကားသုံးနှုန်းကာ အစိုးရနှင့် ရှေ့နေများကို ဝေဖန်ထားသည့် ဗီဒီယိုဖိုင်တခုကို Naing Wynn Tun နာမည်ဖြင့် Facebook သုံးစွဲသူ တဦးက ဖေဖော်ဝါရီ ၇ ရက်နေ့တွင် တင်ထားသည်ကို တွေ့ရသည်။

ထို ဗီဒီယို ဖိုင်တွင် ဦးဝီရသူက “သူတော်ကောင်းကို စော်ကားတဲ့သူတွေ ထမင်းဝအောင် စားထား။ သံဃာ တော်ကို ပြစ်မှားတဲ့သူတွေ ထမင်းဝအောင် စားထား။ တရားပွဲတွေ ပိတ်ပင်တဲ့ သူတွေ။ နှောင့်ယှက်တဲ့ သူ တွေ ထမင်းဝအောင် စားထား။ ငရဲကျရင် ခင်ဗျားတို့ ထမင်းစားချိန် ရှိမှာမဟုတ်ဘူး။ ပြိတ္တာဖြစ်ရင် ထမင်း စားစရာ ပါးစပ်တောင်ပါမှာ မဟုတ်ဘူး။ ဒါကြောင့် ထမင်းဝအောင် စားထား”ဟု ဆိုထားသည်။

ထို့ပြင် “ရှေ့နေရဲ့ အလုပ်က ၂ မျိုးပဲရှိတယ်။ ကိုယ့်ကိုပိုက်ဆံပေးထားတဲ့သူကို အပြစ်ရှိရင် လွတ်အောင် လုပ်ရတဲ့ အလုပ်။ ကိုယ်အလိုမကျတဲ့သူကို ထောင်မကျ ကျအောင် လုပ်ရတဲ့အလုပ် ဒါပဲမလား။ ခင်ဗျား တို့က ဥပဒေက အဓိက မဟုတ်ပါဘူး။ ချစ်ခြင်းမုန်းခြင်းက အဓိကပါ။ ခင်ဗျားတို့ အလိုမကျရင် ပုဒ်မမျိုးစုံ တပ်ပြီး ထောင်မကျ ကျအောင် ချ မယ်။ ကြိုးစားကြမယ်။ ခင်ဗျားတို့ကို ပိုက်ဆံ ပေးထားတဲ့သူကို ဆိုရင် ကြီးတဲ့ အမှုကို သေးအောင်လုပ်မယ်။ သေးတဲ့ အမှုကို ပပျောက်သွားအောင်လုပ်မယ်။ ဒါပဲမလား” ဟု လည်း ဦးဝီရသူ က ဝေဖန်ထားသည်။

၇ မိနစ်နှင့် ၁၇ စက္ကန့် ကြာမြင့်သည့် ထိုဗီဒီယိုဖိုင်တွင် ဦးဝီရသူက သူ့ကိုယ်သူ “ကြည်လင်း ဆရာတော်”ဟု ကြေညာ ခဲ့သည်ကိုလည်း တွေ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading