မွန်ပြည်နယ်၊ သထုံမြို့နယ် အလံတရာနယ်မြေတွင် ဘာသာရေး အကြောင်းပြပြီး အမျိုးသမီးငယ်များအပေါ် ပန်းဦးဆွတ်သူဟု လူသိများသော ခွန်တန် (ခေါ်) ဇာတ်လိုက်မှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လိုက်လံ ဖမ်းဆီးနေကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို က ပြောသည်။
ပြည်နယ် အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ ခွန်တန်ဆိုသူကို ပြည်နယ် သာသနာရေး ဦးစီးမှူးက တရားလိုလုပ်၍ သံဃာအဖွဲ့ အစည်းဆိုင်ရာ ဥပဒေလိုက်နာမှု မရှိခြင်း၊ သာသနာတော် ညိုးနွမ်းစေမှုတို့ဖြင့် သထုံမြို့နယ် တရားရုံးသို့ ဇန်နဝါရီလ ၈ ရက်နေ့ကဦးတိုက် လျှောက်ထားခဲ့ပြီး ဖြစ်သည်ဟုသတင်းရရှိသည်။
ဝန်ကြီး သူရ ဦးအောင်ကိုက “ခွန်တန်က မြေပြင်သတင်းများ အရ ထိုင်းနိုင်ငံမှာ တိမ်းရှောင်နေတယ်လို့ သိရပါတယ်။ သူနဲ့နောက်ပါ အချို့နဲ့ပေါ့လေ။ သူဘယ်လောက် ပြေးနိုင်မှာလဲ။ တသက်လုံး နေနိုင်မှာလား။ နေနိုင်ရင်နေပါစေ။ အဲဒီတော့ ထိုင်းဘက်ကိုလည်း ဟိုမှာရှိတဲ့ မြန်မာသံရုံးက တဆင့်၊ မြန်မာ ကောင်စစ်ဝန်ရုံးက တဆင့် ဒီသတင်းကိုတော့ On Ground မှာလိုက်နေပါတယ်” ဟု ပြောသည်။
ခွန်တန်ကို သာသနာတော်ညိုးနွမ်းစေမှုဖြင့် တရားစွဲမည်ဖြစ်သလို ၎င်းနှင့် ကြံရာပါ ဖြစ်သူများကိုလည်း သာသနာတော် ညိုးနွမ်းစေမှုဖြင့် သထုံမြို့နယ် တရားရုံးကစစ်ဆေးလျက်ရှိကြောင်း၊ ခွန်တန် ပြေး၍ မလွတ်နိုင်ကြောင်း၊ မိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ဝန်ကြီး က ပြောသည်။
သူရ ဦးအောင်ကို က “ရာဇဝတ် ဘေးပြေးမလွတ်ဘူး ဆိုတဲ့စကားလုံးကတော့ တကမ္ဘာလုံး သုံးတာပဲ။ မြန်မာနိုင်ငံမှာတော့ဖြင့် ရာဇဝတ်ဘေးက အချိန်ကာလ တခုအထိတော့ ပြေးလို့ လွတ်တယ်လို့ ပြောရမလား မသိပါဘူး။ တချို့အမှုကြီးတွေတောင်မှ အခုထိ လွတ်နေသေးတာ ရှိတယ်။ အဲ့ဒီ တကမ္ဘာလုံး သုံးတဲ့ စကားကြီးတောင်မှ အဓိပ္ပာယ်နည်းနည်း ပြင်ရမလို ဖြစ်နေတယ်” ဟု ဆိုသည်။
အလံတရာ ဆရာတော် ပြန်လည်ဝင်စားသူဟုဆိုကာ မိမိကိုယ်ကိုယ် ဘုရားလောင်းဟု သတ်မှတ်ထားသူ “ခွန်တန်” အား ဖမ်းဆီးနိုင်ရန် အတွက် ပြည်နယ် အစိုးရမှ ဆောင်ရွက်နေစဉ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
ထိုစဉ်က ခွန်တန် ဆိုသူသည် ရှမ်းပြည်နယ် ဟိုပုံးသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟု သတင်းရရှိသဖြင့် ၎င်းအား ဖမ်းဆီး ရမိနိုင်ရေး အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် လည်းဆက်သွယ် ဆောင်ရွက်ခဲ့သေးကြောင်း သိရသည်။
ခွန်တန် (ခ) ဇာတ်လိုက်သည် အသက် ၂၅ နှစ်ခန့်ရှိပြီး အလံတရာ ဆရာတော် ဝင်စားသည်ဟုဆိုကာ ဒေသခံအချို့ က ယုံကြည်ကိုးကွယ်နေကြပြီး ကိုးကွယ်မှုကို အခွင့်ကောင်းယူကာ ၂၀၁၄ မှ ၂၀၁၆ အတွင်း အလံတရာ နယ်မြေရှိ မိန်းမပျိုများအား ခွန်တန် က လက်ထပ်ခဲ့သည်။
ရိုးရာဓလေ့ အရ အလံတရာ နယ်မြေမှ အမျိုးသမီးအများစုက ခွန်တန် နှင့် လက်ချည်လျင် သိဒ္ဓိမြောက် သည်ဟု ထင်မှတ်နေပြီး၊ ခွန်တန်နှင့် လက်မချည်ရရင် လူဖြစ်ရှုံးပြီဆိုသည် အထိ ယုံကြည်မှု လွန်ကဲနေကြခြင်းဖြစ်သည်။
ဘာသာရေးကို ခုတုံးလုပ်၍ ဘာသာ၊ သာသနာ ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည့် ခွန်တန်အား လက်ချည်ခံရသူ အမျိုးသမီးများ ကိုယ်တိုင် ကျေနပ်သည့် အတွက် တိုင်ကြားမှုများကို ကန့်ကွက်သော်လည်း ခွန်တန်ကို အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ခွန်တန် (ခ) ဇာတ်လိုက်အပါ အဝင် အမျိုးသား ခုနစ်ဦးကို အတင်း အဓမ္မပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ လူခိုးယူမှုပုဒ်မ ၃၆၃၊ ပူးပေါင်းပါဝင်သူများကို အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် သထုံမြို့မ ရဲစခန်းတွင် အောက်တိုဘာ ၂၄ ရက်ကအမှု ဖွင့်လှစ်ထားကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ခွန်တန်ကို သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူမည်ဟု သူရဦးအောင်ကိုပြော