ရွှေတိဂုံ စေတီ ဆိုင်ခန်းများ၌ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းချမှုမရှိရေး ကြပ်မတ်မည်
ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် ဘုရားစောင်းတန်းရှိ ဈေးဆိုင်များတွင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းချမှု မရှိစေရေး အတွက် ကြပ်မတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ သတင်း ရရှိသည်။
ယင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ (WWF Myanmar) တို့နှင့် ပူးပေါင်း၍ ယခု ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင် ဆောင်ရွက်လျက် ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သီတာထွန်းက “အရေးယူမှုနဲ့ မစဘဲ ပညာပေးနဲ့ ဘာ လို့ စလဲ ဆိုတော့ တချို့ ရောင်းနေတာကို တပ်အပ် မမြင်ရဘူး။ WWF လေ့လာထားတဲ့ စာရင်းမှာတော့ ဆင်စွယ်နဲ့ လုပ်ထားတဲ့ ဆင်းတုတော်တို့ ပုတီးတို့ ရှိတယ်။ မမြင်တဲ့ အတွက်ကြောင့် မရောင်းဖို့ ပညာပေးကာလ အရင်လုပ်တာ ပါ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းဆိုင်ခန်းများ၌ ဆင်စွယ်နှင့် ပြုလုပ်သော ပစ္စည်းများ၊ အခြား လိပ်ခွံနှင့် ပြုလုပ်ထားသော ပစ္စည်းများ ချခင်း ရောင်းချ ခြင်းများအပြင် မှောင်ခိုရောင်းချမှု များလည်း ရှိနေကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော်ကို ရွေးချယ်ရခြင်း အကြောင်းအရင်း၌ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ထွက် သွားလာမှု များသော နေရာဖြစ်သောကြောင့်ဟု ဆိုသည်။
တောရိုင်းတိရစ္ဆာန်များကို လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် အုပ်စု၊ ရာသီအလိုက် ကာကွယ်ထားသည့် အုပ်စု၊ သာမန်အားဖြင့် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်အုပ်စုဟူ၍ သတ်မှတ်ထားပြီး ဆင်၊ ကျားတို့မှာလည်း လုံးဝကာ ကွယ်ထားသည့် အုပ်စုထဲတွင် ပါဝင်နေကြောင်း တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေတွင် ဖော်ပြထားသည်။
WWF Myanmar မှဆက်သွယ် ဆက်ဆံရေး အရာရှိ ဦးစောလင်းထက်က “ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၊ ဝန်ထမ်း တွေနဲ့ ဈေးဆိုင်ခန်း ပိုင်ရှင်တွေကို တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ဖို့ အသိပညာ မြှင့်တင်ရေး သင်တန်းတွေပေးဖို့ ပူးပေါင်းဆောင်ရွက် နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော၌ ဈေးဆိုင်ခန်း ပိုင်ရှင်များကို တောရိုင်း တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အသိပညာ ပေး သင်တန်းအား ဖေဖော်ဝါရီ ၈ ရက်မှ စတင်ပြုလုပ်နေသည်ဟု ဆိုသည်။
ဘုရားစောင်းတန်းရှိ ဈေးဆိုင်များတွင် ယင်းပစ္စည်းများ ရောင်းချမှု ကင်းရှင်းရေးကို ယခုလမှစ၍ ပညာပေး ကာလ အဖြစ် ပြုလုပ်နေကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ ရုံးမှ သိရသည်။
ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က “စောင်းတန်းတွေမှာ ရောင်းတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် က ပြဋ္ဌာန်းထားတဲ့ ဥပဒေ အတိုင်း လိုက်နာဖို့ ကျနော်တို့ ကြတ်မတ်ပါတယ်။ ဒီဥပဒေကို ပိုမို ခိုင်မာ လာအောင်၊ လူထု ပိုမို သိရှိလာအောင်လည်း အသိပညာပေးဖို့ လိုပါတယ်။ လူတွေအားလုံးသိမှ ပိုပြီး ပူးပေါင်း ပါဝင်လာမှာပါ” ဟု ပြောသည်။
ယင်းသို့ သင်တန်းနှင့် အသိပညာပေးခြင်းတို့ ပြုလုပ်သည့် ပညာပေး ကာလပြီးပါက အရေးယူမှု အပိုင်းကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်သီတာထွန်းက “လုံးဝ ကာကွယ်ထားတဲ့ တောရိုင်း တိရစ္ဆာန်တွေကို ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်ရင် အမြင့်ဆုံး ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇ (က) နဲ့ အရေးယူလို့ရတယ်” ဟု ပြောဆိုသည်။
လုံးဝ ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရ ဖြစ်စေခြင်း၊ တောရိုင်း တိရစ္ဆာန်ကိုဖြစ်စေ ယင်း၏ အစိတ်အပိုင်းကို ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ် ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းများ တွေ့ရှိပါက အဆိုပါ ဥပဒေ ပုဒ်မ ၃၇ (က) နှင့် အရေးယူ အပြစ်ပေးနိုင်ကြောင်း သိရသည်။
တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ၁၉၉၄ ခုနှစ် ဥပဒေ ပုဒ်မ ၃၇ (က) အရ ထောင်ဒဏ် ၇ နှစ် အထိဖြစ်စေ ငွေဒဏ် ကျပ် ၅သောင်း အထိဖြစ်စေ ဒဏ် ၂ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ကုန်သွယ်မှု ကင်းရှင်းရေးကို ရန်ကုန်မြို့တော်၏ အထင်ရှားဆုံး ပြယုဂ် ဖြစ်သည့် ရွှေတိဂုံ စေတီတော်တွင်သာမက မြို့လယ်ကောင် အထင်ကရ နေရာဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ဈေးတွင်လည်း အလားတူ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် ပူးပေါင်းပြီး ရန်ကုန်မြို့ကို တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းရောင်းဝယ်မှု ကင်းရှင်းရေး ဒေသအဖြစ်လည်း ဆောင်ရွက်သွားရန် အစီအစဉ် ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့မှ သိရသည်။
WWF သည် ၁၉၆၂ ခုနှစ် ဧပြီလ ၂၉ ရက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်အား ထက်သန်သူများ စုပေါင်း၍ မော့ဂ် ကြေညာစာတမ်း (Morges Manifesto) ဟု ခေါ်တွင်သော သဘောတူညီချက်ကို စုပေါင်း လက်မှတ် ရေးထိုးရာမှ စတင် ပေါက်ဖွားလာခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများတွင် ရုံးစိုက်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီး မြန်မာရုံးခွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် တရားဝင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။