မြန်မာ့သမိုင်းတွင် မည်သည့်ခေတ်အခါကမှ “ရိုဟင်ဂျာ” ဆိုသည့် တိုင်းရင်းသား မရှိခဲ့ကြောင်းကို သမိုင်းပညာရှင် အဖွဲ့တခု သီးသန့် ဖွဲ့စည်း၍ ပြည်တွင်း၊ ပြည်ပ အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ ချပြန်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ကြိုးစားနေကြောင်း သတင်းရရှိသည်။
ရိုဟင်ဂျာဆိုသော တိုင်းရင်းသား ရှိခဲ့သည်ဟူ၍ ဗြိတိသျှလက်အောက်ကို ရောက်သွားသည့်အချိန် ဗြိတိသျှ သမိုင်း ပညာရှင်များ ရေးသည့် မှတ်တမ်းများ၊ ပြင်သစ်ပညာရှင်များ ရေးသည့် မှတ်တမ်းများတွင်လည်း မတွေ့ရကြောင်း၊ အိန္ဒိယန်းနှင့် ဘင်္ဂါလီရှိ ကြောင်းကိုသာ တွေ့ရသည်ဟု ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရ ဦအောင်ကိုက ပြောသည်။
သူရ ဦအောင်ကိုက “ဒါနဲ့ ပတ်သက်ပြီးတော့ ပညာရှင်အဖွဲ့တဖွဲ့ကို ထပ်ပြီးတော့ဖွဲ့တယ်။ မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂလီများ ဝင်ရောက်လာပုံ သမိုင်း ကြောင်းကို သီးသန့် စာအုပ်တအုပ် ရေးပါတယ်။ စာမူကြမ်း ရာနှုန်းပြည့် ပြီးပါပြီ။ ပြီးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံကို တင်ပြဖို့ ရှိပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီဟာကို ပညာရှင်အဖွဲ့တွေနဲ့ စိစစ်သုံးသပ်ပြီးလို့ ခွင့်ပြုမိန့်ရတဲ့အခါမှာ ဒါကို သီးသန့် စာအုပ်တအုပ် လုပ်ပြီး ပြည်သူတွေဆီကို ဖြန့်ချီဖို့ ရှိပါတယ်”ဟု သတင်းထောက်များကို ပြောသည်။
ယင်းစာအုပ်ကို တချိန်တည်းတွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနေပြီး နိုင်ငံတကာ ပညာရှင်များနှင့်အတူ မြန်မာ့သမိုင်း သုတေသန ဦးစီးဌာ နက မြန်မာနိုင်ငံတွင် တနှစ်လျှင် ၃ ကြိမ်ခန့် သမိုင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း၊ ရည်ရွယ်ချက်မှာ ရိုဟင်ဂျာ မရှိကြောင်း သက်သေခိုင်လုံစွာ ငြင်းဆိုနိုင်ရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။
သူရ ဦးအောင်ကိုက “နှစ်ပေါင်းထောင်ချီ ကာလတွေ ကတည်းက ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားတွေထဲမှာ မရှိဘူးဆိုတာ လူတိုင်း လည်း သိပါတယ်။ သို့သော် ဒါကို လက်မခံဘူး၊ မရှိဘူးလို့ ပြောနေရုံနဲ့ မပြည့်စုံပါဘူး။ ခိုင်မာတဲ့ သမိုင်း သက်သေ အထောက်အထား Evidence ပြနိုင်ရပါမယ်”ဟု ပြောသည်။
ထိုသို့ ပြသနိုင်ရန် အတွက် မြန်မာနိုင်ငံထဲသို့ ဘင်္ဂလီ ဝင်ရောက်လာမှု သမိုင်းကြောင်းကို ပြုစုသည့်အခါမှာ မြန်မာ သမိုင်း ပညာ ရှင်များ သာမက နိုင်ငံတကာ သမိုင်းပညာရှင်များ အပါအဝင် အထူးသဖြင့် အင်္ဂလန်၊ ပြင်သစ်နိုင်ငံတို့မှ ပညာရှင်များ ရေးုသည့် စာအုပ်၊ စာတမ်း အထောက်အထားများကို ရယူပြီးမှ ပြုစုထားခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်အရေး လေ့လာသူ ဦးမောင်မောင်စိုး ကမူ ရိုဟင်ဂျာနှင့် ပတ်သက်၍ အမြင်သဘောထား ရှင်းလင်းနိုင်စေရန် ရခိုင် ပညာရှင်များ၊ သမိုင်းပညာရှင်များက အချက်အလက် အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် နိုင်ငံတကာ လက်ခံလာအောင် ရှင်းလင်းရန် လိုကြောင်း၊ ယခုအခါတွင် နိုင်ငံတကာက ရိုဟင်ဂျာအမည်ကို လက်ခံနေပြီး ၎င်းတို့ကို တိုင်းရင်းသား အခွင့်အရေး ပေးရန် ထောက်ခံမှုများ ရှိနေကြောင်း ပြောသည်။
ဦးမောင်မောင်စိုး က “သူတို့သည် ရိုဟင်ဂျာဆိုသော လူမျိုးဖြစ်တယ်။ မြန်မာပြည်မှာ ရာစုနှစ်နဲ့ချီပြီးတော့ နှစ်ပေါင်းများစွာ အခြေချနေ ထိုင်ခဲ့တဲ့ လူမျိုးဖြစ်တယ်။ သူတို့သည် တိုင်းရင်းသား ဖြစ်တယ်။ သူတို့အတွက် နေရာဖယ်ပေးရမယ်ဆိုတာကို တောင်းဆိုနေတာ။ အဲဒီတော့ ဒါနဲ့ ပတ်သက်ပြီး အမြင်အခြေခံကနေ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါဟာ ရှင်းရှင်း လင်းလင်းရှိဖို့ လိုအပ်ပါတယ်။ ဒါကို ခေါင်းဆောင်ပိုင်းတင် မဟုတ်ဘဲ ပြည်သူတွေရော၊ ကမ္ဘာကရော ရှင်းရှင်း လင်းလင်း သိမှ ဖြေရှင်းလို့ ရမယ်”ဟု သုံးသပ်သည်။
မြန်မာသမိုင်းကိုပါ ပကတိ အခြေအနေ အမှန်များ ဖြစ်စေရန် ပြန်လည် ရေးသားနေပြီး လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှ ရှေ့ပိုင်းကို အပိုင်း ၁ ၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့် အချိန်မှ ၁၉၆၂ ခုနှစ်ထိ အပိုင်း ၂၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ အပိုင်း ၃၊ ၁၉၈၈ ခုနှစ်မှ ယနေ့ အချိန်ထိ အပိုင်း ၄ ဟူ၍ အဖွဲ့ ၄ ဖွဲ့ခွဲကာ ပြန်လည် ရေးသားနေကြောင်းလည်း သိရသည်။
နိုင်ငံတော် အတိုင်ပင်ခံ၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ သမိုင်းအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ အမြဲတန်း အဖွဲ့ဝင် ၁၈ ဦး၊ အချိန်ပိုင်း အဖွဲ့ဝင် ၁၇ ဦးတို့ဖြင့် သမိုင်းကြောင်းများကို ပြန်လည် လေ့လာဖော်ထုတ်လျက်ရှိကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။