ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး မြန်မာ့တပ်မတော်အနေဖြင့် မကြာသေးမီက တူးဖော်တွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သော အလောင်း ၁၀ လောင်း၏ သတ်ဖြတ်ခံရမှုသည် ၎င်းတို့၏သက်သေများတို့မှ ပေးထားသော မှတ်တမ်းများ နှင့် အရေးပါသည့် အချက်အလက်များတွင် ကွဲလွဲနေကြောင်း Reuters သတင်းဌာနက ထုတ်ပြန်ရေးသားလိုက်သည်။
မြန်မာ့တပ်မတော်အဆိုရ အဆိုပါ အသတ်ခံရသူ ၁၀ ဦးသည် လုံခြုံရေးတပ်များအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား ၂၀ဝ ထဲမှ ဖြစ်သည်ဟု မြန်မာ့တပ်မတော်က ဆိုထားသည်။ သို့သော် Reuters သတင်းဌာနက မေးမြန်းချက်များအပေါ် အခြေခံပြီး “အင်းဒင်ရှိ လုံခြုံရေးတပ်များအပေါ် ပမာဏများပြားသော သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုမျိုး မရှိခဲ့ကြောင်း” အစီရင်ခံခဲ့သည်။ ထို့ပြင် “လုံခြုံရေးတပ်သားများသည် အနီးနားကမ်းခြေတစ်ခု၌ ခိုလှုံနေခဲ့သော ရိုဟင်ဂျာများထဲမှ ၁၀ ဦးအား ဆွဲထုတ်သွားခဲ့သည်”ဟု သက်သေများက Reuters သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း ဆိုသည်။
ထို့ပြင် တပ်မတော်နှင့် လက်နက်ကိုင် ရဲတပ်သားများသည် ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးရန် အင်းဒင်နှင့် အခြားကျေးရွာ အနည်းဆုံး နှစ်ရွာလောက်မှ ဗုဒ္ဓဘာသာဝင် အရပ်သားများအား စုစည်းခဲ့ကြောင်း၊ အင်းဒင်ရှိ မွတ်ဆလင် ရွာငယ်များအား “ရှင်းလင်းရန်” အမိန့်သည် တပ်မတော်မှ စတင်ခြင်းဖြစ်ပြီး အဆင့်ဆင့် ရရှိလာသော အမိန့်ဖြစ်ကြောင်း၊ လက်နက်ကိုင်ရဲတပ်သားများအချို့သည် နွားများ၊ မော်တော်ဆိုင်ကယ်များ အပါအဝင် ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများအား ပြန်လည်ရောင်းချရန်အတွက် လုယူသိမ်းပိုက်ခဲ့ကြောင်း မေးမြန်းချက်များအပေါ် အခြေခံပြီး Reuters က ရေးသည်။
ရိုဟင်ဂျာ မွတ်ဆလင်များ အင်းဒင်မှ ထွက်ပြေးသွားပြီးသည့်နောက် ဗုဒ္ဓဘာသာဝင် ရွာသားများသည် ၎င်းရိုဟင်ဂျာများ၏ ကြက်များ၊ ဆိတ်များအပါအဝင် ပိုင်ဆိုင်မှုများအား သိမ်းယူခဲ့ကြောင်း၊ သို့သော် တန်ဖိုးကြီးမားသည့် မော်တော်ဆိုင်ကယ်များနှင့် နွားများကဲ့သို့သော ပစ္စည်းအများစုကိုမူ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်မှူးဖြစ်သူ သန့်ဇင်ဦးက သိမ်းယူသွားခဲ့ပြီး ရောင်းချခဲ့ကြောင်း Reuters က ရေးသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အင်းဒင်ရှိ ရိုဟင်ဂျာ ရာချီသည် အနီးနား ကမ်းခြေတစ်ခုသို့ သွားရောက်ခိုလှုံခဲ့ကြောင်း၊ တပ်သည် အမျိုးသား ၁၀ ဦးအား ရွေးချယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ငါးဦးသည် ငါးဖမ်းသမားများ သို့မဟုတ် ငါးရောင်းချသူများဖြစ်ကြပြီး နှစ်ဦးမှာမူ စတိုးဆိုင်များ ဖွင့်ထားကြခဲ့ကြောင်း၊ ကျန်နှစ်ဦးသည် ကျောင်းသားများ ဖြစ်ကြပြီး နောက်ဆုံးတဦးမှာမူ အစ္စလာမ်ဘာသာရေး ဆရာဖြစ်ကြောင်း Reuters က ရေးသည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် ၎င်းတို့အား သင်းချိုင်းတခုအနီးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးဝန်ထမ်းများသည် ဒေသခံ ဗုဒ္ဓဘာသာဝင် လယ်သမားတဦးဖြစ်သည့် ဦးမောင်နီ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ၎င်းတို့အား မေးမြန်းခဲ့ကြောင်း၊ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာများတို့မှ ၎င်းတို့အနေနှင့် အဆိုပါလယ်သမားပျောက်ဆုံးမှုသည် ၎င်းရိုဟင်ဂျာ ၁၀ ဦးနှင့် ချိတ်ဆက်နေကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာမရှိကြောင်း၊ သို့သော်လည်း ဦးမောင်နီ၏သားများအား ခြေလျှင်တပ်ရင်း ၃၃ မှ အရာရှိက ဖိတ်ကြားခဲ့ပြီး သတ်ဖြတ်မှုကို ပထမဆုံး ဆောင်ရွက်စေခဲ့ကြောင်း၊ ပထမဆုံးသားဖြစ်သူသည် အစ္စလာမ်ဘာသာရေးဆရာ၏ ဦးခေါင်းအား ခုတ်ဖြတ်ခဲ့ကြောင်း၊ ဒုတိယသားဖြစ်သူသည် နောက်ထပ်အမျိုးသားတစ်ဦး၏ လည်ပင်းအား ခုတ်ဖြတ်ခဲ့ကြောင်း Reuters က ရေးသည်။
“ဤမှတ်တမ်းသည် စစ်သားများနှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ဓာတ်ပုံ သက်သေ အထောက် အထားများနှင့် လုံခြုံရေး ဝန်ထမ်းများထံမှ သက်သေထွက်ဆိုချက်များ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည့် အမှတ်အသား တခုလည်း ဖြစ်ပေသည်” ဟု Reuters က ရေးသည်။
ယင်းစုံစမ်းစစ်ဆေးခြင်းများကြောင့် Reuters သတင်းဌာန၏ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရခိုင်နှင့်ဆက်နွယ်သော လျှို့ဝှက် စာရွက်စာတမ်းများအား ရယူထားသည် ဟူသော စွပ်စွဲချက်နှင့်အတူ ဒီဇင်ဘာလ ၁၂ ရက် နေ့က ဖမ်းဆီးခဲ့သည်။
Reuters သတင်းထောက် ၂ ဦး ဖမ်းဆီးခံရပြီး ရက်အတန်ကြာတွင် မောင်တောမြို့နယ်မှ အင်းဒင်ကျေးရွာအနီး အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရှိရာ အင်းဒင်ကျေးရွာမှ လူ ၅ ဦး အဖမ်းခံရသည်။ ထိုသူများသည် Reuters သတင်းဌာနသို့ သတင်းပေးခဲ့သူများ ဖြစ်မည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်များက သံသယရှိခဲ့ပြီး နောက်ပိုင်းတွင် နယူးယောက်တိုင်းမ်က ထိုသတင်းကို အတည်ပြုခဲ့သည်။
အဆိုပါသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အစိုးရ၏ ပေါ်လစီမှာ အလွန်ရှင်းလင်းသည်ဟု အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက Reuters ကို ပြောသည်။ “လူအခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူး လို့ ငြင်းဆန်နေမှာ မဟုတ်ဘူး။ ပြီးတော့ အသားလွတ် ငြင်းဆန်မှုတွေ လုပ်နေတာ မဟုတ်ပါဘူး။” အကယ်၍ အလွဲသုံးစားမှုတွေနဲ့ ပတ်သက်တဲ့ “ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်း သက်သေတွေ” ရှိရင် အစိုးရက စုံစမ်းစစ်ဆေး သွားမည် ဖြစ်သည် ဟု သူက ဆိုသည်။
“ဆိုတော့ ကျနော်တို့ အနေနဲ့ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်း သက်သေတွေရရင် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လို့ရတယ်။ ပြီးတော့ ချိုးဖောက်မှုတွေ ရှိကြောင်း သက်သေအထောက်အထားတွေ မှန်မှန်ကန်ကန် တွေ့ရှိရင် ကျနော်တို့ အနေနဲ့ တည်ဆဲဥပဒေတွေ အတိုင်း လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်”ဟုလည်း ဆိုသည်။
သူက စစ်တပ်၏ ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။ “ဘယ်သူက စပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တာလည်း ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နားလည်ဖို့ လိုအပ်တယ်။ အဲ့ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဥပရောနိုင်ငံမှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ယူအက်စ် မှာ လန်ဒန် မှာ နယူးရော့ခ်မှာ ဝါရှင်တန်မှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် မီဒီယာတွေက ဘာပြောမလဲ”ဟု ဆိုသည်။
သတ်ဖြတ် မြှုပ်နှံမှုတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ သိရန် စုံစမ်းစစ်ဆေးမှုများ တပ်မတော်က ပြုလုပ်ခဲ့ပြီး သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများနှင့် တာဝန်ရှိသူများကို အရေးယူမည်ဟု တပ်မတော်က ကြေညာထားသည်။ ထို စုံစမ်းစစ်ဆေးမှုများကို စစ်ဘက်စုံစမ်းစစ်ဆေးရေး လုပ်ငန်း အတွေ့အကြုံရှိသော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းက ဦးဆောင်သည်။
ထိုသို့ တရားဝင် စုံစမ်းစစ်ဆေးပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် အခြားပတ်သက်သူများ၏ တရားလက်မဲ့ သတ်ဖြတ်မှုကို ဝန်ခံခြင်းကို ပြည်တွင်းပြည်ပက ကြိုဆိုကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကောင်းမွန်သော ခြေလှမ်းတရပ်အနေဖြင့် ကြိုဆိုကြောင်း ပြောသည်။
သို့သော် နောက်ဆက်တွဲ အရေးယူမှု ရှိ မရှိ ရှင်းလင်းစွာ ထုတ်ပြန်ခြင်း မရှိသေးပါ။