မိမိကိုယ်မိမိ ရိုဟင်ဂျာဟု ခေါ်နေသည့် ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုး ဖောက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိ မြန်မာ့တပ်မတော် ခေါင်း ဆောင်များကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ရန်နှင့် ခရီးသွားလာမှု ပိတ်ပင်ရာတွင် ပိုမိုလွယ်ကူစေမည့် ဥပဒေကြမ်း တခုကို အမေရိကန် အထက်လွှတ်တော်က နိုင်ငံခြား ဆက်ဆံရေး ကော်မတီက မနေ့ကအတည်ပြုလိုက် သည်။
အကယ်၍ Burma Human Rights and Freedom Act ကို ဥပဒေအဖြစ် ပြဌာန်းခဲ့လျှင် မြန်မာ့တပ်မတော်မှ အရာရှိကြီး များ အကြမ်းဖက်မှု ရပ်ဆိုင်းပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ထောက်ခံတင်ပြ လာသည့် အချိန်အထိ မြန်မာ့တပ်မတော်နှင့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပုံစံအချို့ကို တားမြစ်သွားမည် ဖြစ် သည်။
အမေရိကန် အထက်လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေး ကော်မတီက တင်သွင်းခဲ့သည့် ယင်းဥပဒေကြမ်းက မြန်မာနိုင်ငံ ၏ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံပြီး အရပ်သား အစိုးရတခုဆီသို့ အောင်မြင်စွာ အသွင်ကူးပြောင်းရေးကိုလည်း အားပေးထားသည်။
ARSA အကြမ်းဖက်အဖွဲ့က ရဲတပ်ဖွဲ့စခန်းများကို ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ခြင်း ကို တုန့်ပြန်သည့် အနေဖြင့် မြန်မာလုံခြုံရေး တပ်ဖွဲ့များ၏ ပြင်းထန် သော ဖြိုခွဲတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လမှစ၍ ဘင်္ဂါလီ ၇သိန်း နီးပါး ရခိုင်ပြည် နယ်မြောက်ပိုင်းမှ ထွက်ပြေးခဲ့ကြသည်။
အမေရိကန်နိုင်ငံ နှင့် ကုလသမဂ္ဂတို့က အဆိုပါရက်စက်မှုများသည် လူမျိုးဖြုတ်သုတ်သင်မှု ဖြစ်လာ သည်ဟု ပြောကြားခဲ့ ကြသော်လည်း မြန်မာအစိုးရက စွပ်စွဲမှုများကို ငြင်းဆန်ခဲ့ပြီး သက်သေပြရန် အတွက် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် တားမြစ် ခဲ့သည်။
“ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစု တိုင်းရင်းသားတွေ အပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှု အတိုင်းအတာက ထိတ်လန့်စရာ ဖြစ်လာခဲ့ပါတယ်” ဟု ဥပဒေကြမ်းကို တင်သွင်းခဲ့သူ အမေရိကန် အထက်လွှတ်တော်မှ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီ ဥက္ကဌ ဂျွန်မက်ကိန်း ကပြောသည်။
“အမေရိကန် အစိုးရအနေနဲ့ ကြီးမားတဲ့ ရက်စက်မှုတွေနဲ့ လူမျိုးဖြုတ် သုတ်သင်မှုကို တားဆီးဖို့ နဲ့ သူတို့ရဲ့ လုပ်ရပ်တွေ အတွက် တာဝန်ရှိတဲ့ သူတွေကို သည်းခံမှာ မဟုတ်ဖူးဆိုတာကို သေချာစေဖို့ လုပ်နိုင်သမျှ အားလုံးကို လုပ်ဖို့ အတွက် ကျင့်ဝတ်ဆိုင်ရာ လိုက်နာရမယ့် တာဝန် တခု ရှိပါတယ်” ဟု ဂျွန်မက်ကိန်း က ကျေညာချက်တခု တွင်ပြောသည်။
အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက အတည်ပြုခဲ့သော ဥပဒေသည် မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ ဒီမိုက ရေစီကို ကာကွယ်ရေး နှင့် ဘင်္ဂါလီများ သေဆုံးခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်းတို့ အတွက် တာဝန်ရှိသည့် မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်များက တာဝန်ခံရေး လမ်းကြောင်း မှန်သော ခြေလှမ်းတရပ်ဖြစ်သည်ဟုလည်း သူက ထပ်ပြောသည်။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှ ဝါရင့်အဖွဲ့ဝင် တဦးဖြစ်သည့် Ben Cardin က ဥပဒေ သည် မြန်မာနိုင်ငံ၏ စီးပွားရေး သို့မဟုတ် ပြည်သူများကို ထိခိုက်ရန် ရည်ရွယ် ခြင်း မဟုတ်ဘဲ သူတို့၏ လုပ်ရပ်များအတွက် တာဝန်ရှိသော တပ်မတော်မှ အရာရှိများကို ထိန်းချုပ် ရန် ဖြစ်သည်ဟု ကျေညာချက်တွင် ပြောသည်။
“ဒါကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေး အသွင်ကူးပြောင်းမှု ပြီးမြောက်စေရေးနဲ့ နောက်ဆုံးမှ စစ်တပ်ရဲ့ ထိန်းချုပ်မှုက နေ လွတ်မြောက်ရေး ကို ကူညီဖို့ ဗျူဟာတခုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ် အနေ နဲ့ အားလုံးအကျုံးဝင်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမယ့် အမေရိကန်ရဲ့ ဗျူဟာတခု ဥပဒေအတွက် လိုအပ်ခဲ့ပါတယ်” ဟု သူကပြောသည်။
လူမျိုးတုန်း သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ရှိနေသည့် အချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမေရိကန်၏ မူဝါဒ နှင့် ဆက်ဆံမှုကို ပြန်လည်သုံးသပ်ရန် ယခု ဥပဒေကြမ်းက အရေးပါသော ခြေလှမ်းတခု ဖြစ်သည်ဟု Ben Cardin ကပြောသည်။
ဘင်္ဂါလီကို တိုက်ခိုက်ဖြိုခွဲရာတွင် ဦးဆောင်ခဲ့သော မြန်မာ့တပ်မတော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံက အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
သူက ရက်စက်သော စစ်ဆင်ရေးများကို ကြီးကြပ်ခဲ့ခြင်းအတွက် အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ပထမဆုံးထည့်သွင်းခြင်း ခံရသည် စစ်ဖက်ဆိုင်ရာ အဆင့်မြင့် အရာရှိ ဖြစ်သည်။ Global Magnitsky Human Rights Accountability Act ဥပဒေ အရ လူ့အခွင့် အရေးချိုးဖောက်မှု နှင့် အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များအတွက် အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၅၂ ခုတွင် တယောက်အပါအဝင် ဖြစ်သည်။