ဦးကိုနီအား လုပ်ကြံခဲ့သည့် ကြည်လင်း အပါအဝင် တရားခံများကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်လိုက် သည့် အပေါ် “ခင်ဗျားတို့ ကျေနပ်တယ်မို့လား”ဟု ကြည်လင်း၏ ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက်က ပြည်သူများအား မေးခွန်း ထုတ်လိုက်သည်။
ယနေ့ ရုံးချိန်းတွင် ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့် လည်းကောင်း၊ ကြည်လင်း တဦးတည်းကို ပုဒ်မ ၃၀၂(၂) အရ လည်းကောင်း အင်းစိန်မြို့နယ် မြောက်ပိုင်း ခရိုင် တရားရုံး က စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အောင်ဝင်းထွန်းကိုမူ တရားခံကို လက်ခံမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၂ ဖြင့် လည်းကောင်း စွဲချက် တင်လိုက်သည်။
ဦးကျော်ကျော်ထိုက်က “စွဲချက် အမိန့်ချတယ်။ ဒီအပေါ်မှာ တရားခံတွေ ဆက်လက်ဖြေရှင်းရမယ်။ ဖြေရှင်းနိုင်ရင် လွတ် မယ်။ မဖြေရှင်နိုင်ရင် သေဒဏ်ကျမယ်။ အမြင့်ဆုံး ပြစ်ဒဏ်နဲ့ စွဲချက် တင်ထားတာလေ။ အဲဒါကို ခင်ဗျားတို့ မကျေနပ်နိုင် သေးဘူးလား။ ပြည်သူအများကို ပြောတာပါ။ ပြည်သူအများက စမစစ်ဆေးခင်ကတည်းက ဒါမျိုးကို လုပ်ပေးဖို့တောင်းဆို နေတာ နေ့တိုင်းပဲလေ”ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ၂၀၁၇ခုနှစ် ဇန်နဝါရီလ က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြည်လင်းက သေနတ်ဖြင့်ပစ်ခတ် လုပ်ကြံမှု ဖြစ်ပြီးနောက် တနှစ်ခန့် အကြာ တွင် တရားခံများအား ယခုလို စွဲချက် တင်ခြင်း ဖြစ်သည်။
ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ နှစ်ဦးကို အမှု အမှတ် ၄၆/၂၀၁၇ အရ ၁၈၇၈ ခုနှစ် လက်နက် အက်ဥပဒေ ပုဒ်မ ၁၉(ဃ)၊ ၁၉ (စ) တို့ဖြင့်လည်း သီးခြား စွဲချက်တင်သည်။
ယင်းသို့ တရားရုံးစွဲချက်များနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ ၄ ဦးက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။
တရားခွင်အတွင်း “တရားနတ်စောင့်ပါတယ်။ သေနတ်က ကျနော့်ကို ခိုင်းတဲ့သူက ပေးထားတာပါ” ဟု သေနတ်သမား ကြည်လင်းက ပြောဆိုခဲ့ကြောင်း သိရသည်။
အမှုတွင် လွတ်မြောက်နေဆဲဖြစ်သည့် အောင်ဝင်းခိုင်နှင့် ပတ်သက်၍လည်း ပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ ပြစ်မှု ယုတ္တိ ထင်ရှား ပေါ်လွင်သည့်အတွက် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၈၈ ဖြင့် ဖမ်းဝရမ်းထုတ်ကာ ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများအား ချိတ်ပိတ်ရန် အမိန့် ချမှတ်လိုက်သည်။
တရားလိုရှေ့နေ ဦးခင်မောင်ဌေးက “ကျင့်ထုံး ၈၇ အရ ရဲတပ်ဖွဲ့ ဖမ်းဆီးလို့ မရနိုင်တဲ့ အတွက် တရားခံပြေး အနေနဲ့ ဆက် လက်ဆောင်ရွက်ဖို့ ကျင့်ထုံး ၈၈ နဲ့ကြေညာပါတယ်။ အများပြည်သူ မည်သူမဆို တွေ့တဲ့နေရာမှာ ဖမ်းဆီးပြီး အုပ်ချုပ်ရေး အဖွဲ့အစည်းတွေထံ ပို့ဆောင်ခွင့်ရသွားပါပြီ။ တရားဥပဒေ စိုးမိုးရေးအတွက် အများပြည်သူက ဝိုင်းဝန်း ဆောင်ရွက် လို့ ရပါပြီ” ဟု ပြောသည်။
တရားရုံး ဆုံးဖြတ်ချက်မှာ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့အပေါ် အမှုနှင့် ပတ်သက်ကြောင်း ခိုင်လုံ သည့်သက်သေ ထွက်ဆိုချက်များ မရှိဘဲ စွဲချက်တင်ခဲ့သည့်အပေါ် ၎င်းတို့၏ရှေ့နေများက မေးခွန်းထုတ်ခဲ့ပြီး စွဲချက် အတွက် နစ်နာရကြောင်း ပြောသည်။
စွဲချက်တင်ခံရသည့် ဇေယျာဖြိုးက “ကျနော့်ကို ဘာမှ မစွပ်စွဲထားဘဲနဲ့ ကျနော်က ဘာကို ဖြေရှင်းရမှာလဲ။ ကျနော့်မှာ ဘာ အပြစ်မှမရှိဘူး။ ဘာ အထောက်အထားမှလည်း မရှိဘူး။ ကျနော့်အကြောင်းကို မီဒီယာတွေသိအောင် စုံစမ်းပေးပါ။ ဟိုဘက် ရှေ့နေတွေပြောတာနဲ့ပဲ လမ်းမဆုံးပါနဲ့။ အားလုံးအချက်အလက်နဲ့ သွားပါ။ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့၊ ဘယ်အချက်နဲ့ ကျနော့်ကိုစွပ်စွဲတာလဲ” ဟု တရားရုံး အထွက်တွင် ပြောသည်။
အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများဘက်မှ ပြန်ခေါ်သက်သေ စုစုပေါင်း ၃၇ ဦးကို ခေါ်ယူထားပြီး လာမည့် ဖေဖော် ဝါရီ ၁၆ ရက် ရုံးချိန်းတွင် သက်သေ ၅ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင် ဒုတိယ တရားသူကြီး ဒေါ်စုစန္ဒာ ဝင်း က ပြောသည်။