ရန်ကုန်မြို့သို့ ခိုးဝင်ရန်ကြိုးစားသည့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအမျိုးသား ၇ ဦးကို ညောင်တုန်း မြို့နယ်၊ ဗိုလ်မြတ်ထွန်း တံတား စစ်ဆေးရေးဂိတ်တွင် မြို့နယ်ရဲတပ်ဖွဲ့က ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့သည်။
ကနဦး စစ်ဆေးချက်အရ ဘင်္ဂါလီ ၇ ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ ဖြစ်ပြီး ၁ ဦးလျှင် ကျပ်ငွေ ၁၆ သိန်းဖြင့် လူပွဲစား မောင်ဟင်းတို့က ဦးဆောင်၍ ရန်ကုန်မြို့သို့ ခေါ်ဆောင်လာစဉ် ရဲတပ်ဖွဲ့က သတင်းအရ ဗိုလ်မြတ်ထွန်းတံတားတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ဘင်္ဂါလီ ၇ ဦးကို လူပွဲစား မောင်ဟင်းက ရန်ကုန်အရောက် တယောက် ၁၆ သိန်းနဲ့ ခေါ်လာတာ။ ဘင်္ဂါလီတွေ နေတဲ့ ခေါင်းတုတ်ကျေးရွာကနေ အမ်းကို လမ်းလျှောက်၊ အမ်းကတဆင့် မင်းတုန်းမြို့ နားက ပုသိမ် – မုံရွာ ကားလမ်းပေါ်ကို လမ်းလျှောက်၊ အဲဒီကနေ ကြုံရာကားစီးလိုက်လာ၊ ကျောင်းကုန်းမြို့နယ် ကံကလေး လမ်းဆုံ ရောက်တော့ နားတယ်။ အဲဒီမှာ ပွဲစားမောင်ဟင်းက ပုသိမ်တက် ကားငှားပြီး ရန်ကုန်တက်ချိန် သတင်း အရ ဗိုလ်မြတ်ထွန်း တံတားမှာ စောင့်ဆိုင်းဖမ်း ဆီးခဲ့တာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။
ဖမ်းဆီးရမိသည့် ဘဂါၤလီ ၇ ဦးတွင် အသက် ၃၀ အရွယ် အမျိုးသားတဦးနှင့် ကျန် ၆ ဦးမှာ အသက် ၁၂ အရွယ် မှ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးများဖြစ်သည်။ ညောင်တုန်းမြို့နယ်၌ တပတ် အတွင်း ဒုတိယအကြိမ် မြောက် ဖမ်းဆီးရမိခြင်းဖြစ်သည်။
“ညောင်တုန်းမြို့နယ်မှာ တရားမဝင်ခိုးဝင်ဘင်္ဂလီတွေကို ဖမ်းမိတာ ဒီလထဲတင် နှစ်ကြိမ်ရှိပါပြီ။ အထူးအားဖြင့် မသင်္ကာ သူတွေ တွေ့မယ်ဆိုရင် ကားသမားတွေအပါအဝင် ပြည်သူတွေက သက်ဆိုင် ရာကို သတင်းပေး ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ်ပေးစေလိုပါတယ်”ဟု ညောင်တုန်း မြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းကလည်း ပြောသည်။
ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၇ ဦး၊ ပွဲစားမောင်ဟင်းနှင့် ကာသမား အောင်နိုင်ဦးတို့အား ညောင်တုန်း မြို့မ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး ဥပဒေရအမှုဖွင့် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ဘင်္ဂလီ ၂၁ ဦးကို သယ်ဆောင်လာသည့် ခြောက်ဘီး ကုန်တင်ကားတစ်စီးကို ညောင်တုန်းမြို့နယ် ဆားမလောက်မြို့ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။