ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် တာဝန်ရှိသူ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေး၍ တချို့ကို အချုပ်ချထားလိုက်ပြီ ဖြစ်ကြောင်း မြန်မာ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။ သို့သော် မည်သူများ မည်မျှ ဖမ်းဆီးထားပြီး မည်သို့ စစ်ဆေးနေကြောင်း အသေးစိတ်ကိုမူ မပြောပါ။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အင်းဒင်ကျေးရွာ၊ ပဲရုံသုဿန်တွင် ဘင်္ဂလီ ၁၀ ဦးကို အင်းဒင်ရွာခံ တချို့နှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များက ရှင်းလင်းသုတ်သင်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ပါဝင်သူများကို အရေးယူသွားမည်ဟု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး အသတ်ခံရသည့် သတင်းကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားခဲ့သူ ရိုက်တာ သတင်းထောက် ၂ ဦး သည် ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံ ရဲစခန်းတွင် အဖမ်းခံရပြီးနောက် တပ်မတော်က အင်းဒင်ဖြစ်စဉ်ကို အမည် မဖော်လိုသူတဦးက သတင်းပေးသည်ဟုဆိုကာ တပ်မတော်က စုံစမ်း စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက် ရှိသည်။
ထိုသို့ တပ်မတော်၏ စုံစမ်းစစ်ဆေးနေဆဲ ရိုက်တာ သတင်းဌာနက “မြန်မာပြည်မှ အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှု” ခေါင်းစဉ်ဖြင့် ဝေးလံခေါင်ဖျားသည့် ကျေးရွာတခုတွင် မြနု်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင် ရွာသားတို့က ရိုဟင်ဂျာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ကြသည်ဟု ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းတပုဒ် ဖော်ပြခဲ့သည်။
ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်နှင့် တပ်မတော်၏ ထုတ်ပြန်ချက်တို့မှာ ကွဲလွဲမှုများ ရှိနေပြီး ယင်းကွဲလွဲချက်များကိုလည်း စိစစ်မှုများ ပြုလုပ်နေကြောင်း၊ အချက်အလက် အမှန်ရရှိမှုပေါ် မူတည်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတရုံးမှ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက “ရိုက်တာကိစ္စကို စုံစမ်း စစ်ဆေးမှု လုပ်နေတယ်လေ။ တပ်က သတင်းထုတ်ထားပြီးသား။ အဲဒါနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်မယ်။ ထိထိရောက်ရောက် အရေးယူမယ်ဆိုတာ အရေးယူမယ်ဆိုတာ Statement ထုတ်ထားပြီးသား။ အင်းဒင် ကိစ္စပေါ့။ အခု လေ့လာကြည့်သလောက် ရိုက်တာနဲ့ ကွဲလွဲနေတာကို တချက်ပဲ ရှိတယ်။ သေတယ်ဆိုတာရော၊ မြေမြုပ်လိုက်တယ်ဆို တာရော သတင်းထုတ်ထားတယ်။ အဲတော့ စစ်တပ်က စုံစမ်း စစ်ဆေးနေပြီ”ဟု ပြောသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလီ ၂၀၀ ခန့်က ဝိုင်းဝန်းတိုက်ခံရသဖြင့် ပြန်လည် တိုက်ခိုက်ရာ ၁၀ ဦး ဖမ်းမိကြောင်း၊ ၎င်းတို့ကို ရဲစခန်းသို့ အပ်နှံရမည် ဖြစ်သော်လည်း တည်ငြိမ်အေးချမ်းမှု မရှိသေး၍ သုဿန်သို့ ခေါ်ဆောင်ပြီး သတ်ဖြတ်ကြောင်း ဆိုသော်လည်း ရိုက်တာ သတင်းတွင်မူ ကမ်းခြေအနီးတွင် ခိုလှုံနေသည့် အရပ်သား ၁၀ ဦး ကို ဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီကိစ္စတွေက စုံစမ်းစစ်ဆေးဆဲပဲ။ အရာရှိ တော်တော်များများကို ဖမ်းဆီးထိန်းသိမ်းပြီးတော့ စစ်နေတယ်။ တချို့တွေကို အချုပ်ထဲမှာ ထည့်ထားတယ်။ စစ်နေတယ်။ ရိုက်တာ ရေးသားချက်နဲ့ ပတ်သက်ပြီး ကျနော်တို့လည်း ပြောလိုက်တယ်။ အစိုးရက ချိုးဖောက်မှုတွေ မရှိဘူးဆိုရင် ငြင်းနေတာ မဟုတ်ဘူး။ ခိုင်မာတဲ့ အချက်အလက်ပေးလို့ အမှုပေါ်ပေါက်ရင် အရေးယူမယ်ဆိုတာ ဥပဒေနဲ့အညီပေါ့။ နိုင်ငံတကာမှာလည်း ဒီအတိုင်းပဲ”ဟု ဦးဇော်ဌေးက ပြောသည်။
မနေ့က ထုတ်ပြန်သော ရိုက်တာ၏ သတင်းထဲတွင် ယင်းဒေသတွင် လုံခြုံရေး တာဝန်ကျ တပ်မတော် ခြေလျှင်တပ်ရင်း ၃၃၊ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲနှင့် ဒေသခံ ရွာသားတချို့ ပူးပေါင်းပါဝင်ခဲ့သော အဆိုပါ သတ်ဖြတ်မှုကို အစိုးရက တရားစွဲဆိုမည် မဟုတ်ဘဲ ၎င်းတို့ မရေးခင်ကတည်းက တပ်မတော်က သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်မှာ မှန်ကန်ကြောင်း လက်ခံပြီး ဖြစ်ကြောင်း သမ္မတရုံးက ပြောသော်လည်း မည်သို့ စစ်ဆေးနေကြောင်းနှင့် မည်သို့တို့ကို စစ်ဆေးနေကြောင်း အသေးစိတ် မပြောပါ။
“အင်းဒင်ဖြစ်စဉ်နဲ့ ရိုက်တာ ကိစ္စကို တပ်မတော်ရော၊ ရဲတပ်ဖွဲ့ကရော စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်။ အဲတော့ ရိုက်တာ သတင်းထောက်ကိစ္စမှာ ပါတဲ့သူတွေကိုလည်း စစ်ဆေးနေတယ်။ ရဲအချုပ်ထဲမှာ ထည့်ထားတယ်လို့ သိရတယ်။ စုံစမ်းစစ်ဆေးဆဲ ကိစ္စတွေပါ”ဟု ဦးဇော်ဌေးက ပြောသည်။
ဧရာဝတီက စုံစမ်းသိရှိရသမျှ အစောပိုင်းတွင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ အင်းဒင်ရွာမှ ကျောင်းဆရာ ၆ ဦး နှင့် ရွာသား ၃ ဦး ပေါင်း ၉ ဦးကို ခေါ်ယူမေးမြန်းရာတွင် ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွင် အင်းဒင်ရွာ လူသတ်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆပြီး ဦးမောင်နီ၏ သား အသက် ၃၀ အရွယ် ကျောင်းဆရာ ကိုထွန်းအေးကို ဖမ်းဆီးပြီး ယခုအခါ တရားစွဲထားကြောင်း သိရသည်။
ရိုက်တာ သတင်းပါ ဦးမောင်နီ၏ သား နောက်တဦးဖြစ်သူ အင်းဒင်ရွာ လူသတ်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် ရွာခံတဦးနှင့် အမည်မသိ ရွာခံ နောက်တဦးမှာ ထွက်ပြေးပုန်းရှောင်လျှက် ရှိကြောင်းလည်း သိရပြီး အစောပိုင်း ခေါ်ယူမေးမြန်းရာတွင် မပါဟု ယူဆခံရသော ကျောင်းဆရာများနှင့် ရွာခံကို ပြန်လည်လွှတ်လိုက်ကြောင်း သိရသည်။
Reuters သတင်းထောက် ၂ ဦး ဖမ်းဆီးခံရပြီး ရက်အတန်ကြာတွင် မောင်တောမြို့နယ်မှ အင်းဒင်ကျေးရွာအနီး အလောင်းများ မြှုပ်နှံထားသည်ကို တွေ့ရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းက ဦးဆောင်သော စစ်ဘက် စုံစမ်းစစ်ဆေးရေးကိုလည်း လုပ်ဆောင်ကြောင်း ကြေညာသည်။
သို့သော် တပ်မတော်က စုံစမ်းစစ်ဆေးမှု၏ အပြီးသတ် အစီရင်ခံစာကို တရားဝင် မထုတ်ပြန်သေးခင် ရိုက်တာ၏ အင်းဒင်ရွာ လူသတ်မှု စုံစမ်းဖော်ထုတ်ချက် သတင်း အသေးစိတ်ကို သတင်းရင်းမြစ် အချို့၏ အမည်များနှင့်တကွ ထုတ်ပြန်ခဲ့သည်။
ရိုက်တာ၏ သတင်းရင်းမြစ်များထဲတွင် ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်ဒေသခံများအပြင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရသည်။
ရိုက်တာ သတင်းထောက် ၂ ဦး အဖမ်းခံရစဉ်က လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် အရေးယူခံထားရသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ တရားရုံးထုတ်ရာတွင် တရားလိုပြသက်သေအဖြစ် ပါဝင်လာသည်။ သို့သော် အမှုစွဲချက်မှာ အင်းဒင်ရွာ လူသတ်မှုနှင့် မဆက်စပ်ဘဲ နိုင်ငံတော် လုံခြုံရေးနှင့် ဆက်စပ်သော တပ်ဖွဲ့များ တည်ရှိရာပြ မြေပုံကို ရယူမှုနှင့် ဆက်စပ်ကြောင်း တရားရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။
နေပြည်တော်ရှိ အာဏာပိုင်များအနေဖြင့် ရိုက်တာ၏ အင်းဒင်ရွာ လူ အစုလိုက် သတ်ဖြတ် မြှုပ်နှံမှုကို ဝန်ခံသော်လည်း AP သတင်းဌာန၏ နောက်ထပ် အစုလိုက် သတ်ဖြတ် မြှုပ်နှံမှု ၅ နေရာရှိကြောင်း သတင်းရေးသားခြင်းကိုမူ မဟုတ်ကြောင်း ငြင်းဆိုသည်။