ဆေးယဉ်ပါးတီဘီရောဂါ အန္တရာယ်များနှင့် ပတ်သက်၍ အမျိုးသားအဆင့် လူထုလှုံ့ဆော် လှုပ်ရှားမှု အစီ အစဉ်ကို နိုင်ငံအနှံ့ ပြုလုပ်မည်ဟု ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ယမန်နေ့က ပြုလုပ်သည့် အသိပေး မိတ်ဆက်ပွဲတွင် အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း မန်နေဂျာ ဒေါက်တာစည်သူအောင်က ပြောသည်။
“ပြည်သူလူထုအနေနဲ့ တီဘီရောဂါနဲ့ ဆေးယဉ်ပါးတီဘီရောဂါနဲ့ ပတ်သက်ပြီး အလေ့အကျင့် အမူ အကျင့် တွေ ကို တိုးတက်ပြောင်းလဲဖို့ အသိပညာပေးတဲ့ Advocacy လှုပ်ရှားမှု တခုဖြစ်ပါတယ်။ ကျနော်တို့ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းတခုတည်းက ဆောင်ရွက်သွား လို့မရပါ ဘူး။ အားလုံးပြည်သူလူထုတွေပါ သက်ဆိုင်ပါတယ်။ National Concern Diseases ဖြစ်တဲ့အတွက် အားလုံးနဲ့ သက်ဆိုင်ပြီး ပူးပေါင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ် ”ဟု ၎င်းကဆိုသည်။
အဆိုပါ လူထုလှုံ့ဆော် လှုပ်ရှားမှုအရ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ် ၁၀ မြို့နယ်ရှိ ရုပ်ရှင်ရုံ ၂၂ ရုံတွင် လည်း ကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး အခမဲ့ရုပ်သံလိုင်းများတွင်လည်းကောင်း ရုပ်သံကြော်ငြာများ ပြသခြင်း ၊ ရေဒီယိုလိုင်းများမှ တဆင့် အသံလွှင့်ကြေညာခြင်း၊ ဆိုင်းဘုတ်ပေါင်း ၃၀၀ စိုက်ထူခြင်း၊ ပိုစတာ ၃၀၀၀၀ နှင့် လက်ကမ်းကြော်ငြာရွက်ရေ ၁၅၀၀၀၀ ဖြန့်ဝေခြင်း၊ ဆေးယဉ် ပါးတီဘီ ဝေဒနာရှင်များ၏ ဖြစ်ရပ်မှန် ကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၆ ခုနှစ် တီဘီဖြစ်ပွားမှု ရလဒ်များအပေါ် သုံးသပ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထား သည့် ကမ္ဘာပေါ်တွင် တီဘီရောဂါအဖြစ်အများဆုံးနှင့် တီဘီအိတ်ချ်အိုင်ဗွီရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံပေါင်း ၃၀ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေသဖြင့် အမျိုးသားကျန်းမာရေး စီမံကိန်းတွင် ဦးစားပေးတိုက်ဖျက်ရေးရောဂါ အဖြစ်သတ်မှှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း ဆိုသည်။
“ရန်ကုန်တိုင်းက အခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ ယှဉ်ရင် ပိုများတာ တွေ့ရတယ်။ လေထဲကနေ ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တေ်ာတို့လို အများပြည်သူသယ်ယူပို့ဆောင် ရေး စနစ်တွေ ထွန်းကားတဲ့ YBS လို ကျပ်တည်းတဲ့၊ ရထားဆိုလည်း ကျပ်တဲ့ အနေအထားမျိုးမှာ ကျပ်ကျပ်တည်းတည်း ခရီးသွားရတဲ့ အတွက်ကြောင့် ကူးစက်နေရတာဖြစ်ပြီး Mask တွေ ဘာတွေ တပ်ပြီးသွားမယ်ဆိုရင် အထိုက်အလျောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါဆိုင်ရာ အချက်အလက်များကို သီးသန့်ထုတ်ပြန်သည့် tbfact.org website တွင် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားသူ ၁၉၁,၀၀၀ ခန့် ရှိပြီး ဖြစ်ပွားမှုအများဆုံး နိုင်ငံပေါင်း ၂၀ စာရင်းတွင် ရောက်ရှိနေကြောင်း ဖော်ပြထားသည်။
လူနေသိပ်သည်းသည့် ရန်ကုန်တိုင်းဒေသကြီးသည် တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင် ၃၂၇၇၇ ဦး ဖြစ်ပွားလျက်ရှိပြီး တနိုင်ငံလုံး၏ ၂၃ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် တီဘီရောဂါဆိုင်ရာ ဗဟုသုတနှင့် သဘောထားများကို ဖော်ထုတ်သည့် စိစစ်မှု တစ်ခုပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များအရ အသိပညာအားနည်းခြင်း၊ တီဘီရောဂါ ဆိုင်ရာ ဗဟုသုတနှင့် ခံယူချက်များ၊ အလေ့အထများ အားနည်းမှု ရှိနေပြီး ဝေဒနာသည်များကို ခွဲခြားနှိမ်ချခြင်းကြောင့် စောင့်ရှောက်မှုနှင့် ကုသမှုကို ပြီးဆုံးအောင် မခံယူနိုင်ကြကြောင်း သိရသည်။
ဆေးယဉ်ပါး တီဘီရောဂါ ဆိုသည်မှာ ရောဂါ ဖြစ်ခဲ့ဖူးပြီးနောက် တဖန်ပြန်လည်ဖြစ်ပွားသူ၊ ညွှန်ကြား ထားသော တီဘီရောဂါ ဆေးဝါးများကို မှန်ကန်တိကျစွာ မသောက်သူ၊ ဆေးယဉ်ပါး တီဘီ အဖြစ်များ သော ဒေသများတွင် နေထိုင်သူသို့မဟုတ် ဆေးယဉ်ပါးတီဘီရောဂါ ရှိသူနှင့် အတူနေထိုင်ခဲ့ဖူးသူ အများစုတွင် ရောဂါ ဖြစ်ပွားတတ် ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည့် ၂၀၁၆ ခုနှစ် ရလဒ်များအရ တကမ္ဘာလုံး တွင် လူဦးရေ ၁၀ သန်းကျော် တီဘီရောဂါ ခံစားနေရပြီး သေဆုံးသူ ၁ဒသမ၇ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။
အမျိုးသားအဆင့် ဆေးယဉ်ပါးမှုတီဘီရောဂါဆိုင်ရာ လူထု လှုံဆော်လှုပ်ရှားမှုလုပ်ငန်းနှင့် ပတ်သက် ပြီး နည်းပညာဆိုင်ရာနှင့် ရန်ပုံငွေကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် (FHI 360) အဖွဲ့မှ ဆောင်ရွက် လျက်ရှိသည့် USAID TB စီမံချက်မှ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
FHI 360 သည် ၁၉၇၁ ခုနှစ်တွင် စတင်ထည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် အခြေစိုက်ကာ ပညာရေး၊ ကျန်းမာရေး၊ အာဟာရ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်လူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်၊ ကျား၊ မ၊ လူငယ်ရေးရာ စသည့် ဘက်ပေါင်းစုံနှင့် ပါတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်နေသော အကျိုးအမြတ်မယူသော အဖွဲ့အစည်း တခုဖြစ်သည်။