အစိုးရအနေဖြင့် ရှမ်းပြည်နယ်နေ့ဟု ခေါ်ဝေါ်သုံးစွဲနေခြင်းအစား “ရှမ်းအမျိုးသားနေ့”ဟု တရားဝင် ပြောင်းလဲ ခေါ်ဆိုပေးရန် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) က တိုက်တွန်း ပြောဆိုလိုက်သည်။
RCSS မှ အတွင်းရေးမှူး-၃ ဗိုလ်မှူးကြီး စိုင်းငင်းက “ သမိုင်းကြောင်းအရ ပြောရမယ်ဆိုရင် ပင်လုံ စာချုပ် ချုပ်ဆိုတဲ့နေ့ကို အစွဲပြုပြီးတော့ ပြည်ထောင်စုနေ့လို့ ခေါ်တာကို။ ထပ်ပြီး ကြည့်လိုက်မယ် ဆိုရင် ပင်လုံစာချုပ် ဖြစ်ပေါ်ဖို့က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျင်းပတဲ့ ရှမ်းအမျိုးသားနေ့ကနေ စတင်ပြီးတော့ မြစ်ဖျားခံလာတာကိုး။ ဒါကြောင့် အစိုးရဘက်ကနေပြီးတော့ ရှမ်းအမျိုးသားနေ့လို့ တရားဝင် ခေါ်ဝေါ် စေချင်ပါတယ်။ တရားဝင်ပေါ့နော်”ဟု ပြောသည်။
၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့သည် ရှမ်းတိုင်းရင်းသားများအနေဖြင့် တခြားသော တောင်တန်း ဒေသ တိုင်းရင်းသားများဖြစ်သည့် ချင်း၊ ကချင်တို့နှင့် အတူ ပြည်နယ်၊ ပြည်မ အတူတကွ လွတ်လပ် ရေး ရယူမည် ဟု ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့သော နေ့တနေ့ဖြစ်သကဲ့သို့ ရှမ်းစော်ဘွားများနှင့် ပြည်သူ လူထုအကြား သွေးစည်းညီညွတ်မှု ရခဲ့သလို၊ ထိုနေ့မှာပင် ရှမ်းအမျိုးသား သီချင်းနှင့် ရှမ်းအမျိုးသား အလံကို သတ်မှတ်နိုင် ခဲ့သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၇ရက်နေ့က ကျရောက်သည့် (၇၁)နှစ်မြောက် ရှမ်းအမျိုးသားနေ့သို့ သမ္မတ ဦးထင်ကျော် ပေးပို့သည့် သဝဏ်လွှာတွင် ရှမ်းပြည်နယ်နေ့ဟု ခေါ်ဝေါ်သုံးနှုန်းထားပြီး၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားများအနေဖြင့် တောင်တန်းဒေသ တိုင်းရင်းသားများ ဖြစ်ကြသည့် ချင်း၊ ကချင်တို့နှင့်အတူ ပြည်နယ်များအနေနှင့် ပြည်မနှင့်အတူတကွ လွတ်လပ်ရေး ရယူမည် ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ကြကြောင်း၊ သမိုင်းကြောင်းအရ ရှမ်းပြည်နယ်နေ့ ဆိုသည်မှာ တိုင်းရင်းသား အားလုံး၊ မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်သည့် နေ့ထူး နေ့မြတ်တခု ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ရှမ်းအမျိုးသားနေ့ သို့မဟုတ် ရှမ်းပြည် အမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်အနေဖြင့် အစိုးရဘက်မှ သတ်မှတ်ပေးသင့်ကြောင်း၊ ထိုသို့ သတ်မှတ်ပေးခြင်းဖြစ် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်ဆိုသော တောင်းဆိုနေခြင်းကို အကောင်အထည်ဖော်ပေးရာ ရောက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ရှင်းပြသည်။
နှစ်စဉ်နှစ်တိုင်း ရှမ်းအမျိုးသားနေ့ကို RCSS က လွယ်တိုင်းလျန်းဌာနချုပ်တွင် ကျင်းပသကဲ့သို့ ရှမ်းတိုင်း ရင်းသား ညီအစ်ကို မောင်နှမများကလည်း တခြားသော ဒေသများမှာ ကျင်းပခဲ့ကြသည်။
လက်ရှိတွင် ရှမ်းတိုင်းရင်းသားများအကြား ဖေဖော်ဝါရီ ၇ ရက်နေ့အား ရှမ်းအမျိုးသားနေ့ ဟု သတ် မှတ် ခေါ်ဝေါ် ကျင်းပရမည်လား သို့မဟုတ် ရှမ်းပြည် အမျိုးသားနေ့ အဖြစ် ခေါ်ဝေါ် ကျင်းပရမည် လား သို့မဟုတ် ရှမ်းပြည်နယ်နေ့အဖြစ် ခေါ်ဝေါ် ကျင်းပရမည်လားဆိုသည့်အပေါ် ဆွေးနွေမှုများ ရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်းက“ရှမ်းအမျိုးသားနေ့လို ခေါ်ဝေါ်စေချင်ပါတယ်။ အခု ကျနော်တို့ရဲ့ ရှမ်းအခေါ်အဝေါ်ကနေ ဘာသာပြန်လို့ ရှိရင်လည်း ဒီလိုပဲ ပေါက်ပါတယ်။ အခေါ်အဝေါ် ထက်ပိုပြီး အဓိကကျတာကတော့ စိတ်ရင်း စေတနာ မှန် ရှိဖို့လိုပါတယ်”ဟု ပြောသည်။