ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အင်းဒင်ရွာသား ၆ ဦး စုစုပေါင်း ၁၆ ဦးကို အရေးယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတရုံး၏ ညွှန်ချုပ် ဦးဇော်ဌေးက “အခု စုံစမ်းစစ်ဆေးမှု ပြီးသွားတဲ့အချိန်မှာ ပါဝင်ပတ်သက်သူ တွေကို တပ်မတော်က အရာရှိ ၄ ဦးပါတယ်၊ စစ်သည် ၃ ဦးပါတယ်၊ စုစုပေါင်း တပ်မတော်က ၇ ဦး ပါတယ်၊ ရဲတပ်ဖွဲ့က ၃ ဦးပါတယ်။ ပတ်သက်မှု ရှိတဲ့ ရွာသား ၆ ဦးပါ တယ်။ အားလုံး ၁၆ ယောက် ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်လို့ သိရတယ်။ ဒီဖြစ်စဉ် ပေါ်ပေါက် သွားတယ်ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အင်းဒင်ကျေးရွာ၊ ပဲရုံသုဿန်တွင် ဘင်္ဂါလီ ၁၀ ဦးကို အင်းဒင်ရွာခံ တချို့နှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များက ရှင်းလင်းသုတ်သင်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ပါဝင် သူများကို အရေးယူသွားမည်ဟု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော်က သတင်း ထုတ် ပြန်ခဲ့ပြီး ဖြစ်သည်။
တပ်မတော်က အရာရှိ ၄ ဦး၊ အခြားအဆင့် ၃ ဦး ၇ ဦးကို တပ်မတော်က သက်သေခံ အကျဉ်းချုပ်နှင့် အရေးယူလိုက် ကြောင်း၊ သက်သေခံ အကျဉ်းချုပ်ဆိုသည်မှာ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့လိုက်ပြီး ဖွဲ့ပြီးသည့်အပေါ်မှာ ပေါ်ပေါက်သဖြင့် ၎င်းတို့ကို သက်/ချုပ်ယူ အ ရေးယူခြင်း ဖြစ်ကြောင်း၊ အခြား ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ရွာသား ၆ ယောက် ကိုမူ နယ်ဘက် ဥပဒေနှင့် အရေးယူရန် သမ္မတရုံးက ပြည်ထဲရေး ဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း သိရသည်။
“ရဲမှာလည်း ရဲစည်းကမ်း ဥပဒေဆိုတာ ရှိတယ်။ ကျန်တဲ့ လူသတ်မှုတို့နဲ့ ပတ်သက်ရင်တော့ အရပ် ဘက်တရားရုံးကို ရောက်မှာပေါ့နော်။ တပ်မတော်ကျတော့ စစ်ဘက် ဥပဒေရော၊ နယ်ဘက် ဥပဒေရော ၂ ခုလုံးကို လိုက်နာရတယ်။ မုဒိမ်းမှုတို့၊ လူသတ်မှုတို့ဆိုရင် စစ်ဘက် ဥပဒေရော၊ နယ်ဘက် ဥပဒေ ရော အရေးယူတာကို တွေ့ရတယ်။ ကျူးလွန် တဲ့အပေါ်မှာ မူတည်ပြီးတော့ အတိုင်းအဆက ကွာ တယ်”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ထို့ကြောင့် အမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများကိုမူ အရပ်ဘက် တရားရုံးတွင် စီရင်မည် ဖြစ်သော် လည်း တပ်မတော်သားများကိုမူ မည်သို့ စီရင်မည်ဆိုသည်မှာ မရှင်းလင်းသေးပေ။
မြန်မာ့သတင်းပညာ သိပ္ပံ ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက“သူတို့ဟာ စစ်ဘက် အမှုထမ်းတွေ ဖြစ်ပေ မယ့် နောက်ဆုံးမှာ နိုင်ငံသားတွေ အကုန်လုံး စစ်ဆေးရတဲ့ နိုင်ငံသားတွေနဲ့ အကျုံးဝင်တဲ့ အရပ်ဖက် တရားရုံးတွေမှာပဲ စစ်ဆေးတာတွေ လုပ်ရမှာပဲ။ အဲဒီလူတွေ လွှဲပြောင်းပေးရမှာပဲ။ ဒီကိစ္စက နက်နဲမှု ရှိတယ်။ ဆက်နွယ်မှုတွေ ရှိတယ်။ လူမျိုးရေး၊ ဘာသာ ရေးအရ လုပ်သွားတာတွေ ရှိတယ်။ အဲဒါ ကြောင့် သေချာပေါ်ပေါက်အောင် စစ်ဖို့ အရပ်ဘက်တရားရုံးတွေမှာ စစ်သင့် တယ်”ဟု ပြောသည်။
အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး အသတ်ခံရသည့် သတင်းကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားခဲ့သူ Reuters သတင်း ထောက် ၂ ဦး သည် ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံ ရဲစခန်းတွင် အဖမ်းခံရပြီးနောက် တပ်မတော်က အင်းဒင်ဖြစ်စဉ်ကို အမည်မဖော်လိုသူတဦးက သတင်းပေးသည်ဟု ဆိုကာ တပ်မတော်က စုံစမ်း စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ တပ်မတော်၏ စုံစမ်းစစ်ဆေးနေဆဲ Reuters သတင်းဌာနက “မြန်မာပြည်မှ အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှု” ခေါင်းစဉ် ဖြင့် ဝေးလံခေါင်ဖျားသည့် ကျေးရွာတခုတွင် မြနု်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင် ရွာသားတို့က ရိုဟင်ဂျာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ကြသည်ဟု ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းတပုဒ် ဖော်ပြခဲ့သည်။
ယင်းသတင်းဖော်ပြချက်ကြောင့် မြန်မာ့ သတင်းမီဒီယာ အသိုင်းအဝိုင်းတွင် ဝေဖန်မှုများစွာ ဖြစ်ပေါ် စေခဲ့ပြီး ယင်းသတင်း ဖော်ပြချက် နောက်ပိုင်းတွင် ပါဝင်ပတ်သက်သူများကို မည်ကဲ့သို့ အရေးယူ နေကြောင်း အစိုးရက ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာရသည်။
ယခင် ဟိန္ဒူများ အသတ်ခံရခြင်း၊ မြိုများ အသတ်ခံရစဉ်ကမူ နိုင်ငံတကာ သတင်းများက ရခိုင်အရေး ကို ယခု အင်းဒင် ကိစ္စလောက် အလေးပေးခဲ့ခြင်း မရှိကြောင်း၊ ပြည်ပ မီဒီယာများ၏ အမြင်တွင် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများသည် မြန်မာ ပြည်တွင် ဖိနှိပ်ခံနေရသည် ဆိုသည့် အမြင်ရှိနေကြောင်း မြန်မာ့ သတင်းပညာ သိပ္ပံမှ ဦးစိန်ဝင်း က ပြောသည်။
“ရိုက်တာရဲ့ ရေးသားချက်တွေဟာ ပုံမှန်အားဖြင့်တော့ လွတ်လပ်ပြီး အမှီအခို ကင်းပါတယ်။ အာဂျင်တာဆိုတာထက် ပါစပတ်တစ်က မြန်မာပြည်မှာ ရိုဟင်ဂျာတွေဟာ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ အယူအဆက ရှိနေတယ်။ အဲဒီအခါကျတော့ သတင်း Angle ကို ယူတဲ့အခါမှာ အစိုးရက ဘာတွေ လုပ်လဲ။ တပ်မတော်က ဘာတွေ လုပ်လဲ စသဖြင့် အဲဒီအပေါ်မှာ စလေ့ရှိတယ်”ဟု ဦးစိန်ဝင်းက သုံးသပ်သည်။
ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးကမူ အင်းဒင် အမှုဖြစ်စဉ်နှင့် Reuters သတင်းထောက် များ အဖမ်းခံ ရခြင်း တို့မှာ စဉ်းစားစရာ၊ ပြောစရာများစွာ ရှိနေပြီး အမှန်အတိုင်းဖြစ်အောင် ရှင်းပေး သင့်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတခု တည် ဆောက်ရာတွင် သတင်းလွတ်လပ်ခွင့်၊ ရပိုင်ခွင့် ပိုရှိရမည့် အနေအထားတွင် ယခုကိစ္စကြောင့် သွားချင်သည့် လမ်းခရီးကို အနှောက်အယှက်များ ဖြစ်စေကြောင်း ပြောသည်။
“တဖက်နဲ့ တဖက် Right to Information နဲ့ ပတ်သက်ပြီး တွေးခေါ်မျှော်မြင်မှုတွေကိုလည်း အနှောက်အယှက် ဖြစ်စေတယ်။ ကျနော်တို့က လက်ရှိ အစိုးရသစ်နဲ့ လက်ရှိ လွှတ်တော်သစ်ကို ဒီလိုမျိုး အခွင့်အရေးတွေ ပိုများလာအောင် သတင်း ရပိုင်ခွင့်တွေ အကာအကွယ်ရှိလာအောင် ပိုပြီးရလာအောင် ကြိုးစားနေတဲ့အချိန် ဒီဖြစ်စဉ်တွေကြောင့် လုံခြုံရေးဆိုတဲ့ အယူအဆက ကြီးလာပြီး နှောက်ယှက်ခံရသလို ဖြစ်နေတယ်”ဟု ၎င်းက သုံးသပ်သည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၅ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့ကြား ဖြစ်ခဲ့သည့် ကိစ္စများတွင် ဟိန္ဒူများ အသတ်ခံရခြင်း၊ မြိုတိုင်းရင်းသားများ အသတ်ခံရခြင်းကို စုံစမ်းစစ်ဆေးမှု လုပ်ဖော်ထုတ်ကြခြင်းမျိုး မရှိကြောင်း၊ သို့သော် တချို့ကိစ္စများတွင်မူ အသည်းအသန်လိုက်၍ ဖော်ထုတ်ခြင်းမျိုး ရှိနေ၍ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း သမ္မတရုံးမှ ဦးဇော်ဌေးက ပြောသည်။
“မီဒီယာ အားလုံးကိုတော့ မဆိုလိုဘူး။ သို့သော် တချို့ကျတော့ ဒီလိုကိစ္စမျိုးကို ကျတော့ အသည်း အသန် စုံစမ်းရှာဖွေ ဖော်ထုတ်ပြီးတော့ ရေးသားတယ်။ ဒါပေမယ့် တချို့အပိုင်းတွေကျတော့ တကယ် လည်း ဖြစ်ခဲ့တယ်။ မှန်လည်းမှန်တယ်။ အဲဒီကိစ္စတွေကျတော့ အလေးထား ရေးသားတာ မရှိဘူး။ အဲတော့ အာဂျင်တာ ဆက်တင်တွေ ပါနေသလားဆိုတဲ့ အမြင် လည်း လူထုကြားမှာ ဖြစ်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။
Media Access ဟု ဆိုရာတွင် လွပ်လပ်ခြင်း၊ မျှတခြင်း၊ အမှီအခို ကင်းရမည် ဖြစ်သော်လည်း တချို့ မှာ ၎င်းတို့ လိုချင်သည့် ကိစ္စကိုသာ ဆွဲ၍ ရေးသားခြင်းမျိုး ဖြစ်လာကြောင်း၊ နိုင်ငံတကာ မီဒီယာများ သည် ရခိုင်အရေးကို ပုံဖော်ရာတွင် ၎င်းတို့ လိုချင်သည့်ဘက်မှ အစီအစဉ်ရှိရှိ ပုံဖော်နေသည်ဆိုသော အမြင် လူထုကြားတွင် အမြင်ရှိနေကြောင်းလည်း သမ္မတရုံးက ပြောသည်။
Reuters ၏ ရေးသားချက်များတွင် ဘာသာရေး လူမျိုးရေး ခွဲခြားသည့် ကိစ္စပါ် ဝေဖန်ချက်များ ရှိ နေရာ ယခု ရေးသားချက် မှာ လူ့အဖွဲ့အစည်း ၂ ခုကြား အမည်တခုတည်းကြောင့် မဟုတ်ဘဲ ကိုးကွယ် သည့် ဘာသာကြောင့်ပါ ပဋိပက္ခများ ဖြစ်နေ သည်ကို ပြသချင်၍ ဗုဒ္ဓဘာသာဝင်များဟု သုံးသည် ထင်ကြောင်း၊ သို့သော် နောက်ဆုံးတွင် ယခုအမှုကို ဖော်ချင်သူမှာ ဗုဒ္ဓဘာသာ ရခိုင် များကိုယ်တိုင် ဖော်ပေးခြင်းကို ပေါ်လွင်အောင် ပြသသွားကြောင်း သတင်းပညာ သိပ္ပံမှ ဦးစိန်ဝင်းက ပြောသည်။
“နောက်ဆုံး ကုတ်ဆိုရင် အားကောင်းတယ်။ ဒါမျိုးဘာကြောင့် ဖော်ထုတ်တာလဲ ဆိုရင် နောင်ကို မဖြစ်စေချင်တာ။ ဒီလူတွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ တဖက်မှာ အစ္စလာမ်နဲ့ ပဋိပက္ခ ဖြစ်ပေ မယ့်လည်း အခုဟာတွေကို လက်မခံနိုင် ဘူးဆိုတာကို ဒီစတိုရီက ပြသွားတာ။ ရိုဟင်ဂျာတွေကို မကြိုက်ပေမယ့် ဒီလို လူမဆန်တဲ့ကိစ္စတွေကိုတော့ လက်မခံနိုင်ဘူး ဆိုတာ ပြသွားတာပဲ”ဟု ၎င်းက သုံးသပ်ခဲ့သည်။